မြစ်ကြီးနားမြို့ မြောက်ဘက် ၁၅ မိုင်ခန့်သာဝေးသည့် အင်ခိုင်ဘွမ်းတောင် အမျိုးသားဥယျာဥ်မှာ ယခင်ကတည်းက ကန့်ကွက်မှုများရှိခဲ့သည့် ဗုဒ္ဓဘာသာဝင်တို့၏ ဘုရား(နဂါးရုံဘုရား)တစ်ဆူ တည်ဆောက်နေသည့် ရုပ်သံဖိုင်နှင့် ရုပ်ပုံများက လူမှုကွန်ရက်(Facebook) အသုံးပြုနေကြသည့် ကချင်လူထုကြားမှာ မကြာသေးခင်က ပြန်လည်ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း ပြည်နယ်အတွင်း ဝေဖန်သံများက တစ်ဖန်ပြန်ထွက်ပေါ်လာခဲ့ပြန်သည်။
အင်ခိုင်ဘွမ်းတောင်တန်းအား ၂၀၁၇ ခုနှစ်က ဇီဝမျိုးစုံမျိုးကွဲ ကာကွယ်ရေးနဲ့ သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေအရ သဘာဝနယ်မြေများထဲက အမျိုးသားဥယျာဥ်အဖြစ် သတ်မှတ်ထားပါသည်။
အင်ခိုင်ဘွမ်းတောင်တန်းကြီးက မြစ်ကြီးနားမြို့၏ ရေဝေရေလဲထိန်းချုပ်ပေးသည့် နေရာတစ်ခုလည်း ဖြစ်သည်။ အင်ခိုင်ဘွမ်းတောင်တန်းကြီးကြောင့် မြစ်ကြီးနားမြို့လွင်ပြင်ဘက်မှာ ရေချိုသောက်သုံးနေရသည်။ ဒါ့အပြင် “ပဒေသရာဇ်ခေတ်ကာလ၏ ကချင်လူထုသမိုင်းအမွေအနှစ်များစွာရှိသည့် နေရာတစ်ခုဖြစ်သဖြင့် သမိုင်းအမွေအနှစ်များစွာရှိတဲ့ တောင်တန်းကြီးတစ်ခုဖြစ်တယ်”လို့ ကချင်သမိုင်းသုတေသီများနှင့် တက္ကသိုလ်ပါမောက္ခများက မှတ်တမ်းတင်ကြသည်။
အင်ခိုင်ဘွမ်းတောင်သည် တောင်တစ်လုံးတည်း (အရှေ့နဲ့အနောက်ကိုသွယ်တန်းနေ)တောင်တန်းအရှည် မိုင် ၄၀၊ ကန့်လန့်ဖြတ်အနေဖြင့် ၁၅ မိုင်ရှိပြီး တောင်တန်းအမြင့်က ပေ ၅,၀၀၀ ကျော်ရှိကြောင်း သမိုင်းအထောက်အထား မှတ်တမ်းများအရ သိရသည်။
ယခုလို သမိုင်းဝင်နေရာမှာ ဘုရားလာတည်တာကို ဒေသခံကချင်တွေအကြားမှာ ဒေါသတကြီးဝေဖန်သူများရှိနေကြသည့်အပြင် သွားရောက်ဖျက်ဆီးလိုက်ရန် လှုံ့ဆော်နေသူများလည်း ရှိလာခဲ့သည်။ ထိုသို့သော ကချင်လူထုတစ်ရပ်လုံး ကန့်ကွက်မှုများက ယခုအခါမှ ဖြစ်ပေါ်လာခဲ့ခြင်း မဟုတ်ပါ။ စစ်တပ်အာဏာမသိမ်းမီ ရက်ပိုင်းအလိုလောက်မှာလည်း ယခုနေရာ၌ အလားတူ ပြဿနာများဖြစ်ပေါ်လာခဲ့ပြီး၊ ကချင်လူထုအုံကြွကာ ကန့်ကွက်မှုများ ရှိနေခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီလက်ထက် ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းအချိန်လောက်က ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံဘဏ္ဍာဝန်ကြီး ဦးဝေလင်း၏ညီ(မိသားစု)မှ အင်ခိုင်ဘွမ်းတောင်တွင် ဘုရားဒကာဘွဲ့ခံရန် စေတီတစ်ဆူတည်ဖို့ ကြိုးစားခဲ့သည်။ ကချင်လူထုတစ်ရပ်လုံးက မခံရပ်နိုင်ဖြစ်ပြီး၊ အဆိုပါ အင်ခိုင်ဘွမ်းတောင်ခြေနှင့် တောင်အနီးတစ်ဝိုက် ဘုရားစေတီတည်ခြင်းကို အပြင်းအထန်ကန့်ကွက်ခဲ့ကြသည့်အပြင် ကချင်လူငယ်တွေဦးဆောင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်မလုပ်နိုင်အောင် ဒီနေရာတစ်ဝိုက်ကို ထိန်းသိမ်းစောင့်ရှောက်နေသည်။
“ကျနော်တို့က ဗုဒ္ဓဘာသာကို ကချင်မှာမို့ ကန့်ကွက်နေတာမဟုတ်ပါဘူး။ ဒီလို ဌာနေတိုင်းရင်းသားတွေရဲ့ သမိုင်းဝင်နေရာကို ဖျက်ပြီး၊ သူတို့(ဗုဒ္ဓဘာသာ)ရဲ့ စေတီတွေလာတည်လာတဲ့ လုပ်ရပ်ကို ကန့်ကွက်နေတာ။ ဒီနေရာက ကိုးကွယ်ယုံကြည်မှုဆိုင်ရာ စေတီတွေ၊ ဘုရားတွေတည်ဆောက်ရမယ့် နေရာမဟုတ်ဘူး။ သမိုင်းအမွေအနှစ် နေရာဖြစ်တယ်” လို့ ကန့်ကွက်မှုမှာ ယနေ့တိုင် တက်တက်ကြွကြွပါဝင်နေသည့် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဘန်းအောင်က ဆိုသည်။
အင်ခိုင်ဘွမ်းတောင်မှာ ဘုရားတည်ခြင်းကို ကချင်လူထုက လက်သင့်မခံနိုင်ကြောင်း ပြောင်ပြောင်တင်းတင်းဖော်ပြနေပေမယ့် ကချင်တိုင်းရင်းသား အများစုပါဝင်သည့် ကချင်ပြည်နယ်အစိုးရအဖွဲ့က မျက်စိပိတ်၊ နားပိတ် မသိကျိုးကျွန်ပြု ပြုခဲ့လို့ ပြင်းပြင်းထန်ထန် ဝေဖန်မှုများနှင့်ရင်ဆိုင်လာခဲ့ရပါသည်။ တက်ကြွသော လူငယ်အမြောက်အမြားက အဆိုပါ အင်ခိုင်ဘွမ်းတောင်ပေါ်ဘုရားတည်မှုကို ဆက်လက်မပြုလုပ်နိုင်ရန် နေ့ညမပြတ် တာဝန်များခွဲဝေခဲ့ကြကာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။
ဒါ့အပြင် ကချင်ပြည်နယ်အခြေစိုက် လူငယ်အဖွဲ့အစည်းများ အားလုံးနီးပါး စုပေါင်းကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ (ယခင်အစိုးရလက်ထက်) ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့နှင့် အစိုးရအဖွဲ့ရုံးတွင်တွေ့ဆုံကာ “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ”အရ အင်ခိုင်ဘွမ်းတောင်ခြေတစ်ဝိုက်တွင် တည်ဆောက်နေသော ဘုရားဆင်းတုတော်များအား ရပ်တန့်ပေးရန် တွေ့ဆုံတောင်းဆိုခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်အစိုးရ၏ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကချင်ပြည်နယ်အစိုးရအဖွဲ့ဘက်က အဆိုပါ ဘုရားတည်ခြင်းကိစ္စကို သေသေချာချာစိစစ်ပြီး ဆက်မဆောက်အောင် တားမြစ်ပေးမယ်လို့ ကတိကဝတ်ပေးခဲ့ပြီး၊ ကတိအတိုင်း ဆောက်လုပ်ရေးတွေကို ရပ်ဆိုင်းပေးပါသည်။
သို့သော် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ ယခုလို တစ်ဖန်ပြန်ပြီး “အင်ခိုင်ဘွမ်း”တောင်လို ကချင်တိုင်းရင်းသားတွေ အလေးအမြတ်ထားတဲ့ သမိုင်းအမွေအနှစ်နေရာမှာ ဗုဒ္ဓဘာသာစေတီပုထိုးတွေ လာဆောက်တာဟာ တိုင်းရင်းသားကချင်လူမျိုးများအပေါ် လူမျိုးရေးအရ အနိုင်ကျင့်တာလို့ မြစ်ကြီးနားမြို့ဒေသခံ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဆိုင်းအောင်က ဝေဖန်သည်။
“ဘာသာရေးကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ လူမျိုးရေးပြဿနာတစ်ရပ်ကို ရည်ရွယ်ချက်ရှိရှိ လာလုပ်နေတယ်လို့ပဲ ပြောချင်ပါတယ်။ ဘာဖြစ်လို့ ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ပြောရတာလဲဆိုရင် ဒီအင်ခိုင်ဘွမ်းလိုနေရာမှာ ဘာသာရေးကိုအကြောင်းပြုတဲ့အရာတွေကို မလုပ်ကြဖို့ကို ခုမှကန့်ကွက်ခဲ့ကြတာ မဟုတ်ဘူး။ အရင်ကတည်းကနေ ကန့်ကွက်တားဆီးခဲ့တယ်။ ဌာနေတိုင်းရင်းသားတွေကိုယ်တိုင်တောင် ဒီသမိုင်းဝင်တောင်တန်းကြီးကို ဂရုစိုက်ထိန်းသိမ်းလာတဲ့အခြေအနေမှာ ခုတစ်ခါပြန်ပြီး ဘာသာရေးကိုအကြောင်းပြုတဲ့ အရာတွေ လာလုပ်နေပြန်ပြီ။ ဒါကြောင့် ဒီဟာက ရည်ရွယ်ချက်ရှိရှိနဲ့ကို လူမျိုးရေးလာလုပ်နေတယ်လို့ပဲ ပြောချင်ပါတယ်” လို့ ကိုဆိုင်းအောင်က ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် လူနည်းစုတိုင်းရင်းသားနယ်မြေများတွင် ဗုဒ္ဓဘာသာဘုရားတွေလာတည်ခြင်းဟာ အင်ခိုင်ဘွမ်းတောင် တစ်ခုတည်းတွင်သာ မဟုတ်ပါ။ မြစ်ဆုံဆည်တည်ဆောက်မည့် “မြစ်ဆုံရွာဟောင်း”က ဆုတောင်းပြည့်ဘုရားစေတီချဲ့ထွင်မှုကလည်း တစ်ခုအပါအဝင်ဖြစ်နေသည်။ “မြစ်ဆုံ”သည် မည်သို့သောနေရာမျိုးဖြစ်သည့်အပြင် မည်သည့်လက်ထက်တွင် မြစ်ဆုံဆည်တည်ဆောက်မည့်စီမံကိန်းကြောင့် ဌာနေဒေသခံတိုင်းရင်းသားတို့က အတင်းအဓမ္မ ပြောင်းရွေ့ပေးလိုက်ရသည့် နေရာဖြစ်ကြောင်းကို အကျယ်တဝင့် ရှင်းပြစရာလိုမည်မထင်ပါ။
ထိုသို့သောနေရာမျိုးတွင် “ဆုတောင်းပြည့်ဘုရား အောင်သစ္စာစေတီ” တစ်ဆူကို ဌာနေတိုင်းရင်းသားများ၏ဆန္ဒမပါဘဲ တည်ဆောက်ထားသည်။ လက်ရှိ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ အောင်သစ္စာစေတီမှ တာဝန်ရှိသူ ဘုရားလူများက မြစ်ဆုံဒေသ အများပြည်သူအသုံးပြုနေသည့်လမ်း (ဘုရားအောက်ဘက်ကလမ်း)ကို “ဘုရားပိုင်မြေ”အဖြစ် သတ်မှတ်လိုက်ပါသည်။
မြစ်ဆုံဒေသသို့ လာရောက်လည်ပတ်သူများနှင့် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ တောင်ယာသွားရောက်လုပ်ကိုင်သည့် ဒေသခံများအနေဖြင့် ကား၊ ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များ မြစ်ဆိပ်သို့ဆင်းရာမှာ အသုံးပြုနေသည့် ဘုရားအောက်ဘက်ကလမ်းကိုပိတ်ကာ “ဘုရားပိုင်မြေ”အဖြစ် ဘုရားစေတီရုပ်ပွားတော်အချို့ တိုးချဲ့တည်ဆောက်လာနေခြင်းကြောင့် ကချင်လူထုအကြား အငြင်းပွားကန့်ကွက်မှုများ ဖြစ်ပေါ်နေပါသည်။
ထိုသို့ ဘုရားစေတီအချို့ ထပ်တိုးတည်ဆောက်လာခြင်းက မြစ်ဆုံဒေသရှိ မဇွပ်ကျေးရွာ၊ ခဘာကျေးရွာ၊ အင်းတော်ယန်ကျေးရွာ၊ မလိဇွပ်ကျေးရွာနှင့် တန်ဖဲကျေးရွာတို့မှ ဒေသခံပြည်သူများက မြစ်တစ်ဖက်က တောင်ယာများကို နေ့စဥ်သွားရာမှာ အဆိုပါလမ်းကို အသုံးပြုနေရသည့်အတွက် လမ်းပိတ်လိုက်သဖြင့် အခက်အခဲများစွာနှင့် ကြုံနေရသည်။ ဤသို့ အများပြည်သူအသုံးပြုနေသည့်လမ်းကို ပိတ်ကာ ဘုရားစေတီတွေ ထပ်တိုးတည်ဆောက်လာခြင်းက ဌာနေတိုင်းရင်းသားဒေသခံများကို ခွဲခြားနှိမ့်ချဆက်ဆံတာဖြစ်တယ်လို့ မြစ်ဆုံဒေသခံတစ်ဦးက သူ့ရဲ့ခံစားချက်ကို အခုလို ထုတ်ဖော်ပါသည်။
“ကျမတို့ ဒေသခံတွေအားလုံးက ကန့်ကွက်ကြတာပေါ့။ အခုလို ဒီလိုလမ်းကို မောင်ပိုင်စီးလိုက်တာက ဒေသခံတွေကို လေးစားမှုမရှိတာဘဲ။ နောက်ပြီး ဒါက ဒေသခံတွေကို လာစော်ကားတာလည်းဟုတ်တယ်” လို့ ၎င်းကပြောသည်။
ယခုအငြင်းပွားဖွယ် ကန့်ကွက်မှုဖြစ်ပေါ်နေသည့် မြစ်ဆုံဒေသသို့ မြစ်ကြီးနား စည်ပင်သာယာရေးက အခွန်အခ ကောက်ယူမှုလုပ်ငန်းစဥ်များကို ပြုလုပ်နေပေမယ့် စည်ပင်သတ်မှတ်ဧရိယာဖြစ်သည့် အများပြည်သူလမ်းကိုပိတ်ကာ ဘုရားပိုင်မြေအဖြစ် ပြုလုပ်လာခြင်းကိုတော့ စစ်ကောင်စီခန့် စည်ပင်သာယာရေးတာဝန်ရှိသူများက မသိယောင်ဆောင်နေကြသည်။
မြစ်ဆုံဆည် ရေကာတာစီမံကိန်းကြောင့် အဆိုပါဒေသမှ ဒေသခံအချို့က လက်ရှိအောင်မြင်သာစံပြကျေးရွာသို့ ရွေ့ပြောင်းနေထိုင်နေကြပေမယ့် ဒေသခံအများစုကတော့ ၎င်းတို့ရဲ့စားဝတ်နေရေးအတွက် မူလနေရပ်ဖြစ်သည့် “မြစ်ဆုံ”ဒေသတွင်သာ လုပ်ကိုင်စားသောက်နေကြရဆဲဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြစ်ဆုံစေတီ၏ ကျောင်းထိုင်ဆရာတော် အရှင်ဦးသုမင်္ဂလကို မြစ်တစ်ဖက်ကမ်းမှ ဒေသခံများ လာရောက်တွေ့ဆုံညှိနှိုင်းသောအခါကလည်း ဆရာတော်ကလက်မခံဘဲ ဒေသခံများကို တရားမဝင်သွားလာသူများဖြစ်တာကြောင့် လမ်းသည်လည်း တရားမဝင်သည့်လမ်းဖြစ်၍ ယခုလိုပိတ်လိုက်ခြင်းဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ကြောင်း ဒေသခံများဆီကနေတစ်ဆင့် သိရသည်။
မဇ္ဈိမသတင်းထောက်အနေဖြင့် မြစ်ဆုံစေတီကျောင်းထိုင်ဆရာတော်ကို ဖုန်းဖြင့်အဆက်အသွယ် ပြုလုပ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိခဲ့သလို၊ ကချင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာသမားများကိုလည်း ယခုကိစ္စနှင့်ပတ်သက်ပြီး လက်ခံဖြေဆိုခြင်းမရှိပါ။
မဇ္ဈိမ မနောသန္တိသုခ ဖောင်ဒေးရှင်း
ကချင်လူထုသမိုင်းဝင် အင်ခိုင်ဘွမ်းတောင်ခြေတစ်ဝိုက်နှင့် တောင်ပေါ်ဘုရားစေတီတည်ခြင်းကို မဇ္ဈိမမနောသန္တိသုခဖောင်ဒေးရှင်းက စတင်ပြုလုပ်ခဲ့သည်ဟု မြစ်ကြီးနားမြို့ခံ သတင်းရင်းမြစ်များက အခိုင်အမာဆိုကြသလို ရရှိထားသည့် သတင်းအချက်အလက် ဓါတ်ပုံများကလည်း အဆိုပါဖောင်ဒေးရှင်းကိုသာ ညွှန်ပြနေသည်။ မဇ္ဈိမ မနောသန္တိသုခဖောင်ဒေးရှင်းဆိုတာက မြစ်ကြီးနားမြို့ ပလန(၂) ကံကော်မြိုင်ကျေးရွာရှိ ကချင်ပြည်နယ်၏ အကြီးဆုံးသော ထိုင်တော်မူရုပ်ပွားတော်စေတီကို တည်ဆောက်ထားသော ဘုန်းကြီးကျောင်းဖြစ်သည်။
မဇ္ဈိမ မနောသုခကျောင်းတိုက်ဖောင်ဒေးရှင်းကို ဦးဆောင်နေသူက ကျောင်းထိုင်ဆရာတော် ဒေါက်တာအရှင်နန္ဒဝံသ ဖြစ်သည်။ ဆရာတော်ဘုရားသည် အင်ခိုင်ဘွမ်းတောင်နှင့် ပလနကျေးရွာအုပ်စုတွင် ဘုရားတည်ခြင်းများကို ရန်ကုန်မြို့နေ ဦးမျိုးဆွေ (သီရိသုဓမ္မသိင်ဂီ)နှင့် မဇ္ဈိမ သံဃမာတာ ဒေါ်မြရှင် (ပုလဲရတနာရောင်းဝယ်ရေး)မိသားစုမှ ငွေကျပ် သိန်း ၅,၀၀၀ မတည်လှုဒါန်းငွေများနှင့် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကတည်းနေ စတင်တည်ဆောက်လာခဲ့ခြင်း ဖြစ်သည်။
ယခင်က ပလနကျေးရွာအုပ်စု၏ တစ်ခုတည်းသော ဘုန်းတော်ကြီးသင်ပညာကျောင်း (ဘကကျောင်း)ကို စတင်ဦးဆောင်ခဲ့သည့်အတွက် မြစ်ကြီးနားမြို့နေ ဗုဒ္ဓဘာသာဝင်များက ဆရာတော်ကို ကြည်ညိုကိုးကွယ်ကြသည်။ ဒါ့အပြင် အဆိုပါ ကျောင်းထိုင်ဆရာတော်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ မြစ်ကြီးနားမြို့နယ်၏ နယ်မြေခံတပ်ရင်းတစ်ခုဖြစ်သည့် အမှတ်(၂၉) ခြေလျင်တပ်ရင်းမှ တပ်ရင်းတပ်ဖွဲ့ဝင်များ ကိုးကွယ်သော ဘုန်းကြီးဖြစ်လို့ ဆရာတော်ကို စစ်တပ်ဘုန်းကြီးလို့ အရပ်ထဲမှာ လူသိများပါသည်။ လက်ရှိဘုန်းကြီးကျောင်းနှင့် ခလရ(၂၉)တပ်က မိနစ်အနည်းငယ်သာ ဝေးသည့်နေရာတွင် တည်ရှိနေပြီး၊ အဆိုပါ ဘုရားစေတီတည်ဆောက်မှုများ၌ ခလရ(၂၉) တပ်ရင်းတပ်ဖွဲ့ဝင်များကလည်း လှုဒါန်းမှုများ ရှိကြောင်း ဂေါပကအဖွဲ့ဝင်များထံကနေ သိရသည်။
အဆိုပါဖောင်းဒေးရှင်းကို ဦးဆောင်သည့် ဆရာတော် ဒေါက်တာအရှင်နန္ဒဝံသသည် အင်ခိုင်ဘွမ်းတောင်နှင့် တောင်ခြေတစ်ဝိုက်တွင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်နောက်ပိုင်းကစလို့ “သယံဇာတသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် တောရိုင်းတိရစ္ဆာန်များ ဘေးမဲ့တော”အဖြစ် တောရိုင်းတိရစ္ဆာန်များကို သွားရောက်လွှတ်ပေးရင်း ဘုရားတည်ခြင်းများကို စတင်လုပ်ဆောင်လာခဲ့တာဖြစ်တယ်လို့ လေ့လာ စုံစမ်း သိရှိရသည်။
အမျိုးသားဥယျာဥ်ကာကွယ်တော
အင်္ဂလိပ်ခေတ်ခေါ် ပဒေသရာဇ်စနစ်အုပ်ချုပ်သောကာလက အင်ခိုင်ဘွမ်းတောင်သည် အင်္ဂလိပ်စစ်သည်များအတွက် စစ်ရေးနည်းဗျူဟာအရ အရေးပါအရာရောက်သည့် တောင်တန်းကြီး တစ်ခုဖြစ်လာသည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။ အင်္ဂလိပ်တို့သည် အင်ခိုင်ဘွမ်းတောင်ထိပ်တွင် အင်္ဂလိပ်စစ်စခန်းတည်ဆောက်ကာ စစ်ရေးနည်းဗျူဟာအရ မှန်ပြကြေးနန်းရိုက်သည့်အတွက် “မှန်ပြတောင်” ဟုလည်းခေါ်ကြောင်း သမိုင်းသုတေသီတစ်ဦးဖြစ်သည့် ဒေါက်တာကရိုင်ဘောမ်အောန်က ဆိုသည်။
ထိုအခြေအနေမှသည် အင်ခိုင်ဘွမ်းတောင်သည် အကြောင်းအမျိုးမျိုးကြောင့် သဘာဝပတ်ဝန်းကျင်များ ယိုယွင်းပျက်စီးလာသည့်အတွက် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် “အမျိုးသားဥယျာဥ် ကာကွယ်တော၊ ကြိုးဝိုင်းအဖြစ်” နိုင်ငံတော်အစိုးရမှ သတ်မှတ်လိုက်သည်။
မြစ်ကြီးနားတက္ကသိုလ်၏ ရုက္ခဗေဒဘာသာရပ်မှ အမည်မဖော်လိုသည့် ဆရာမတစ်ဦးက “အင်ခိုင်ဘွမ်းတောင်တန်းက ဇီဝမျိုးကွဲဆိုင်ရာ အထူးထိန်းသိမ်းရမယ့် ကချင်ပြည်နယ်၏အထူးဒေသတစ်ခုမို့ တန်ဖိုးထားကို ထားရမယ့် နေရာတစ်ခုပါ။ နောက်ပြီး တောင်ထိပ်က ရေပြာအိုင်၊ တောင်ထိပ်က ရေချိုအိုင်ကို ထိန်းသိမ်းတတ်ရင် Tourist attraction (ခရီးသွားများဆွဲဆောင်နိုင်သော) အားဖြင့် income (ဝင်ငွေ) တစ်ခု ဖြစ်လာနိုင်တယ်”လို့ ဆိုသည်။
အင်ခိုင်ဘွမ်းတောင်တန်းကြီးတွင် ပြီးခဲ့သည့် နှစ်နှစ်လောက်က ငါးမျိုးစိတ်သစ် တစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့ရသည့် မှတ်တမ်းမှတ်ရာများရှိကြောင်း တက္ကသိုလ်ဆိုင်ရာ အချက်အလက်တွေအရ သိရသည်။
ကချင်ပြည်နယ်အတွင်းက နာမည်ကြီး ဘုရားစေတီများနှင့် စစ်တပ်ပတ်သက်မှု
ကချင်ပြည်နယ်မှာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁.၆ သန်းကျော်ရှိပြီး၊ ၎င်းလူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်ခန့်က ဗုဒ္ဓဘာသာဝင်များကို အများဆုံးကိုးကွယ်ကြကြောင်းဖော်ပြထားသည်။ သန်းခေါင်စာရင်းလူဦးရေ၏ ၃၀ ရာခိုင်နှုန်းကျော်က ခရစ်ယာန်ဘာသာဝင်သာဖြစ်ပြီး၊ အစ္စလာမ်ဘာသာက တစ်ရာခိုင်နှုန်းကျော်အပြင် ဟိန္ဒူဘာသာက သုည ဒသမငါး ရာခိုင်နှုန်းကျော်နှင့် နတ်နဲ့အခြားကိုးကွယ်မှုကလည်း သုည ဒသမငါး ရာခိုင်နှုန်းကျော်ခန့် ရှိနေကြောင်း ဖော်ပြထားပါသေးသည်။
ကချင်ပြည်နယ်အတွင်းမှာ ပုဂံမြို့ဟောင်းဘုရားများရှိသည့် နေရာကဲ့သို့သော နေရာများလည်းရှိသလို ညာဏ်တော်အမြင့်ပေ ၂၇ ပေအထက်ရှိသော စေတီပုထိုးက ဒုတိယအများဆုံးရှိသည့် ပြည်နယ်တစ်ခုလည်း ဖြစ်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ တရားဝင်ဝက်ဆိုက်တွင် ဖော်ပြထားပါသည်။ ထိုအချက်က ကချင်တိုင်းရင်းသားဒေသခံ အများစု နေထိုင်ကြသည့် ကချင်ပြည်နယ်အတွင်း ဗမာကဲ့သို့သော အခြားတိုင်းရင်းသားတို့၏ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ သာသနာအဆောက်အဦများက အလွန်များနေသည့်အချက် တစ်ချက်ဖြစ်ကြောင်း မီးမောင်းထိုးပြနေသည်။
ပူတာအိုဒေသရှိ ကျောက်နဂါးခေါ် ဘုရားစေတီအပြင် ဧရာဝတီမြစ်ဆုံနေရာက ဆုတောင်းပြည့်စေတီ၊ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က တည်ထားခဲ့သည့် မြစ်ကြီးနားမြို့က ရွှေတိဂုံပုံတူဘုရားစေတီများကို မြစ်ကြီးနားမြို့အပြင် ကချင်ပြည်နယ်အတွင်းက အခြားမြို့အချို့မှာလည်း တည်ဆောက်ထားကြသည်ဟု စုံစမ်းသိရှိရသည်။ ထို့အပြင် မန္တလေးရှိ “မဟာမြတ်မုနိရုပ်ပွားတော်”ကဲ့သို့သော ဗုဒ္ဓဘုရားရုပ်ပွားတော်ပုံတူလည်း မြစ်ကြီးနားမြို့တွင် တည်ထားကိုးကွယ်ထားသည်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလက မြစ်ကြီးနားမြို့ခရီးစဥ်မှာ မြစ်ဆုံဆုတောင်းပြည့်စေတီကို သွားရောက်ဖူးမြော် လှူဒါန်းခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာပြဿနာ
အင်ခိုင်ဘွမ်းတောင်အမျိုးသားဥယျာဥ်သည် ဘာသာရေးနှင့် မသက်ဆိုင်သည့် နေရာတစ်ခုဖြစ်သည့်အတွက် အဆိုပါနေရာအနီးတစ်ဝိုက်မှာ ကချင်လူမျိုးခရစ်ယာန်ဘာသာနှင့် သက်ဆိုင်သည့် မည်သည့်အမှတ်အသားကိုမှ ပြုလုပ်ထားခဲ့ခြင်းမျိုး မရှိဘူးဟု သိရသည်။
မြန်မာနိုင်ငံသို့ ပထမဆုံး နှစ်ခြင်းခရစ်ယာန်သာသနာပြုဖို့ အဒေါနိရမ်ဂျပ်ဒ်ဆမ်နှင့်ဇနီးတို့က ၁၈၁၃ ခုနှစ် အစောပိုင်းကာလများတွင် စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ ယခုဆိုရင် နှစ်ပေါင်း ၂၀၀ ကျော်ခဲ့ပြီ ဖြစ်သည်။ ခရစ်ယာန်ဘာသာကို အများဆုံးကိုးကွယ်ကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်းနှင့် ရှမ်း အစရှိသည့် တိုင်းရင်းသားဒေသများမှာတော့ နှစ်ရှည်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် သမိုင်းဝင် ခရစ်ယာန်ဘာသာရေးဆိုင်ရာ သာသနာရေးအဆောက်အဦ အမြောက်အမြား ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် တိုင်းရင်းသားဒေသခံများကလည်း အခုချိန်ထိ စစ်ပြေးတိမ်းရှောင်ရင်း နေထိုင်နေကြရဆဲ ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ကြံ့ကြံ့ခံဆန့်ကျင်ကြသည့် မြန်မာနိုင်ငံအနောက်မြောက်၊ အလယ်ပိုင်းနှင့် အရှေ့တောင်အရပ်က ခရစ်ယာန်ဘုရားကျောင်း ၁၀၀ ထက်မနည်း ဖျက်ဆီးခံရသည်ဟု International Christian Concern က သတင်းထုတ်ပြန်ပါသည်။
စစ်ပွဲများကြောင့် ခရစ်ယာန်သမိုင်းဝင် သာသနာရေးအဆောက်အဦ အမြောက်အမြား ဖျက်ဆီးခံရပေမယ့် တိုင်းရင်းသားဒေသတွေမှာတော့ ဗုဒ္ဓဘာသာစေတီပုထိုးများစွာ တွေ့မြင်လာနေရတာကတော့ ငြင်းမရသည့်အခြေအနေဖြစ်ကြောင်း အမည်မဖော်လိုသည့် ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူက အခုလိုဆိုပါသည်။
စစ်ပွဲများကြောင့် ခရစ်ယာန်သမိုင်းဝင် သာသနာရေးအဆောက်အဦ အမြောက်အမြား ဖျက်ဆီးခံရပေမယ့် တိုင်းရင်းသားဒေသတွေမှာတော့ ဗုဒ္ဓဘာသာစေတီပုထိုးများစွာ တွေ့မြင်လာနေရတာကတော့ ငြင်းမရသည့်အခြေအနေဖြစ်ကြောင်း အမည်မဖော်လိုသည့် ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူက အခုလိုဆိုပါသည်။
“တိုင်းရင်းသားဒေသတွေမှာ ဖြစ်တဲ့စစ်ပွဲတွေကို ပြန်ကြည့် ကြည့်လိုက်ပါ။ ရိုးရိုးစစ်ပွဲတွေပဲ မဟုတ်ဘူး။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးကို ဖျက်ဆီးဖို့လုပ်တဲ့ စစ်ပွဲသက်သက်တွေပဲ။ ကျနော်တို့က စစ်ဖြစ်တယ်။ တိုက်ကြတယ်၊ ခိုက်ကြတယ်ဆိုတာလောက်ပဲ မြင်ကြတယ်။ တကယ်က အဲ့ထက်ပိုတယ်။ ခရစ်ယာန်ဘာသာကို မြန်မာနိုင်ငံမှာ သမိုင်းဝင်စတင်ပျိုးထောင်ပေးတဲ့ ဆရာကြီးယုဒဿန်ရဲ့ လွမ်းမောဖွယ်အထိမ်းအမှတ် ကျောက်တုံးကြီးကိုတောင် ၁၉၉၀ ပြည့်နှစ်ကာလက နိုင်ငံတော်အုပ်ချုပ်ရေးတာဝန်ယူထားသူတွေရဲ့ အင်အားနဲ့ စစ်ဆင်ရေးအသွင်တစ်ခုလို ညတွင်းချင်း လက်စဖျောက်ပစ်လိုက်ကြတာပဲ ကြည့်လေ” ဟု ဆိုသည်။
မြန်မာနိုင်ငံအစိုးရအဆက်ဆက်က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ဖို့ကြိုးစားခဲ့ကြသည်။ ၁၉၆၀ ပြည့်လွန်နှစ်များတွင် ဝန်ကြီးချုပ်ဦးနုအစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ရန် ကြိုးပမ်းမှုများသည် ပြည်မနှင့် ပြည်နယ်ညီညွတ်မှု၊ စိတ်ဓာတ်အားထိခိုက်စေခဲ့သည်။
“ဦးနုနဲ့အဖွဲ့က နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာလုပ်လိုက်လို့ ဘာအကျိုးမှမခံစားရပေမယ့် ဒီလိုသတ်မှတ်လိုက်တာက ဗုဒ္ဓဘာသာဝင်အများစုကို ရိုက်ခတ်နေတဲ့ မြန်မာနိုင်ငံရေး ပြောင်းလဲမှုတိုင်းမှာ ပြန်ပြန်ကြည့်ရမယ့် သမိုင်းစာမျက်နှာ တစ်ကွက်လို့ပြောရင်လည်း ငြင်းလို့ရမယ်မထင်ဘူး” ဟု ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူ သမိုင်းသုတေသီတစ်ဦးက အခုလိုမှတ်ချက်ပြုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တခြားဘာသာများကို အသိအမှတ်ပြုသော်လည်း ဗုဒ္ဓဘာသာကို “ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာဖြစ်သည်”ဟု လို့ ဖော်ပြထားသည်။ ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည် ဟုသာ ဖော်ပြထားသည်။ (၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၃၆၁ - ၃၆၂)
“စစ်တပ်က ဗုဒ္ဓဘာသာဝင်တို့၏ စရိုက်လက္ခဏာနှင့် အကျိုးစီးပွားများကို ဦးစားပေးပြီး၊ တိုင်းရင်းသားလူနည်းစုများနှင့် ဘာသာရေးလူနည်းစု အုပ်စုများအား ခွဲခြားနှိမ်ချသော ဆက်ဆံရေးများရှိခဲ့သည်ကို ဆယ်စုနှစ်ပေါင်းများစွာချီ၍ အများအပြား အသေအချာကို မှတ်တမ်းတင်ထားပြီးသာ”ဖြစ်သည်။
ဥပမာအားဖြင့် “အမျိုး၊ ဘာသာသာသနာ၊ အမျိုးသားယဥ်ကျေးမှုစရိုက်လက္ခဏာ၊ အမျိုးသားအကျိုးစီးပွားတို့ကို မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်” ဟု ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ လူ့အခွင့်အရေးကောင်စီ၏ ၂၉ ကြိမ်မြောက် အစည်းအဝေးသို့ တင်သွင်းသော “သီးသန့်လွတ်လပ်သော နိုင်ငံတကာအချက်အလက် ရှာဖွေရေးမစ်ရှင်”၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားသည်။
မြန်မာစစ်တပ်သည် သမိုင်းအစဥ်အလာအရ “တိုင်းရင်းသားလူမျိုးစုတို့၏ မတူကွဲပြားချက်များကြားမှ အမျိုးသားစည်းလုံးညီညွတ်ရေး”အားထိန်းသိမ်းပေးသည့်၊ နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်သူအဖြစ် မိမိကိုယ်မိမိ ပုံဖော်ထားသည်။ သို့သော် လက်တွေ့မှာက လူနည်းစုတိုင်းရင်းသားတွေအပေါ် နှိမ့်ချဆက်ဆံနေသည့်အပြင် တိုင်းရင်းသားလူမျိုးများ ဂုဏ်ယူတန်ဖိုးထားတဲ့နေရာတွေမှာ တိုင်းရင်းသားဆန္ဒများမပါဘဲ ဗုဒ္ဓဘာသာစေတီပုထိုးများ တည်ဆောက်နေခြင်းသည် ဗုဒ္ဓဘာသာလူမျိုးကြီးလွှမ်းမိုးရေးကို အရှိန်မြင့်ဆောင်ရွက်နေခြင်းသာဖြစ်သည်လို့ ထိုအစီရင်ခံစာမှာ ပါရှိသည်။
ကချင်တိုင်းရင်းသားများ၏ အမွေအနှစ် အင်ခိုင်ဘွမ်းတောင်မှာ ဒေသခံတိုင်းရင်းသားများ၏ သဘောထားကိုဆန့်ကျင်ပြီး ဘုရားဆင်းတုတော်များ ဆောက်လုပ်ဖို့ ဆက်ကြိုးစားမယ်ဆိုရင် ကချင်တိုင်းရင်းသားများနှင့် ဘာသာခြားလူနည်းစုများအပေါ် ခွဲခြားနှိမ့်ချဆက်ဆံလိုသော ရည်ရွယ်ချက်နဲ့လုပ်ဆောင်သည်လို့ ကချင်တိုင်းရင်းသားတွေက ခံယူထားသဖြင့် ကချင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာဝင်တွေနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သူများအကြား တင်းမာမှုတွေဖြစ်လာနိုင်ပြီး၊ ထိုကနေတစ်ဆင့် လူမျိုးရေးပဋိပက္ခများအထိ ကျယ်ပြန့်လာနိုင်တယ်လို့ ခရစ်ယာန်ဘာသာရေးဆရာများနှင့် ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Kachin Human Rights Watch)က သတိပေးနေသည်။ ။