ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်ကောင်စီတပ်က (၃၅) ကြိမ်မြောက် မီးရှို့ဖျက်ဆီးရာ လူနေအိမ် ၁၁၇ လုံးပျက်စီးဆုံးရှုံးကြောင်း Thantlang Placement Affairs Committee – IDPs help မှ ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။
“ဒီတစ်ခါမီးလောင်မှုမှာ TBC ဘုရားကျောင်းပါသွားတယ် ။ ထန်တလန်မြို့ရဲ့ ရှေးဟောင်း အမွေအနှစ် ၊အများကတန်ဖိုးထားတဲ့အရာကို ရည်ရွယ်ချက်ရှိရှိနဲ့ စိတ်နာအောင် စိတ်ထိခိုက်သွားအောင် လုပ်တယ်လို့ယူဆရပါတယ် ။ အဲဒီ ဘုရား ကျောင်းမှာ သူတို့ပဲ တပ်စွဲ ပြီးစခန်းချတတ်တဲ့နေရာဖြစ်တယ်” ဟု TPAC တာဝန် ရှိသူမှ မဇ္စျိမ ကိုပြောသည်။
ထန်တလန်နှစ်ခြင်းအသင်းတော် မီးလောင်ကျွမ်းခဲ့ရမှုနှင့်ပတ်သက်ပြီး စိတ်မကောင်း ဖြစ်ရကြောင်း ၊အိမ်ပိုင်ရှင်များအနေဖြင့် ဆုံးရှုံးရမှုများအတွက် ဝမ်းနည်းရသော်လည်း စစ်ကောင်စီတပ်မျှော်လင့်သကဲ့သို့ စိတ်ဓါတ်ကျ စိတ်ပျက်မှုမျိုး ဖြစ်မည်မဟုတ်ဘဲ သူတို့ကို တွန်းလှန်ဖြိုဖျက်လိုသော စိတ်ဓါတ်များ ပိုမိုပြင်းထန် ခိုင်မာ လာခဲ့ကြောင်း ဆိုသည်။
ထန်တလန်မြို့ရှိ ရပ်ကွက် ငါးရပ်ကွက်ဖြစ်သော Sianginn ၊ Market ၊ Biakinn ၊ TABC ၊ Lungtial ရပ်ကွက်တို့တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဇွန်လအတွင်း ၉ရက် နေ့တွင် ၃၇အိမ် ၊ ၁၁ရက်နေ့တွင် ၃၉အိမ် ၊ ၁၆ရက်နေ့တွင် ခြောက်အိမ် ၊ ၂၀ရက်နေ့တွင် ၁၉အိမ် နှင့် ၂၃ရက်နေ့ တွင်၁၆အိမ် စုစုပေါင်း ၁၁၇ လုံး ပျက်စီးဆုံးရှုံးကြောင်းဆိုသည်။
ယခုအကြိမ်မီးလောင်ကျွမ်းမှုတွင် ထန်တလန်မြို့၏ ရှေးကျဆုံးဘုရားကျောင်းဖြစ်သည့် Thantlang Baptist Church အပါအဝင် ဘုရားကျောင်း သုံးကျောင်း ပြာကျသွားကာ မီးရှို့ ဖျက်ဆီးမှုများကြောင့် စုစုပေါင်း လူနေအိမ်ခြေ ၁,၃၀၀ကျော် ဆုံးရှုံးခဲ့ပြီးဖြစ် ကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်သည့်အခါတိုင်း၊ ၎င်းတို့ အထိနာလေ့ရှိတိုင်း လူနေအိမ်များကို လက်နက်ကြီးများနှင့် ပစ်ခတ်သည့်အပြင် မီးလောင်ဗုံးများဖြင့်ပါ ပစ်ခတ်သောကြောင့် ယခုကဲ့သို့ မီးလောင်ကျွမ်းရခြင်းဖြစ်ကြောင်း ဆိုသည်။
ထန်တလန်မြို့တွင် အိမ်ခြေ ၂,၀၀၀ ဝန်းကျင်နှင့် လူဦးရေ ၁၀,၀၀၀ ကျော်နေထိုင်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲများဖြစ်ပွားပြီးနောက် ဒေသခံပြည်သူများမှာ နီးစပ်ရာကျေးရွာများ နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခိုလှုံနေကြရကြောင်း ဆိုသည်။
ယခုအချိန်တွင် မိုးတွင်းရောက်လာပြီဖြစ်သောကြောင့် စစ်ဘေးရှောင်များ ရာသီတုပ်ကွေးများ ဖြစ်ပွားနေပြီး ငှက်ဖျား နှင့် အခြားရောဂါများအတွက် ဆေးဝါးများအပြင် အခြေခံလိုအပ်ချက်ဖြစ်သော စားဝတ်နေရေး များအတွက် အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။
ထန်တလန်မြို့ စစ်ဘေးရှောင်များနှင့် နေအိမ်ဆုံးရှုံးရသော ပြည်သူများအတွက် လူသားချင်း စာနာသော ပြည်တွင်း၊ ပြည်ပ အလှူရှင်များလည်း ပါဝင်ကူညီ လှူဒါန်းစေလိုကြောင်း တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။