သူခိုးကြမ်းပိုးများနဲ့ လွိုင်ကော်မြို့

သူခိုးကြမ်းပိုးများနဲ့ လွိုင်ကော်မြို့

လွိုင်ကော်မြို့မှာ တရားဥပဒေလွှမ်းမိုးမှု၊ အရေးယူဆောင်ရွက်မှုတွေ အားနည်းလာတာနဲ့အမျှ သူခိုးကြမ်းပိုးတွေဟာ အတင့်ရဲလာကြပါတယ်။ လွိုင်ကော်မြို့မှာ ၂၀၂၂ခုနှစ် ဇန်နဝါရီလတုန်းက မိုင်းလုံး၊ ပန်ကန်း၊ ဒေါဆန်းဘွန်း၊ ဒေါဥခူဖက်တစ်ကြောမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံတွေဟာ စစ်ရှောင်ခဲ့ရပါတယ်။

နှစ်လပိုင်းမှာတော့ တိုက်ပွဲအနည်းငယ်ငြိမ်သက်ပြီးနောက် မိမိနေအိမ် ပြန်လာတဲ့သူရှိသလို ယနေ့အထိ ပြန်မနေတဲ့သူလည်းရှိပါသေးတယ်။ လူမနေတဲ့အိမ်ဆိုရင် သော့ဖျက်ပြီး ဝင်ရောက်ခိုးမှုတွေကြောင့် ယနေ့တိုင် ပစ္စည်းပျောက်ဆုံးမှုက ရှိနေဆဲပဲလို့ ဒေသခံတွေက ပြောကြပါတယ်။

“မြောင်းဖုံးထားတဲ့ သံတွေကစပြီး လူနည်းနည်းရှင်းတဲ့ ခြံစည်းရိုးကာထားတဲ့ သံဆူးကြိုးတွေကအစ ခိုးသွားကြတယ်ဗျာ။ ဟိုက်ဂျက်ကားနဲ့ လိုက်ဖြုတ်တယ်လို့ တွေ့တဲ့သူတွေပြောတယ်။ အချို့ဆို အိမ်ဆောက်မို့ ထောင်ထားတဲ့ သံချောင်းကြီးပါ ဖြုတ်သွားတယ်ပြောတာပဲ” လို့ လွိုင်ကော်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ခြံဝန်းထဲ ဆိုင်ကယ် ခိုးယူကြတဲ့အဆင့်ထိ အတင့်ရဲလာကြတယ်လို့ ဆိုပါတယ်။ ပျောက်ဆုံးတဲ့ဆိုင်ကယ် အများစုမှာထိုင်းဘီးအမျိုးအစားဖြစ်ပြီး လူတွေအပန်းဖြေအနားယူစရာနေရာတွေဖြစ်တဲ့ နောင်ယားကန်၊ ထေးငှားလျားကန် အနီးမှာ ပျောက်ဆုံးမှုအများဆုံးဖြစ်ပါတယ်။

” ဆိုင်ကယ်ခိုးဘီးတွေအများကြီးပဲ။ ဝယ်တဲ့သူတွေလည်းရှိတာပဲ။ နံပါတ်တွေပါ ဖျက်ထားတာ ။ သေချာကြည့်ရင်ခိုးဘီးက သိသာကြီးပါ ။ ဆိုင်ကယ်ပျောက်ရင် ရဲစခန်းတိုင်လည်းမထူးဘူး။ ပွဲစားနားလိုက်မေးတာ ပိုသေချာမလားပဲ” လို့ ဆိုင်ကယ် ပွဲစားတစ်ဦးက ပြောပါတယ်။

အထွေထွေကြပ်တည်းမှုတွေကြောင့် တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်ရ ခက်ခဲနေတဲ့ကြားက သူခိုးရန်ကြောင့် စိုးရိမ်ပူပန်မှုကတစ်ပိုင်း၊ ဖုန်းလုယက်ခံရတဲ့ သတင်းတွေကြောင့် အပြင်ထွက်ဖို့တောင် စဉ်းစားနေရတယ်လို့ လွိုင်ကော်မြို့ခံတစ်ဦးက ဆိုပါတယ်။

“ဖုန်းခဏ ပေးဆက်ဦးဆိုပြီး လုပြေးသွားတယ်လို့ ကြားတယ်။ သေချာမသိပေမယ့် စိတ်ပျက်စရာကြီး ။ အရင်က ဒါမျိုး လွိုင်ကော်မှာမရှိဘူး။ စစ်ဆေးခံရတာက တစ်မျိုး။ သူခိုးကြမ်းပိုးတွေက တစ်မျိုးနဲ့ နေရတာလည်း ဒုက္ခများချက်ပဲ” လို့ လွိုင်ကော်မြို့ခံတစ်ဦးက လက်ရှိကြုံတွေ့နေရတာတွေကို ပြောပါတယ်။

တရားဥပဒေစိုးမိုးမှုဆောင်ရွက်နေကြတဲ့ ရဲဝန်ထမ်းတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း CDM အများအပြားပြုလုပ်ခဲ့တဲ့အတွက်ကြောင့် လက်ရှိစစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းတွေကလည်း ဥပဒေစိုးမိုးရေးဆောင်ရွက်မှုအပိုင်းမှာ အားနည်းတယ်လို့ ပြောကြပါတယ်။

ဇူလိုင်လတတိယပတ်အတွင်းမှာလည်း မိုင်းလုံးရပ်ကွက်က နေအိမ်တစ်အိမ်မှာ လူမရှိတဲ့အချိန် ဖောက်ထွင်းခံရပြီး ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ရေမော်တာတစ်လုံး၊ လေအေးပေးစက်၊ ကလေးစီးကားအကြီးတစ်စီး၊ ဆိုင်ကယ်တစ်စီးနဲ့ ဆန်အိတ်တွေကို ခိုးယူခံခဲ့ရပါတယ်။

တရားဥပဒေစိုးမိုးမှုအားနည်းတဲ့အတွက် အရေးယူဆောင်ရွက်မှုတွေ၊ စီးပွားရေးကြပ်တည်းလာတာတွေ၊ လုပ်ကိုင်စားသောက်ရအဆင်မပြေမှုတွေ၊ ခိုးယူခံရတဲ့ ပြည်သူတွေက ရဲစခန်းကိုတိုင်ကြားမှုနည်းတာတွေကြောင့် သူခိုးတွေဟာ အတင့်ရဲလာကြတယ်လို့ လွိုင်ကော်ဒေသခံတွေက သုံးသပ်ပြောဆိုပါတယ်။

Most read this week

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ ဘန်ကောက်စစ်ရှောင်စခန်းမြင်ကွင်း။ (ဓါတ်ပုံ - Khun Yaw Han )
November 18, 2024
ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းကို ဒီကနေ့ နိုဝင်ဘာလ ၁၈...
November 18, 2024
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းမှာ ဒေသခံတွေ စိုက်ပျိုးထားတဲ့ ရွှေ့ပြောင်းတောင်ယာစပါးခင်းက...
November 13, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ်...
November 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက...