ဥကရစ်ထတိုက်ပွဲတွင် လက်နက်မျိုးစုံဖြင့် စစ်ကောင်စီ အပြင်းအထန်ခုခံနေရ

ဥကရစ်ထတိုက်ပွဲတွင် လက်နက်မျိုးစုံဖြင့် စစ်ကောင်စီ အပြင်းအထန်ခုခံနေရ

ကရင်ပြည်နယ်၊ KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ၊ မြဝတီခရိုင် ၊ဝေါလေမြိုင်မြို့နယ်ရှိ ဥကရစ်ထကျေးရွာတွင် စစ်ကောင်စီနှင့်တော်လှန်ရေးအဖွဲ့များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲသည် ဆယ်ရက်ကျော် ကြာမြင့်လာပြီ ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ၂၆ရက် နံနက် ၅နာရီ ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နှင့် ကရင်ပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)များနှင့် စစ်ကောင်စီတပ်အကြား လက်ရှိအချိန်ထိ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေကြခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့်တိုက်ခိုက်ခြင်း၊ စစ်ကူများကို မြေပြင်နှင့်လေကြောင်းမှ အမြောက်အမြားပေးပို့ခြင်းအပြင် လေကြောင်းတိုက်ခိုက်မှုများ စသည်ဖြင့် အင်အားအလွန်အကျွံ အသုံးပြုပြီး ခုခံတိုက်ခိုက်နေရခြင်း ဖြစ်သည်။

တိုက်ပွဲတစ်လျှောက်တွင် စစ်ကောင်စီသည် အပြင်းအထန်ခုခံနေရပြီး အထူးသဖြင့် တပ်၏ဂုဏ်သိက္ခာနှင့်ပတ်သက်ပြီး တပ်တွင်းဝါဒဖြန့်ရန်အတွက် အပြင်းအထန်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း CDMဗိုလ်ကြီး လင်းထက်အောင်က မှတ်ချက်ပြုသည်။

“ဒီစခန်းကို မြေပြင်ကနေ ၁၂၀အမြောက်တွေနဲ့ပစ်တယ်။ လေကြောင်းကနေ ဗုံးတွေဆိုလည်း အကြီးအကျယ်ကို ပစ်တယ်။ လေကြောင်းကနေ စစ်ကူတွေ လွှတ်တယ်။ အဲလိုကြားထဲကနေ အင်အားရာနဲ့ ချီပြီးတိုက်တာတောင် မအောင်မြင်ဘူးဆိုရင် စစ်ကောင်စီရဲ့ စစ်ရေးက တော်တော် ညံ့ဖျင်းတယ်လို့ပြောလို့ရမယ့် အနေအထားတစ်ခုကို ရောက်သွားမယ်။ သူတို့ကတော့ ဂုဏ်သိက္ခာအရရော ပထဝီအနေအထားကြောင့် အသည်းအသန် တိုက်နေတယ်လို့ ပြောလို့ရမယ်” ဟု ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်စီသည် ဇွန်လ၂၇ရက်နေ့ ကတည်းက စတင်ပြီး လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

ကရင်အမျိုးသားအစည်းရုံး၏ ထုတ်ပြန်ချက်အရ ဇွန်လ၂၇ရက်နေ့မှ ၃၀ရက်အထိ လေးရက်အတွင်းမှာပင် လေကြောင်းတိုက်ခိုက်မှု ၉၄ကြိမ် ပြုလုပ်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုများတွင် ဇွန်လ၃၀ရက် နေ့၌ စစ်တပ်ပိုင် MiG-29အမျိုးအစား ဂျက်တိုက်လေယာဉ်သည် ထိုင်းနိုင်ငံပိုင်နက် လေးကီလိုမီတာအကျော်ထိ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ဖုန်းဆက်တောင်းပန်ခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။

ဥကရစ်ထစခန်းတိုက်ပွဲသည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလက KNUတပ်မဟာ (၆)နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် လေးကေ့ကော်တိုက်ပွဲမှစ၍ ယခုအချိန်ထိဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း နှစ်ဖက်အပြင်းအထန် ဖြစ်ပွားသော တိုက်ပွဲတစ်ခု ဖြစ်သည်။

ဝေါလေမြို့တွင် စစ်ကောင်စီ၏ ဗျူဟာစခန်းရှိနေပြီး ၎င်းအတွက် အထောက်အပံ့ဖြစ်ရန် စခန်းစုစုပေါင်း ၁၀ခု ရှိနေကာ ဥကရစ်ထစခန်းမှာ တစ်ခုအပါအဝင်ဖြစ်ကြောင်း CDMစစ်သားများထံမှ သိရှိရသည်။

အဆိုပါစခန်းသည် စစ်ဆင်ရေး အခြေစိုက်စခန်းဖြစ်ပြီး မြဝတီမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် စခန်းတစ်ခု ဖြစ်ကြောင်းစစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူက ဝန်ခံပြောဆိုသည်။

CDMဗိုလ်ကြီး ညီသုတက “ ဒီစခန်းကျသွားရင် စစ်တပ်ရဲ့ မြဝတီ -ဝေါလေ အုပ်ချုပ်ထောက်ပံ့မှုလမ်းကြောင်း ထိခိုက်နိုင်တယ်။ ဝေါလေဘက်နဲ့ လေးကေ့ကော်မှာ အခြေအနေမလှရင် မြဝတီမြို့ဘက်ကို ကောင်းကောင်း ခြိမ်းခြောက်လာနိုင်မှာကိုလည်း စိုးရိမ်ပုံရပါတယ်” ဟုဆိုသည်။

အကြမ်းဖက် စစ်ကောင်စီစခန်းများဖြစ်သော မော်ခီးစခန်းနှင့်ဝေါလေရဲစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဥကရစ်ထစခန်းကို ဆက်လက်သိမ်းပိုက်ခြင်းဖြစ်ကြောင်း ဇူလိုင်လ ၅ရက်နေ့က KNDOအထူးကွန်မန်ဒိုတပ်ရင်း ဆင်ဖြူရှင်စစ်ကြောင်းမှ ဒုတိယဗိုလ်မှူးကြီး စောစလုံး လက်မှတ်ရေးထိုးထုတ်ပြန်သည့် ပြည်သူ့သို့ အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်မေလ ၁၈ရက်နေ့ အတွင်းကလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့များက စစ်ကောင်စီ သိမ်းပိုက်ထားသည့် သေ့ဘောဘိုးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။

ဥကရစ်ထစခန်းကို သိမ်းပိုက်ပြီးပါက စစ်ကောင်စီအနေဖြင့် မြဝတီဘက်သို့ ဝေါလေ-မြဝတီလမ်းကြောင်းကို အသုံးပြုပြီး သွားလာမှုများပြုလုပ် ရန်မလွယ်ကူတော့ကြောင်း ကရင်သတင်းရင်းမြစ်တစ်ခုက ဆိုသည်။။

ထို့ကြောင့် စစ်ကောင်စီသည် ပထဝီဝင်အနေအထားများ၊ စစ်ရေးဗျူဟာများ၊ တပ်တွင်း စိတ်ဓာတ် တည်ဆောက်ရေးများနှင့် ပတ်သက်ပြီး ဥကရစ်ထတိုက်ပွဲကို လေကြောင်းအပါအဝင် နည်းလမ်းမျိုးစုံ အသုံးပြုပြီးတိုက်ခိုက်နေခြင်း ဖြစ်သည်။

ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှု အပြင် ဖြစ်ပွားနေသည့်နေရာများသို့ တိုက်ရိုက် ပစ်ချနိုင်သော ဒုံး(missile)များ အသုံးပြုတိုက်ခိုက် လာနိုင်ချေများရှိနိုင်ကြောင်း CDMစစ်သားများက သုံးသပ်ပြောဆိုကြသည်။

“ကန့်သတ်စစ်ပွဲတွေကနေ သမားရိုးကျ စစ်အသွင်ပြောင်းပြီး ချေမှုန်း နေတာပဲဖြစ်ပါတယ်၊ ဒါထက် နောက်တစ်ဆင့်ဆက်ဖို့ကတော့ ဒုံး (Missile) တွေ သုံးလာလိမ့်အုံးမယ် ဒါနောက်ဆုံးလက်နက်ပေါ့” ဟု CDMဗိုလ်ကြီး ဇင်ယော်က ပြောသည်။

အာဏာသိမ်းကာလ နောက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့များ၏ စစ်ရေးစွမ်းရည်သာမက စိတ်ဓာတ်ပိုင်းတွင်လည်း ကျဆင်းလာခဲ့ပြီး ပြည်သူ့ခုခံစစ်များအပေါ်တွင် အသည်းအသန် ခုခံတိုက်ခိုက်နေရသည်။

“အရင်တုန်းက ကျနော်တို့ကြုံခဲ့တဲ့ တိုက်ပွဲတွေမှာဆိုရင် ဥပမာ တပ်ကြပ်ကြီးတစ်ယောက်က အခရာပဲ သူ့မှာကျည်မကုန်မချင်းကို ခံတိုက်ပြီးတော့ အသေခံတာပဲ။ ဒါမျိုးက ကျနော်တို့ နယ်စပ်တိုက်ပွဲတွေမှာ ခဏခဏကြုံခဲ့ရတယ်။ လက်ပစ်ဗုံးတစ်လုံးနဲ့ လည်း အသေခံတာပဲ။ အခုကျတော့ လက်နက်တွေလည်း တစ်ပုံတစ်ခေါင်း ရိက္ခာတွေလည်းအများကြီး ရှိတာလည်း လက်နက်ချတာပဲ “ ဟု KNU အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက မဇ္ဈိမ၏အင်တာဗျူးတစ်ခုတွင် သူ့အတွေ့အကြုံကို ပြောပြသည်။

စစ်ကောင်စီရော တော်လှန်ရေးအဖွဲ့များပါ အပြင်းအထန် တိုက်ခိုက်နေရသော ဥကရစ်ထစခန်း တိုက်ပွဲနှင့်ပတ်သက်ပြီး မြေပြင်တွင် တိုက်ခိုက်နေသည့် ဗိုလ်မှူးကြီးစောစလုံးက တိုက်ပွဲအတွင်းလိုအပ်သော လက်နက်ရိက္ခာများအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူတစ်ရပ်လုံး၏ ထောက်ပံ့ကူညီမှုများက အဓိကကျကြောင်း ဇူလိုင်လ ၅ရက်နေ့တွင် အသိပေးထားသည်ကို တွေ့ရသည်။

ဆယ်ရက်ကျော်လာသည့် ဥကရစ်ထတိုက်ပွဲတွင် စစ်ကောင်စီသည် ၎င်းနှင့် လက်နက်အင်အားများစွာ ကွာခြားသည့် တော်လှန်ရေးအဖွဲ့

များနှင့်ရင်ဆိုင်နေရသော်လည်း ထိခိုက်ကျဆုံးမှု အများအပြားရှိနေသည်။

သေဆုံးမှုအခြေအနေနှင့်ပတ်သက်ပြီး မြေပြင်တော်လှန်ရေးအဖွဲ့များမှ ၂၀၀ကျော်သေဆုံးသည်ဟု ပြောဆိုမှုများရှိသော်လည်း တိတိကျကျထုတ်ပြန်ထားခြင်းမရှိသေးပေ။

ပုံစာ - ဥကရစ်ထတိုင်ပွဲတွင်စစ်ကာင်စီကိုတိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့များကိုတွေ့ရစဥ်

မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
November 6, 2024
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ...
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...