ထန်တလန် နှစ်ခြင်းဘုရားကျောင်းကြီးကို စစ်မိစ္ဆာတွေက မီးရှို့ဖျက်ဆီးလိုက်ပြီတဲ့လား

ထန်တလန် နှစ်ခြင်းဘုရားကျောင်းကြီးကို စစ်မိစ္ဆာတွေက မီးရှို့ဖျက်ဆီးလိုက်ပြီတဲ့လား

ဒီဘုရားကျောင်းကြီးဟာ ကျွန်တော့်အိမ်နှင့် ကိုက်တစ်ရာလောက်ပဲဝေးတော့ အလည်လာချင်တဲ့ ရပ်ဝေးကသူငယ်ချင်းတွေကို ကျွန်တော့်လိပ်စာပြောပြတဲ့အခါ ''မြို့လယ်ခေါင် လမ်းဘေးက ဘုရားကျောင်းကြီးကို ရအောင်ရှာဖို့နဲ့ တွေ့ရင် အနီးနားကလူတွေကို ကျွန်တော်နာမည်ပြောပြီး မေးလိုက်ဖို့'' အလွယ်နည်းနဲ့ ပြောလေ့ရှိတယ်။ ရပ်ကွက်အမည်၊ အိမ်နံပါတ်တွေ ပြောင်းတတ်ပေမယ့် ဒီဘုရားကျောင်းနှင့် ကျွန်တော်အိမ်ကြား အကွားအဝေးက ဘယ်တော့မှ မပြောင်းလဲပါ။ ဒီဘုရားကျောင်းကြီးဟာ ကျွန်တော်ရဲ့ အရိုးရှင်းဆုံး လိပ်စာကြီးပေါ့။

'' အခုလို မီးလောင်ပြာကျသွားတဲ့ ထန်တလန်နှစ်ခြင်းဘုရားကျောင်းကြီးကို ၁၉၇၇ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၈၅ ခုနှစ်မှာ ပြီးစီးဖွင့်လှစ်နိုင်ခဲ့တဲ့၊ ဒီဘုရားကျောင်းကြီးဟာ လွယ်လွယ်နဲ့ဆောက်နိုင် ခဲ့တာ မဟုတ်ပါဘူး။အသင်းသားများရဲ့ အလှူငွေ ၁၆,၄၃၉ ကျပ်ဖြင့် စတင်ဆောက်လုပ်ခဲ့ပြီး ငွေကြေးမလောက်သည့်အတွက် အနီးအနားရှိ ကျေးရွာများမှလည်းကောင်း၊ ဟားခါးနှစ်ခြင်းအသင်းတော်ဆီက လည်းကောင်း၊ မြန်မာနိုင်ငံ နှစ်ခြင်းအဖွဲ့ချုပ်ဆီကလည်းကောင်း ၊ အသီးသီးချေးယူခဲ့ရပါတယ်။

ဘုရားကျောင်းပြီးစီးတဲ့အထိ ငွေကျပ် ၂၄၆,၉၂၉ (အဲဒီကာလကငွေ) ကုန်ကျခဲ့ပါတယ်။နောက်မှ အသင်းသားများရဲ့ ထည့်ဝင်ငွေဖြင့် အကြွေးတွေကို တစ်ဖြည်းဖြည်း ဆပ်ခဲ့ရပါတယ်၊အသင်းသားများရဲ့စေတနာဖြင့် ပါဝင်ကူညီပေးတဲ့ လုပ်အားကတော့ အများကြီးပေါ့။ လိုအပ်ချက်ကြောင့် နောက်ပိုင်းပြန်လည်တိုးချဲ့ခဲ့ရာမှာလည်း ငွေသိန်းပေါင်းများစွာ ကုန်ကျခဲ့ပါတယ် ။

ကျွန်တော်ငယ်ငယ်တုန်းက ဒီဘုရားကျောင်ကြီးပတ်ပတ်လည်မှာ သစ်ပင်အိုကြီးတွေ အများကြီးရှိခဲ့ပါတယ်။ ဒီဒေသမှာ ကျွန်တော်တို့ ဘိုးဘွားတွေ အခြေမချခင်ကတည်းက သဘာဝအရပေါက်ခဲ့တဲ့ သစ်ပင်အိုကြီးတွေက ဒီဘုရားကျောင်းကြီးကို ဝိုင်းရံထားတော့ အရမ်းလှပခဲ့ပါတယ်။ တစ်ချို့အပင်ကြီးတွေဆို လူနှစ်ယောက်ဖက်လောက် ကြီးတယ်။ အပင်ကြီးတွေကို မှီခိုအသက်ရှင်ကြတဲ့ ကျေးငှက်ကလေးတွေ၊ ပုတ်သင်ညို၊ ပျား၊ ပိုးကောင် လေးတွေကို လေ့လာရင်းနဲ့ပဲ ကျွန်တော်တို့ ငယ်ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။

အဲဒီသစ်ပင်တွေအပေါ် နေ့စဉ်လိုလိုတက်ခဲ့တဲ့ ကျွန်တော် ငယ်ငယ်တုန်းက အဝတ်တွေ စုတ်ပြဲလို့ရှိရင် ဗိုက်နှင့် လက်မောင်းအတွင်းပိုင်းကနေ စပြီးစုတ်ပြဲလေ့ရှိတယ်။ သစ်ပင်ပေါ်က တွယ်ဆင်းတဲ့အခါ ပွတ်တိုက်တဲ့ နေရာတွေကိုး။ ဖေဖေနှင့် မေမေက စုတ်ပြဲသွားတဲ့ ကျွန်တော်အဝတ်တွေကို ကြည့်ပြီး တခစ်ခစ်ရယ်မောလေ့ရှိတာကို ယခုထိမြင်ယောင်နေဆဲ။ သူတို့သား သစ်ပင်တက် ဝါသနာပါမှန်း အဝတ်တွေက သက်သေပြနေတော့ တော်တော် သဘောကျသွားတာပေါ့ဗျာ။ ပူပျင်းတဲ့နွေရာသီမှာ ဘုရားကျောင်းနားက သစ်ပင်ကြီးတွေရဲ့ အေးမြတဲ့ အရိပ်အောက်မှာ ဆော့ကစားရတာလောက် ပျော်ဖို့ကောင်းတာ မတွေ့တော့ပါ။

ကျွန်တော် ဂျပန်နိင်ငံကိုရောက်တော့ ဂျပန်နိုင်ငံက Shinto ဘုရားကျောင်းတွေဟာ သစ်ပင်အိုကြီးတွေဖြင့် ဖုံးအုပ်လေ့ရှိတော့ Shinto ဘုရားကျောင်းရောက်တိုင်း သစ်ပင်ကြီးတွေနဲ့ အတူ ရှင်သန်ခဲ့တဲ့ ငယ်ဘဝ ထန်တလန် ဘုရားကျောင်းကြီးကို သတိရမိပါတယ်။

''ဒုတိယကမ္ဘာစစ်တုန်းက မပေါက်ကွဲခဲ့တဲ့ ဗုံးခွံကြီးကို အထက်အောက်ဖြတ်ပြီး ခေါင်းလောင်းအဖြစ်သုံးတဲ့ ထန်တလန်ဘုရားကျောင်းကြီးရဲ့ ခေါင်းလောင်းသံဟာ တော်တော့်ကို အသံကောင်းပါတယ်။ တစ်ချက်တီးလိုက်ရင် တစ်မြို့လုံးက ကြားရပါတယ်။''

ဒီခေါင်းလောင်းကြီးဟာ ဘာသာရေးကိစ္စအတွက်သာမကဘဲ အခြားကဏ္ဍများအတွက်လည်း အသုံးပြုရပါတယ်။ မြို့ထဲက လူတစ်ဦးဦးသေဆုံးသွားရင်လည်း တီးရပါတယ်။ အိမ်မီးလောင်ရင်လည်း တီးရပါတယ်။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့အချိန်မှာလည်း တီးရပါတယ်။ ဒါပေမယ့် တီးပုံတီးနည်းနှင့် အကြိမ်အရေအတွက် မတူပါ။ ဘယ်လိုတီးရင် ဘာဆိုတာ မြို့သူ/သားများ သိကြပါတယ်။ ခရစ္စမတ်လရောက်တာနဲ့ ခရစ္စမတ်အငွေ့အသက်လွှမ်းလာအောင် တစ်လလုံး နေ့တိုင်း ဒီဘုရားကျောင်းကြီးက ခရစ္စမတ်သီချင်းတွေဖြင့် မြို့ကိုဖျော်ဖြေလေ့ ရှိပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံရောက်ရှိတော့ ခရစ္စမတ်လရောက်လာတိုင်း shopping mall တွေမှာ ခရစ္စမတ်သီချင်းတွေ ဖွင့်ပေးတတ်ပါတယ်။ ဒါပေမယ့် ငယ်ငယ်တုန်းက ထန်တလန် ဘုရားကျောင်းကြီးက ဖွင့်ပေးခဲ့တဲ့ ချင်းအဆိုတော်တွေ သီဆိုထားတဲ့ ချင်းခရစ္စမတ်သီချင်းလောက်တော့ ကျွန်တော်စိတ်ကို နှိုးဆွမပေးနိုင်ပါဘူး။ မနက်အိပ်ရာမထခင် ဘုရားကျောင်းရဲ့ ခရစ္စမတ်သီချင်းလေး နားဆင်ခဲ့ရတာကို ယခုထိ တမ်းတနေဆဲပါ။

ကွယ်လွန်သွားပြီဖြစ်တဲ့ ချင်းပန်းချီပညာရှင်ကြီး Pu Hram Tlai က ၁၉၈၆ ဝန်းကျင်မှာ ရေးဆွဲခဲ့တဲ့ သခင်ယေရှုခရစ်တော် ပုံတူပန်းချီကားကြီး နှစ်ချပ်ဟာလည်း ဘုရားကျောင်းထဲ ဝင်လာသူတိုင်းရဲ့ စိတ်ထဲမှာ ထာဝစဉ်စွဲမြဲရလောက်အောင် လက်ရာပြောင်မြောက်လွန်းလှပါတယ်။ ဘယ်တော့မှ အစားထိုးမရတဲ့ တန်ဖိုးဖြတ်လို့မရတဲ့ အမွေအနှစ်တွေဖြစ်ပါတယ်။အခုတော့ အားလုံးပျက်စီးဆုံးရှုံးခဲ့ရပြီ။

ဒီဘုရားကျောင်းကြီးရဲ့ တမူထူးခြားတဲ့ လက္ခဏာ၊ အစဉ်အလာတွေဟာ ပြောစရာအများကြီးရှိပါတယ်။

ဒီဘုရားကျောင်းကြီးဟာ ထန်တလန် မြို့မှာရှိခဲ့တဲ့ ဘုရားကျောင်းအားလုံးရဲ့ မိခင်၊ ရှေးအကျဆုံး မြို့ဂုဏ်ဆောင်ဘုရားကျောင်းကြီး ဖြစ်ခဲ့ပါတယ်။ ထန်တလန် နွယ်ဖွား မိသားစုထောင်ပေါင်းများစွာဟာ ဒီဘုရားကျောင်ကြီးမှာ ဘုရားရှေ့လူရှေ့ ကတိကဝတ်တွေပြု၊ လက်ထပ်ပွဲတွေလုပ်ပြီးတော့မှ စတင်ပါတယ်။ ထန်တလန် မြို့မှာ ကြီးမားတဲ့ လုပ်ဆောင်မှုတစ်ခုခုလုပ်တိုင်း ဒီဘုရားကျောင်ကြီး မပါရင်မပြီးဘူး။ ထန်တလန်မြို့သူမြို့သား လူတော်တွေက အစဉ်အဆက်ဦးဆောင်ခဲ့တဲ့ ဒီဘုရားကျောင်းကြီးဟာ ဒီမြို့လေးက အတော်အားကိုးခဲ့ရပါတယ်။

''ဘာသာရေးအရ ဝိညာဉ်ခွန်အားရယူရတဲ့ သန့်ရှင်းတဲ့နေရာ၊ ကလေးငယ်တွေကို အကျင့်စာရိတ္တကောင်းအောင် သင်ကြားပေးတဲ့ ကျောင်းဆောင်ကြီး၊ လူမျိုးကြီးဝါဒကို ဖော်ဆောင်ခဲ့တဲ့ အစိုးရအဆက်ဆက်ရဲ့ ဖိနှိပ်မှုအောက်မှာ အစိုးရကျောင်းတွေမှာ ချင်းစာပေတွေကို သင်ခွင့်မရခဲ့တဲ့ ချင်းကလေးတွေ ချင်းစာသင်ယူခဲ့ရတဲ့ ကျနော်တို့ရဲ့ စာသင်ဆောင်ကြီး၊ မြို့ရဲ့ အရေးကြီးတဲ့လှုပ်ရှားမှုတွေ စတင်ရာ ဗဟိုချက်မဘုရားကျောင်းကြီး'' အခုတော့ လူစိတ်မရှိတဲ့ စစ်မိစ္ဆာတွေက ၂၀၂၂ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ မီးရှို့ဖျက်ဆီးလိုက်ပြီတဲ့။ ဒီမတိုင်ခင်ကလည်း ထန်တလန် မြို့က အခြား ခရစ်ယာန်ဘုရားကျောင်း ၁၀လုံးနှင့် ဘာသာရေးအဆောက်အဦး ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးပါပြီ။

''မကောင်းဆိုးရွား မိစ္ဆာအာဏာရှင်တွေ ကျဆုံးခါနီးတိုင်းမှာ တူညီတဲ့ လက္ခဏာတစ်ခုရှိပါတယ်။ အဲဒါကတော့ မိစ္ဆာတွေဟာ အပြစ်မဲ့ပြည်သူတွေအပေါ်မှာ အထွတ်အထိပ်ရောက်တဲ့အထိ အစွမ်းကုန်မိုက်မဲပါလိမ့်မယ်။ အပြစ်မဲ့ပြည်သူအမြောက်အများကို အကြမ်းဖက်သတ်ဖြတ်ပါလိမ့်မယ်။ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာကို ဖျက်ဆီးပစ်ပါလိမ့်မယ်။ အာဏာရှင် ဟစ်တလာနှင့် ဖက်ဆစ်နာဇီတွေဟာလည်း သူတို့ကျဆုံးခါနီးမှာ ဂျူးလူမျိုး ၆ သန်းကျော်ကို အကြောင်းမဲ့ သတ်ပစ်တဲ့အပြင် ဥရောပ တစ်တိုက်လုံးကို ဒုက္ခပေးရတဲ့အထိ ကမ်းကုန်အောင်မိုက်မဲခဲ့တယ်။ မကြာဘူး။ ကျဆုံးသွားကြတယ်။ ကမ္ဘောဒီးယားက ကွန်မြူနစ် ခမာနီခေါင်းဆောင်ပိုပေါ့အစိုးရလည်း ၁၉၇၅-၁၉၇၉ ကြားမှာ သူ့ပြည်သူ ၁•၂ သန်းကို မိုက်ရူးရဲဆန်စွာ သုတ်သင်ခဲ့တယ်။ သူတို့ရဲ့ လူမဆန်မှုက အထွတ်အထိပ်ရောက်ပြီးနောက် — မကြာဘူး။ ကျဆုံးသွားကြတယ်။ ''

ယခု အာဏာရူးမင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်မိစ္ဆာတစ်စုရဲ့ လုပ်ရပ်တွေဟာလည်း လူမဆန်မိုက်မဲတဲ့နေရာမှာ အထွတ်အထိပ်ရောက်လာနေပါပြီ။ သူတို့ဖျက်ဆီးတဲ့ တစ်နိုင်ငံလုံးက ပြည်သူ့အိုးအိမ်ပေါင်း ၂၃,၀၀၀ ကျော်လာပါပြီ။ သူတို့မတရားဖမ်ဆီး သတ်ဖြတ်ခဲ့တဲ့ အရပ်သားပြည်သူ သောင်းနှင့်ချီ ရှိလာပြီ။ အရင်က မကောင်းဆိုးရွားအာဏာရှင်များရဲ့ ကျဆုံးခါနီး လက္ခဏာများနှင့် အတော်ဆင်တူလာပြီ။ မကြာခင် သူတို့ကျဆုံးပါတော့မယ်။

ဒီနေရာမှာ ကျွန်တော်မိတ်ဆွေကြီး ဆရာ Lian Chawn ပြောသလို ကျွန်တော်တို့ လျှောက်တဲ့လမ်းက ခက်ခဲသော်လည်း အဆုံးထိလျှောက်ဖို့လိုတယ်။ လမ်းတစ်ဝက်မှာ အောင်မြင်ခြင်းမရှိပါဘူး။ ဇွဲမလျှော့ဘဲ အဆုံးထိလျှောက်သောသူများသာ အောင်မြင်ခြင်းနဲ့ ထိုက်တန်သောသူများ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောလိုတာက — မင်းတို့မကောင်းဆိုးဝါးတွေ ကျဆုံးခန်းရောက်တဲ့အထိ တွန်းလှန်တိုက်ခိုက်ဖို့ ငါတို့ရွေးချယ်ခဲ့ပြီးပါပြီ။ ငါတို့နောက်ဆုတ်အရှုံးပေးဖို့ အကြောင်းမရှိပါ။ တကယ်လို့ အကြောင်းကြောင်းကြောင့် ဒီဘဝမှာ ဒီတော်လှန်ရေး မအောင်မြင်ခဲ့ရင်တောင် နောင်ဘဝတွေမှာ ငါတို့ဆက်တိုက်ပါမယ်။ ။

မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
November 6, 2024
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ...
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...