ယမန်နေ့ (ဇွန်လ ၂၃ ရက်) ညနေ ၇ နာရီခွဲဝန်းကျင်တွင် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် ပြည်နယ် ရဲရုံး အနီးမှာ ပြည်သူတစ်ဦးကို ရဲကင်းကနေ ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ဘယ်ဖက်ခြေဒူးခေါင်း ကျည်ထိမှန်ပြီး ဒဏ်ရာသွား ခဲ့တယ်လို့ ရွှေလွိုင်ကော်ပရဟိတ လူမှုကူညီရေးဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မနေ့ညက ဖြစ်တဲ့နေရာတွေက အသွားအလာ တော်တော်လေးပါးတဲ့ နေရာတွေပေါ့။ အဲဖက်က တော်ရုံမသွားကြဘူးလေ။ အဲချိန်မှာ သူက ဖြစ်ချင်တော့ ရဲစခန်းရှေ့မှာ ကင်းတွေရှိတယ်လေ။ ဖြစ်ချင်တော့ သူကအဲမှာ နဲနဲလောက် သောက်ထားတယ်ထင်တယ်။ ဘေးကအုတ်ခုံကို ဝင်တိုက်မိတော့ အဲမှာရဲတွေက သူ့ကိုတားတော့ သူလည်း နဲနဲ နားလေးနေတယ်။ ဆိုတော့ တားတာကို မရပ်ဘူး မရပ်ဘဲ ဆက်မောင်းနေတော့ နောက်ကနေပစ်တာလို့ပဲ ကျတော်တို့က သိရတယ်ဗျ။” လို့ ရွှေလွိုင်ကော် ပရဟိတ လူမှုကူညီရေးဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
သေနတ်ကျည်ဆံ ၁၀ချက်ဝန်းကျင် ပစ်ခတ်ခံရတာဖြစ်ပြီး ခြေတောက်ကို ကျည်တစ်တောင့် ထိမိသွားတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ လွိုင်ကော်ဆေးရုံမှာ အရေးပေါ်ဆေးကုသမှု ခံယူနေတယ်လို့ သူက ဆက်ပြော ပါတယ်။ ဒဏ်ရာရခဲ့တဲ့ သူဟာ နေအိမ်ဖြစ်တဲ့ နောင်ယား (က) ရပ်ကွက်ကို ပြန်တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ မှာ စစ်ကောင်စီ ဖက်က လွိုင်ကော်မြို့အတွင်း ညနေ ၈ နာရီမှ မနက် ၄ နာရီအတွင်း မာရှယ်လော ( Martial Law ) ထုတ်ထား တာဖြစ်ပြီး အမိန့်မလိုက်နာတဲ့သူတွေကို အရေးယူတာတွေ မသိရပေမယ့် ပစ်ခတ်နေတာတော့ အမြဲတမ်းလိုလိုရှိနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မည်သည့်အချိန်က မည်သည့်ရပ်ကွက်တွေကို မာရှယ်လော ထုတ်ထားတယ်ဆိုတာကိုတော့ ကန္တာရဝတီတိုင်း( မ် ) အနေနဲ့ အတည်ပြုနိုင်တာမရှိသေးပါဘူး။
ကရင်နီပြည်မှာ ဇွန်လ (၆) ရက်မှ (၁၉) ရက်အတွင်း အပြစ်မဲ့ပြည်သူ (၅) ဦး သတ်ဖြတ်ခံရပြီး၊ ထိခိုက်ဒဏ်ရာရသူ (၁၂ ) ဦး ရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က ဇွန်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။