ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် လူကူးခုံးကျော်တံတားများအပေါ် ပြည်သူများ ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်က ပိတ်ပင်လိုက်ကြောင်း သိရသည်။
ဒဂုံမြို့နယ်၊ ကမာရွတ်မြို့နယ်၊ ဒေါပုံမြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်များတွင် ရှိသော လူကူးခုံးကျော်တံတားများ၏ တံတားအတက်၊ အဆင်းနေရာများကို စစ်ကောင်စီက ပြီးခဲ့သည့် ရက်ပိုင်းက စတင်ကာ သံတံခါးဖြင့် အခိုင်အမာပိတ်လိုက်ခြင်း ဖြစ်သည်။
“ဘာအကြောင်းပြချက်မှလည်း မရှိဘဲ ပြည်သူတွေ အသုံးပြုနေတဲ့ လူကူးခုံးကျော်တံတားတွေကိုပါ ပိတ်တဲ့ အဆင့်ကို ရောက်လာပြီ။ သက်သက်မဲ့ လိုက်ပိတ်တဲ့ သဘောဖြစ်နေတယ်။ တချို့ကားကျပ်တဲ့နေရာတွေမှာဆို ယာဉ်အန္တရာယ်ကင်းရှင်းအောင်အတွက် တံတားပေါ်ကနေ လမ်းကူးကြတာ။ လမ်းဘေးဈေးသည်တွေလည်း မိုးတွေဘာတွေရွာရင် လာခိုလို့ရတယ်လေ။ အခုလို တံတားတွေ ပိတ်လိုက်တော့ အရင်လို ကားကြားတွေထဲကပဲ လမ်းဖြတ်ကူးရတော့မယ် မတော်တဆ တစ်ခုခု ဖြစ်ရင် ဘယ်သူတာဝန်ယူမှာလဲ” ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။
မည်သည့်အတွက်ကြောင့် လူကူးခုံးကျော်တံတားများပေါ် ပြည်သူများ ဖြတ်သန်းခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ကိုတော့ စစ်ကောင်စီတပ်က ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေ။
ဖြတ်သန်းခွင့် ပိတ်ပင်လိုက်သည့် လူကူးခုံးကျော်တံတားများထဲတွင် ရန်ကုန်မြို့တွင်းရှိ မော်တော်ယာဉ်သွားလာမှုများပြားပြီး လူစည်ကားသည့် နေရာများရှိတံတားများပါဝင်နေသောကြောင့် ပြည်သူများ သွားလာရေးအခက်အခဲ တချို့ ရင်ဆိုင်နေရသည်။
“ အရင်က မဟာမြိုင်ကနေ လမ်းကူးတဲ့ သူတွေ စမ်းချောင်း (၂ )မှာ ကျောင်းတက်နေတဲ့ ကလေးတွေက လမ်းကူးချင်ရင် လူကူးခုံးကျော်တံတားရှိတော့ အန္တရာယ်ကင်းတယ်။ အခု တံတားကို ပိတ်လိုက်တော့ ကားလမ်းကူးတာတောင် တော်တော်သတိထားပြီး ကူးနေကြရတယ်” ဟု စမ်းချောင်းမြို့နယ် မဟာမြိုင်လူကူးခုံးကျော်တံတားအနီး နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။
ထို့အပြင် လူကူးခုံးကျော်တံတားအချို့တွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မြေပြင်သပိတ်မှလူငယ်များ၏ စာတမ်းများ၊ ပိုစတာများနှင့် စစ်အာဏာရှင်များကို လှောင်ပြောင်သရော်သည့် ပုံစံရုပ်ပုံများ ရံဖန်ရံခါ ချိတ်ဆွဲ ဆန္ဒပြမှုများ ရှိနေ၍ ယခုကဲ့သို့စစ်ကောင်စီတပ်က လူကူးခုံးကျော်တံတားများကို ဖြတ်သန်းခွင့်ပိတ်ပင်ခြင်း ဖြစ်နိုင်ကြောင်းလည်း ပြည်သူအချို့က သုံးသပ်နေကြသည်။
“ ဘာရည်ရွယ်ချက်နဲ့အခုလို ပိတ်လိုက်တယ်ဆိုတာတော့ အတိအကျမပြောနိုင်သေးဘူး။ အဓိကကတော့ မြေပြင်လှုပ်ရှားမှုတွေကို ရပ်တန့်နိုင်ဖို့ ကြိုးစားတယ်လို့လည်း ထင်မြင်ပါတယ်။ ရန်သူက ဘယ်လို ဆက်လှုပ်ရှားမလဲဆိုတော့ စောင့်ကြည့်ရပါဦးမယ်။ ဆလိုင်းတင်မောင်ဦးနေ့၊ ဆဲဗင်းဇူလိုင်နေ့ နီးလာလို့ လုပ်ဆောင်တာလည်း ဖြစ်နိုင်ပါတယ် ” ဟု တောင်ဥက္ကလာပမြို့နယ် ကျောင်းသားသမဂ္ဂ ဗကသများအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လူကူးခုံးကျော်တံတားများ ဖြတ်သန်းခွင့် ပိတ်ပင်မှုသည် သပိတ်လှုပ်ရှားသူများအတွက် ကြီးကြီးမားမားအနှောင့်အယှက် မဖြစ်စေဘဲ ပြည်သူများသာ သွားလာရေးခက်ခဲစေမည်ဟုလည်း ၎င်းကဆိုသည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားများကို လူကူးခုံးကျော်တံတားများတွင် ချိတ်မရပါက တခြားနေရာများတွင်ချိတ်ကာ လှုပ်ရှားမှုများကို မရ ရသည့် နည်းဖြင့် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်မြို့အတွင်း မြေပြင်သပိတ်လှုပ်ရှားနေသည့် လူငယ်တစ်ဦးက ပြောကြားထားသည်။
အာဏာသိမ်းစစ်ကောင်စီသည် ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးခြင်း၊ ရန်ကုန်မြို့အတွင်းရှိ လမ်းဆုံလမ်းခွများတွင် ဘန်ကာများ အခိုင်အမာတည်ဆောက်ကာ လက်နက်အပြည့်ဖြင့် လုံခြုံရေးချထားခြင်း၊ အင်အားအများအပြားဖြင့် စစ်ဆေးခြင်းများ ပြုလုပ်ကာ ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိသည်။
ထို့အပြင် မြို့နယ်အချို့တွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ခြင်း၊ လမ်းများပိတ်ဆို့စစ်ဆေးခြင်းအပြင် ယခုအခါ လူကူးခုံးကျော်တံတားများပေါ်တွင်ပါ ပြည်သူများကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခြင်းဖြင့် ဖိနှိပ်မှုများကို ဆက်တိုက်လုပ်ဆောင်လာခဲ့ခြင်းလည်း ဖြစ်သည်။