နိုင်ငံရေး မငြိမ်သက်မှုနောက်ကွယ်က ရခိုင်ရက္ကန်းလုပ်ငန်း

နိုင်ငံရေး မငြိမ်သက်မှုနောက်ကွယ်က ရခိုင်ရက္ကန်းလုပ်ငန်း

ဈေးကွက်အတွင်းနေရာမရသဖြင့် ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ရသည့် ရခိုင်ရိုးရာရက္ကန်းလုပ်ငန်းသည် ၂၀၁၅ ခုနှစ်ခန့်တွင် တကျော့ပြန် ဦးမော့လာခဲ့သည်။ ဈေးကွက်အတွင်းနေရာမရချိန်တွင် ရက္ကန်းလုပ်ငန်း ရပ်တန့်သွားရမည့်အခြေအနေနှင့် အလူးအလဲရင်ဆိုင်ခဲ့ရသည်။

ရက္ကန်းရက်လုပ်သူများမှာလည်း ရက္ကန်းရက်လုပ်သည့်အလုပ်ကို စွန့်ခွာကာ နိုင်ငံရပ်ခြားတွင်လုပ်ကိုင်ရန် ထွက်ခွာသွားကြသည်။ ထိုအခက်အခဲစိန်ခေါ်မှုများကို စစ်တွေမြို့နယ်ရှိ ဝါဘိုကျေးရွာသားများက ရင်ဆိုင်ကျော်လွှားကာ ရက္ကန်းလုပ်ငန်းပျောက်ကွယ်မသွားစေရန် ဆက်လက်လုပ်ကိုင်ခဲ့ကြသည်။

ဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာသည့် ရက္ကန်းလုပ်ငန်းတိမ်ကောမသွားအောင် လုပ်ကိုင်လာခဲ့ကြောင်းကို ဝါဘိုကျေးရွာမှ အသက်(၆၀)အရွယ် ဒေါ်မတင်သိန်းက ပြောပြသည်။

“အထည်တွေက လုံးဝမရောင်းရဘူး။ မရောင်းရတော့ တခြားရွာတွေက လူတွေဆိုရင် ရခိုင်လုံချည်ရက်တာကို လုံးဝရပ်နားလိုက်ကြတယ်။ အဒေါ်တို့ရွာကပဲ ထိန်းသိမ်းပြီး ရက်လာတာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ဒေါ်မတင်သိန်းအပါအဝင် ဝါဘိုကျေးရွာသားများသည် အခက်အခဲ၊ စိန်ခေါ်မှုများစွာကြားမှ တစိုက်တမတ် လုပ်ကိုင်လာခဲ့ကြသည့်အတွက် ရိုးရာရက္ကန်းထည်များသည် ၂၀၁၅ ခုနှစ်ခန့်တွင် ဈေးကွက်အတွင်း ပြန်လည်ထိုးဖောက်လာနိုင်ခဲ့သည်။

၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ရခိုင်ရိုးရာရက္ကန်းထည်များကို အခမ်းအနားပွဲများတွင် ပွဲထုတ်ပေးခြင်း၊ ဒေသခံများကလည်း ရိုးရာအထည်များကို အမြတ်တနိုးဖြင့် ဝတ်ဆင်ခြင်းတို့ကြောင့် ရက္ကန်းထည်များမှာ ဈေးကွက်အတွင်း နေရာရရှိလာကာ ပြန်လည်ရှင်သန်လာခဲ့သည်။

ထိုသို့ ရိုးရာရက္ကန်းထည်များ ဈေးကွက်တွင် ပြန်လည်ဦးမော့လာချိန်တွင် ရက္ကန်းလုပ်ငန်းကို ရပ်နားထားသည့် ကျေးရွာများကလည်း ပြန်လည်လုပ်ကိုင်လာသည်ကို တွေ့မြင်လာရသည်။ ယခုအချိန်တွင် ဝါဘိုကျေးရွာတွင် သာမက စစ်တွေမြို့နယ်အတွင်းက သိန်းတန်၊ တောကန်၊ ကျားမသောက်၊ ကျောက်တန်းချေ အစရှိသည့် ကျေးရွာတို့တွင်လည်း ရက္ကန်းအလုပ်ကို လုပ်ကိုင်လျက်ရှိကြသည်။

"ကျမတို့ရက်လိုက်တဲ့ ရခိုင်လုံချည်တွေကို တန်ဖိုးထားပြီးဝတ်ဆင်ကြတဲ့အတွက် ဝမ်းသာပီတိဖြစ်ရတယ်။ ရှေးက အဘိုးအဘွားတွေလုပ်ခဲ့ကြတာကို မတိမ်မကောဘဲနဲ့ ပြန်လည်လုပ်ရတဲ့အတွက် ဝမ်းသာရတယ်"ဟု ဒေါ်မတင်သိန်းကဆိုသည်။

ဝါဘိုကျေးရွာသည် စစ်တွေမြို့နယ်အတွင်းမှ အိမ်ခြေ(၃၀၀)ကျော်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။ ကျေးရွာ၏ အဓိကလုပ်ငန်းမှာ ရက္ကန်းရက်လုပ်သည့်အလုပ်ဖြစ်သည်။ ဝါဘိုကျေးရွာမှ အိမ်တိုင်းနီးပါးတွင် ရက္ကန်းစင်တစ်စင်မှ သုံးစင်အထိရှိကြပြီး အမျိုးသမီးတိုင်းသည် ရက္ကန်းရက်သည့်အတက်ပညာကို တက်မြောက်ကြသည်။

ဝါဘိုကျေးရွာသူ ဒေါ်မတင်သိန်းမှာ အသက်(၁၅)နှစ် အရွယ်ကတည်းက ရက္ကန်းရက်လုပ်သည့်အလုပ်ကို မိခင်ဖြစ်သူနှင့် ဆွေမျိုးများထံမှ လေ့လာသင်ယူကာ လုပ်ကိုင်ခဲ့သည်။ လက်ရှိ ဒေါ်မတင်သိန်းမှာ ဝါဘိုကျေးရွာတွင် ရက္ကန်းလုပ်ငန်းရှင်အဖြစ် ရပ်တည်နေပြီး ဒေသခံအမျိုးသမီးငယ် (၃၀)ခန့်ကိုလည်း အလုပ်အကိုင်ပေးထားနိုင်ပြီဖြစ်သည်။

ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ရသည့် ရက္ကန်းထည်များ ဈေးကွက်တွင်နေရာရလာ၍ တဖန်ပြန်လည် ဦးမော့စပြုလာချိန်တွင် ရက္ကန်းရက်လုပ်သူများအဖို့ ပြည်တွင်းပဋိပက္ခ၏ ရိုက်ခတ်မှုဒဏ်ကို ထပ်မံကြုံတွေ့လာခဲ့ပြန်သည်။

ရခိုင်ပြည်တွင် ၂၀၁၇ ခုနှစ်အတွင်းက မောင်တောဖြစ်စဉ်၊ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု၊ ၂၀၁၉ ခုနှစ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုတို့ကြောင့် ရက္ကန်းထည်ဝယ်လိုအား ကျဆင်းကာ လုပ်ငန်းများရပ်နားခဲ့ရသည်အထိ ကြုံတွေ့ခဲ့ကြရသည်ဟု ရက္ကန်းလုပ်ငန်းရှင်များကဆိုသည်။

တိုက်ပွဲနှင့် ကိုဗစ်ကပ်ရောဂါတို့ ငြိမ်သက်လာချိန်တွင် ရက္ကန်းလုပ်ငန်းလုပ်ကိုင်သူများအဖို့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အရပ်သားအစိုးရကိုဖြုတ်ချပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ ထိုသို့ စစ်အာဏာသိမ်းပြီးနောက်တွင် တဟုန်ထိုးတက်လာသည့် ကုန်ဈေးနှုန်းများကြောင့် ရက္ကန်းလုပ်ငန်းလုပ်ကိုင်သူများမှာ အခက်အခဲများနှင့် ထပ်မံကြုံတွေ့ရပြန်သည်။

ရက္ကန်းထည်ရက်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်း ဈေးနှုန်းမြင့်တက်နေသည့်အတွက် လုပ်ငန်းလည်ပတ်နိုင်ရန် အခက်အခဲများနှင့်ကြုံတွေ့နေရသည်ဟု ရခိုင်ရိုးရာ လက်ရက္ကန်းလုပ်ငန်းရှင် ဒေါ်မတင်သိန်းကပြောသည်။

“ကုန်းကြမ်းတွေက ဈေးတက်သွားတော့ အရင်းအနှီးလိုက်မမီဘူး။ အရင်းအနှီးတွေ အများကြီးလိုသွားတယ်”ဟု သူကပြောသည်။

ကုန်ကြမ်းပစ္စည်းဖြစ်သည့် ချည်တစ်ကဒ်ကို ယခင်က ငွေကျပ်(၃၅၀၀၀)ရှိခဲ့ရာမှ ယခုအခါ (၅၂၀၀၀)ကျပ်အထိ မြင့်တက်လျက်ရှိနေသည်။ ယင်းအပြင် ပိုသီးတစ်လုံးကို ယခင်က ငွေကျပ်(၇၅၀၀)ရှိခဲ့ရာမှ ယခုအခါ (၁၃၀၀၀) ကျပ်အထိ မြင့်တက်သွားခြင်းဖြစ်သည်။

နှစ်တစ်ရာချည်တစ်ကဒ်ကို ယခင်က ငွေကျပ်(ခုနှစ်သောင်း)ကျော်ရှိခဲ့ရာမှ ယခုအခါ (တစ်သိန်းနှစ်သောင်း) ကျပ်အထိ မြင့်တက်လျက်ရှိသည်။ အလားတူ ယခင်က ငွေကျပ်(ခြောက်သောင်း)ရှိသည့် နှစ်ရှစ်ဆယ်ချည် တစ်ကဒ်ကို ယခုအခါ ငွေကျပ်(ကိုးသောင်း)အထိ မြင့်တက်သွားသည့်အတွက် ရက္ကန်းလုပ်ငန်းရှင်များမှာ အခက်အခဲများနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

ထိုသို့ ကုန်ကြမ်းဈေးနှုန်းမြင့်တက်မှုကြောင့် လက်ရက္ကန်းစင် (၁၂၅)စင်ရှိသည့်အထဲမှ ရက္ကန်းစင် (၁၀၀)ခန့်ကို လုံးဝရပ်နားထားရသည်ဟု စစ်တွေမြို့နယ်ရှိ ရွှေကျားရခိုင်ရက္ကန်းထည်လုပ်ငန်းပိုင်ရှင် ဒေါ်မအေးကပြောသည်။

“ကုန်ကြမ်းတွေက တစ်ရက်ထက်တစ်ရက် ဈေးတက်လာတယ်။ ကုန်ကြမ်းဈေးတက်တော့ ထိန်းပြီးသွားနေရတယ်။ အခုက ကုန်ကြမ်းဈေးနှုန်းတက်တာနဲ့ အလုပ်အကိုင်တွေအဆင် မပြေတာ၊ ဒေသမတည်ငြိမ်တာနဲ့ဆိုတော့ အရောင်းအဝယ်မဖြစ်ဘူး။ မဖြစ်တော့ လက်ရက္ကန်းစင် ၁၀၀ လောက်ဟာ လုံးဝနားထားရတယ်”ဟု သူကပြောသည်။

ရက္ကန်းလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့်အခက်အခဲမှာ ဤမျှလောက်ဖြင့် မပြီးဆုံးသွားပေ။ ကုန်ကြမ်းဈေးနှုန်း မြင့်တက်နေမှု တစ်ခုတည်းမဟုတ်ဘဲ ဝယ်လိုအားကျဆင်းမှုကြောင့်လည်း ရက္ကန်းလုပ်ငန်းများလည်ပတ်နိုင်ရန် အခက်ကြုံနေကြသည်။

ကုန်းဈေးနှုန်းမြင့်တက်မှုနှင့် ဒေသမတည်ငြိမ်မှုများကြောင့် ဈေးကွက်အတွင်းမှာ ရက္ကန်းထည်ရောင်းအား ကျဆင်းလာခြင်းဖြစ်သည်ဟု ရွှေကျားရခိုင်ရက္ကန်းထည်လုပ်ငန်းပိုင်ရှင် ဒေါ်မအေးကပြောသည်။

“အခုက အရောင်းအဝယ်လည်းမကောင်းဘူး။ အရောင်းအဝယ်မကောင်းဆိုတာက လမ်းခရီး အခြေအနေကလည်း မကောင်းဘူး။ ဒေသတွေကလည်း မတည်ငြိမ်တဲ့အတွက် လမ်းသွားလမ်းလာလည်းမရှိဘူး။ အသွားအလာနည်းတယ်။ အရောင်းအဝယ်နည်းတယ်”ဟု သူကပြောသည်။

အာဏာသိမ်းမှုဖြစ်ပြီးနောက်တွင် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဝယ်ယူသူနည်းပါးလာခြင်း၊ အာဏာသိမ်းမှုကို တော်လှန်နေသည့် လက်နက်ကိုင်အဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှုတို့ကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ရက္ကန်းထည်များ ရောင်းအားကျဆင်းလာခြင်း ဖြစ်သည်ဟု လုပ်ငန်းရှင်များကဆိုသည်။

ရိုးရာရက္ကန်းထည်များကို ရခိုင်ပြည်အနှံ့သာမက မန္တလေး၊ ရန်ကုန်၊ မုံရွာအပါအဝင် မြဝတီမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ကိုယ်စားလှယ်များဖြင့် ဖြန့်ချီရောင်းချလျက်ရှိနေသည်။ သို့သော် နိုင်ငံရေး မတည်ငြိမ်မှုတို့ကြောင့် ရက္ကန်းထည်များကို ကိုယ်စားလှယ်များက လက်ခံရောင်းချခြင်း လျော့နည်းလာသည်ဟု ဝါဘိုသူ ရခိုင်ရိုးရာလက်ရက္ကန်းလုပ်ငန်းရှင် ဒေါ်မတင်သိန်းကပြောသည်။

“အဓိက တိုင်းရေးပြည်ရေးနဲ့ဆိုင်တယ်။ တိုင်းရေးပြည်ရေး ကောင်းတယ်ဆိုရင် သူတို့(ကိုယ်စားလှယ်တွေ)က အထည်ကိုထားရဲတယ်။ မိုးရာသီကနေ ကိုယ်စားလှယ်တွေက သူယူမယ်၊ ငါယူမယ်လို့ပြောနေကြဖြစ်တယ်။ အခုက တိုင်းရေးပြည်ရေးနဲ့ စစ်ပွဲကိုကြောက်လို့ အများကြီးမယူရဲကြတော့ဘူး။ တိုက်ပွဲတစ်ခုခုဖြစ်လာရင် ဒီအထည်တွေကို ဘယ်လိုလုပ်မလဲ။ အဲဒီလိုပြောတဲ့လူကများတယ်”ဟု သူကဆိုသည်။

ကုန်ကြမ်းဈေးနှုန်း မြင့်တက်မှု၊ ရက္ကန်းထည်ဝယ်လိုအား ကျဆင်းမှုအခက်အခဲတို့နှင့် ရင်ဆိုင်ကြုံတွေ့ရသည် သာမက ရက္ကန်းထည်ရက်လုပ်သူများ၏ လုပ်အားခအရေးကိုလည်း ဖြေရှင်းနိုင်ရန်အတွက်ပင် ရက္ကန်းလုပ်ငန်းရှင်များမှာ စိုးရိမ်ပူပင်နေကြရသည်။

ရက္ကန်းလုပ်ငန်းကို ဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာသည့် ဝါဘိုကျေးရွာတွင် ငွေနှင့်ပန်းထိုးရက်သည့် အဆင့်မြင့် လက်ရက္ကန်းတစ်တန်းကို ယခင်က လုပ်အားခ ငွေကျပ်တစ်သိန်းကျော်ရှိရာမှ ယခုအခါ သုံးသိန်းကျပ်အထိ လုပ်အားခစရိတ် မြင့်တက်သွားသည်။

ယင်းအပြင် သာမန်လက်ရက္ကန်းတစ်တန်းကို ယခင်က လုပ်အားခခုနှစ်သောင်းရှိခဲ့ရာမှ ယခုအခါ တစ်သိန်းကျပ်အထိ ဈေးတက်သွားပြီး ယခင်က ရိုးရိုးရက္ကန်းတစ်တန်းကို ငွေကျပ်(၄၅၀၀၀)ကျပ်ရှိခဲ့ရာမှ ယခုအခါ ခြောက်သောင်းကျပ်အထိ ရက္ကန်းထည်လုပ်အားစရိတ် မြင့်တက်သွားသည်။

သို့သော်လည်း ရက္ကန်းရက်လုပ်သူများ၏ စားဝတ်နေရေးအဆင်ပြေစေရန် အခက်အခဲများကြားထဲမှ လုပ်ငန်းများလည်ပတ်နေရသည်ဟု လက်ရက္ကန်းလုပ်ငန်းရှင် ဒေါ်မတင်သိန်းကပြောသည်။

“အလုပ်သမားစရိတ် ပေးရမှာကိုပဲ နပန်းလုံးနေရတယ်။ အထည်တွေက ရောင်းလို့၊ ကောင်းသည်ဖြစ်စေ၊ မကောင်းဖြစ်စေ အလုပ်သမားစရိတ်က ပေးရတယ်။ အထည်က ရောင်းမထွက်သေးဘူး။ အလုပ်သမားတွေ စားဝတ်နေရေးအတွက်ပေးရတယ်”ဟု သူကဆိုသည်။

လက်ရှိတွင် ရခိုင်ရိုးရာရက္ကန်းလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများကိုဖြေရှင်းနိုင်ရန် ဒေသတည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်ကြောင်း စစ်တွေမြို့နယ်ရှိ ရွှေကျားရခိုင်ရက္ကန်းထည် လုပ်ငန်းပိုင်ရှင် ဒေါ်မအေးကပြောသည်။

“နိုင်ငံရေးမတည်ငြိမ်ရင် ဘယ်လိုလုပ်စားလို့ရမှာလဲ။ စီးပွားရေးနဲ့ နိုင်ငံရေးက တိုက်ရိုက်အချိုးကျနေတာ ဖြစ်တယ်။ နိုင်ငံရေးမတည်ငြိမ်သမျှကို ရက္ကန်းလုပ်ငန်းရှင်တစ်ယောက်မှလည်း အဆင်မပြေဘူး”ဟု သူကဆိုသည်။

မည်သို့ပင် အခက်အခဲ၊ စိန်ခေါ်မှုများရှိနေစေကာမှု ဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာသည့် ရခိုင်ရိုးရာရက္ကန်း လုပ်ငန်းကို ရပ်တန့်မည်မဟုတ်ဘဲ ဘဝ၏နေဝင်ချိန်အထိ လုပ်ကိုင်သွားမည်ဟုပြောဆိုလာသူက ဒေါ်မတင်သိန်းပင်ဖြစ်သည်။

"ရောင်းမကောင်းတာတွေရှိပေမယ့် ကိုယ်လုပ်ငန်းကို ချစ်တယ်။မြတ်နိုးတဲ့အတွက် ရပ်တန့်မယ်လို့ တခါမှ စိတ်မကူးခဲ့ဘူး။ ရှေ့တိုးပြီးလုပ်မယ်လို့ပဲ စိတ်ကူးတယ်။ တိုင်းရေးပြည်ရေး ကောင်းလာမယ်ဆိုရင် ဒီထက်တိုးလို့လုပ်မယ်"ဟု သူကပြောသည်။

မင်းထွန်း-ရေးသည်။

Most read this week

စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
November 23, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းအနီးမှ နေအိမ်ဖယ်ရှားခံရသည့် ဒေသခံများမှာ...
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။
November 22, 2024
ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို...
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...