ကူရာမဲ့ စီးဆင်းနေသည့် ဆတ်ရိုးကျ

ကူရာမဲ့ စီးဆင်းနေသည့် ဆတ်ရိုးကျ

လှေ၊ သင်္ဘောတို့ အစီအရီဆိုက်ကပ်ထားသည့် စစ်တွေမြို့ရှိ ဆတ်ရိုးကျချောင်းကို အပေါ်စီးကကြည့်ပါက သဘာဝပန်းချီကားတစ်ချပ်အလား ထင်မှတ်စရာပင်ဖြစ်သည်။ စစ်တွေမြို့အတွက်သာမကဘဲ ရခိုင်တပြည်နယ်လုံး၏ ကုန်စည်စီးဆင်းမှုအတွက်ပါအရေးပါသည့် သည်ချောင်းမှာ ယခုအခါ ဒဏ်ရာဒဏ်ချက်များဖြင့် ကူရာမဲ့စွာ စီးဆင်းနေရသည်။

စစ်တွေမြို့မှ မြို့နယ်အသီးသီးသို့ပြေးဆွဲနေသော ရေယာဉ်များမှာ သည်ချောင်းအတွင်း၌ ဆိုက်ကပ်ကြရကာ ရန်ကုန်မှလာသည့် ကုန်တင်သင်္ဘောအချို့မှာလည်း ကုန်များကိုချရန် သည်ချောင်း၌နားခိုကြရသည်။ မိုးတွင်းကာလများမှာလည်း လှေသမ္မာန်ငယ်များနှင့် ငါးဖမ်းလှေများမှာ လှိုင်းဒဏ်လေဒဏ်မှရှောင်ရှားရန် သည်ချောင်းကို အားထားကြရသည်။

လက်ရှိ ဆတ်ရိုးကျချောင်းမှာ တဖြည်းဖြည်းနှင့် တိမ်ကောကျဉ်းမြောင်းလာနေကာ စွန့်ပစ်ပစ္စည်းများမှာလည်း ပြည့်နှက်လို့လာနေသည်။ အသုံးမပြုတော့သည့် သင်္ဘောပျက်များ၊ အမှိုက်သရိုက်များ၊ ဆိပ်ခံတံတားပျက်များ၊ ပြိုကျနေသည့်ကမ်းပါးတို့မှာ ဆတ်ရိုးကျချောင်းတစ်လျှောက်ကို အကျဉ်းတန်အရုပ်ဆိုးနေစေသည်။

ချောင်းတိမ်ကောလာပြီး ဧရိယာကျဉ်းမြောင်းလာခြင်းကြောင့် ကုန်တင်သင်္ဘောများမှာ ဒီရေအတက်အကျကိုစောင့်ကာ သွားလာနေကြရသဖြင့် ကုန်စည်စီးဆင်းမှုအပိုင်းမှာ နှောင့်နှေးကြန့်ကြာမှုများနှင့် ကြုံတွေ့နေကြရသည်။

“အခုကတော့ တန် ၁၁၀၀ ၊ ၁၂၀၀ အထိတော့ ဝင်လို့ရတယ်။ ဒါပေမယ့် ရေစီးနည်းနည်းကြီးရင် တစ်ချို့ကောင်တွေကျတော့ တန် ၆၀၀၊ ၇၀၀ လောက်နဲ့ ဝိတ်နည်းနည်းလျော့လိုက်တာပေါ့နော်။ သင်္ဘောကိုတော့ ကမ်းစပ်မှာအတင်ခံပြီးတော့ ဝင်ကြတာပေါ့နော်၊ သင်္ဘောတော့နာတာပေါ့”ဟု ရခိုင်ပြည်နယ် ကမ်းရိုးတန်းသွားရေယာဉ်များအသင်း ဥက္ကဋ္ဌ ဦးရွှေမောင်က ပြောသည်။

DMG ၏လေ့လာတွေ့ရှိချက်အရ ဆက်ရိုးကျချောင်းအတွင်း စွန့်ပစ်ထားသည့် သဘောၤအစီးရေ ငါးစီးအထက်ရှိနေကာ အချို့သင်္ဘောများမှာ သံချေးအထပ်ထပ်တက်ပြီး ဆွေးမြည့်လျက်ရှိနေသည်။ အချို့သင်္ဘောများမှာလည်း ချောင်းအလယ်ထိ ရောက်ရှိနေကြသည်။ ထိုသင်္ဘောများကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပိုင်ဆိုင်သည်ဟု ကနဦး စုံစမ်းသိရှိရသည်။ ယခင်ကပြေးဆွဲခဲ့သည့် သင်္ဘောများကို ယင်းအတိုင်းထားရာမှ ပျက်စီးဆွေးမြေ့ကာ ယိုယွင်းလာနေခြင်း ဖြစ်သည်။

ဆတ်ရိုးကျချောင်းတစ်လျှောက်တွင် ဆိပ်ခံတံတားငယ်(ဒေသအခေါ်-ဖောင်တော်)များမှာလည်း အခုရေ ၅၀ အထက် ရှိနေသည်။ ထိုအထဲမှ အချို့ဖောင်တော်များမှာ ကွန်ကရစ်များဖြင့် အခိုင်အမာဆောက်လုပ်ထားကြသည်။ ချောင်းအနီး မြေပိုင်ဆိုင်ထားသူများက ဆိပ်ခံတံတားငယ်များ ဆောက်လုပ်ထားခြင်းမှာလည်း ချောင်း၏ရေစီးရေလာစနစ်ကို ထိခိုက်စေသဖြင့် ကြပ်မတ်ပေးရန်လိုအပ်နေသည်ဟု ထောက်ပြပြောဆိုမှုများရှိနေသည်။

ယခုကဲ့သို့ဖြစ်လာရခြင်းမှာ အစိုးရအဆက်ဆက် တာဝန်ရှိသူတို့က ဆတ်ရိုကျချောင်းကို လျစ်လျူရှုထားခြင်းကြောင့်ဟု ထောက်ပြပြောဆိုသူများလည်းရှိသည်။

ရခိုင်စီးပွားရေးဦးဆောင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်(REIC) ဒုဥက္ကဋ္ဌ ဦးခင်မောင်ကြီးက “အဓိကတော့ နှစ်ပေါင်းမြောက်များစွာ တာဝန်ရှိတဲ့သူတွေရဲ့ လစ်ဟာမှုပေါ့နော်။ ဒီဟာကို ကောင်းကောင်းမွန်မွန် သေသေချာချာ မထိန်းသိမ်းမပြုပြင်နိုင်ခဲ့ဘူး။ အခုနှစ်ပေါင်းများစွာကြာလာတဲ့အချိန်မှာ ချောင်းတိမ်ကောလာတာတို့၊ ချောင်းကျဉ်းသွားတာတို့ ဖြစ်လာတဲ့အတွက် ကုန်သွယ်မှုအတွက်က အနှောက်အယှက်တွေဖြစ်လာတာပေါ့”ဟု ပြောသည်။

ဆက်လက်၍ ဦးခင်မောင်ကြီးက “ချောင်းရဲ့ဝဲယာမှာ နှုန်းတွေတင်ပြီးတော့ ချောင်းက ကျဉ်းလာတဲ့သဘောရှိတယ်။ အဲဒါကြောင့်မို့ တာဝန်ရှိသူတွေအနေနဲ့ ဒီဟာကို စနစ်တကျနဲ့ သေသေချာချာစဉ်းစားပြီးတော့ လုပ်ပေးသင့်တယ်”ဟု ဆိုသည်။

၁၈၂၆ ခုနှစ်တွင် အင်္ဂလိပ်တို့က ယခင်ရုံးစိုက်ရာ မြောက်ဦးမြို့ကိုဖယ်ခွာကာ စစ်တွေကျွန်း၏အရှေ့ဘက်အရပ်တွင် စစ်တွေမြို့တော်ကို စတင်တည်ထောင်ခဲ့ကြသည်။ ပင်လယ်ရေကြောင်းကုန်သွယ်ရေးအတွက် အချက်အချာကျသည့် စစ်တွေမြို့ကို မြစ်ချောင်းများ၏အကူအညီဖြင့် ဖော်ဆောင်ခဲ့ကြသည်။ စစ်တွေမြို့တွင် အဓိကချောင်းများအဖြစ် ခဝါသည်ချောင်း၊ မြို့လယ်ချောင်း(ခေါ်) ကလေချောင်းနှင့် ဆတ်ရိုးကျချောင်းတို့ရှိကြသည်။

မြို့လည်ချောင်းသည် စစ်တွေမြို့၏ ရေသွင်းရေထုတ်စနစ်ကို အဓိကအထောက်အကူပြုနေပြီး ဆတ်ရိုးကျချောင်းသည် ကုန်သွယ်ရေးအတွက် အဓိကအထောက်အကူပြုနေသည်။ ရခိုင်ပြည်နယ်အနှံ့မှ ဆန်ကုန်သည်များမှာ ရေကြောင်းမှတစ်ဆင့် စပါးများကိုသယ်ယူကာ ဆတ်ရိုးကျချောင်းအတိုင်း စစ်တွေမြို့ကို လာရောက်ကုန်သွယ်ခဲ့ကြသဖြင့် ယခင်က ဆတ်ရိုးကျချောင်းတစ်လျှောက်တွင် ဆန်စက် ၃၃ လုံးအထိရှိခဲ့သည်ဟုဆိုသည်။

ရခိုင်ပြည်မှထွက်ရှိသမျှဆန်များကို စစ်တွေမြို့ဆီ လာရောက်ရောင်းချခဲ့သဖြင့် စစ်တွေမြို့မှာ ဆန်ပေါများခဲ့ကာ လွန်ခဲ့သည့် ၂၀ ရာစုနှစ်ကုန်ပိုင်းအထိ ဆန်တင်ပို့မှုများပြားခဲ့သည်။ အင်္ဂလိပ်တို့၏မှတ်တမ်းတွင် ဆန်မြို့(Rice City)ဟုလည်း သတ်မှတ်ခြင်းခံခဲ့ရသည်။

လက်ရှိဆတ်ရိုးကျချောင်းကို ပြန်လည်တူးဖော်မှုများပြုလုပ်ပြီး ဆိပ်ကမ်းများကိုလည်း သတ်သတ်မှတ်မှတ်ဖြင့် လုပ်ပေးမည်ဆိုပါက ဆက်ရိုးကျချောင်း ရေရှည်ရပ်တည်နိုင်ရေးအတွက် ပိုမိုအဆင်ပြေနိုင်မည်ဟုလည်း ဒေသခံတချို့က ပြောဆိုကြသည်။

ဆတ်ရိုးကျချောင်းကို မည်သို့မည်ပုံ ဆောင်ရွက်သွားမည်ကိုသိနိုင်ရန် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ မေးမြန်းခဲ့သော်လည်း အထက်၏ခွင့်ပြုချက်မရရှိဟုဆိုကာ ဖြေကြားခြင်း မရှိခဲ့ပေ။ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကမူ ဆတ်ရိုးကျချောင်းကို ပြန်လည်တူးဖော်ရန်မှာ ဘတ်ဂျက်မရှိသေးကြောင်းနှင့် လတ်တလောတွင် တူးဖော်ရန်အစီအစဉ်မရှိသေးကြောင်း ပြောဆိုသည်။

လတ်တလောတွင် စစ်တွေမြို့၌ ကုန်စည်များအတင်အချပြုလုပ်ရန် ဆိပ်ကမ်းအရေအတွက် နည်းပါးနေသေးသဖြင့် ဆတ်ရိုးကျချောင်းကို ပြန်လည်တူးဖော်မှုများပြုလုပ်ပြီး သေချာစွာလုပ်ပေးမည်ဆိုပါက လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်ပို့ဆောင်ရေးတွင် ပိုမိုချောမွေ့လာမည်ဟု ကုန်သည်များကဆိုသည်။

“အဓိကတော့ ရန်ကုန်သင်္ဘောဘဲ။ ရန်ကုန်ကထွက်လာတဲ့ သင်္ဘောတစ်စီးဟာ စစ်တွေကိုရောက်တဲ့အချိန်မှာ ဆိပ်ကမ်းမရှိဘူး။ ဆိပ်ကမ်းမရဘူး။ မင်းဂံဘက်မှာဆိုရင်တော့ ဆိပ်ကမ်းအသေးလေးတွေရှိတယ်။ မြို့ထဲမှာကျရင်တော့ ဘောင်တော်ကြီးလို့ခေါ်တဲ့ ဆိပ်ကမ်းရှိတယ်။ သင်္ဘောအရေအတွက်များတဲ့အခါ ဆိပ်ကမ်းအရေအတွက်နည်းတဲ့အတွက် ကုန်စည်စီးဆင်းမှုကတော့ နည်းနည်းခက်တယ်”ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးကပြောသည်။

လက်ရှိ ဆတ်ရိုးကျချောင်းတစ်လျှောက်တွင် ရေခဲစက်များ၊ အုပ်သဲကျောက်လုပ်ငန်းများ၊ ရေထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းများနှင့် ဆန်စက်အနည်းငယ်ရှိသည်။ ချောင်းတိမ်ကောလာခြင်း၊ ချောင်းကြောင်းကျဉ်းမြောင်းလာခြင်းတို့ကြောင့် ချောင်းအဖျားဘက်ပိုင်းရှိ လုပ်ငန်းရှင်များမှာ မိမိတို့၏ကုန်သဘောၤများကို ဒီရေတက်ချိန်မှသာ ဝင်ရောက်ကြရသည်။ အချို့ကုန်သင်္ဘောများမှာ လုံးဝဝင်ရောက်၍မရသည့် အခြေအနေမျိုးနှင့်လည်း ကြုံတွေ့ကြရသည်။

အရှည် ၈ မိုင်ခန့်ရှိသည့် ဆတ်ရိုးကျချောင်းကို ၂၀၁၁-၂၀၁၂ ခု ဘဏ္ဍာနှစ်တွင် ၄၃၂၁၀၅ ကုဗမီတာ၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ပြည်ထောင်စုရန်ပုံငွေနှင့် ၁၂၀၄၀၀ ကုဗမီတာကို ပြန်လည်တူးဖော်မှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိမှာ တိမ်ကောဆဲ၊ တိမ်ကောနေမြဲဖြစ်သည်။

စွန့်ပစ်အမှိုက်များ၊ စွန့်ပစ်သဘောၤများ၊ ပြိုကျနေသည့်ကမ်းပါးများနှင့် မြေဖို့ဆောက်လုပ်ထားသည့် ကျူးကျော်မှုတို့ကြောင့် ခေတ်အဆက်ဆက်စီးဆင်းနေသည့် ကျွန်ုပ်တို့ချစ်သောမြို့စစ်တွေ၏ စီးပွားရေးအချက်အချာနေရာ ဆတ်ရိုးကျချောင်းမှာ ကူရာမဲ့စွာနှင့် စီးဆင်းနေရဆဲဖြစ်သည်။

သီဟ - ရေးသည်။

စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
November 23, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းအနီးမှ နေအိမ်ဖယ်ရှားခံရသည့် ဒေသခံများမှာ...
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။
November 22, 2024
ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို...
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...