မိုးရွာသီရောက်လာပြီးဖြစ်တဲ့အတွက် စစ်ရှောင်စခန်းတွေမှာ နေရေးထိုင်ရေးအတွက် အမိုးအကာ မရှိတဲ့ အခက်အခဲတွေ အရင်ကထက် ပိုကြုံတွေ့နေရတယ်လို့ စစ်ရှောင်တွေကဆိုပါတယ်။
“အခက်အခဲက မိုးကြီးလာပြီဆိုရင် မိုးကမလုံတော့ဘူး မိုးကာ ဘယ်နှထပ်အုပ်ထားအုပ်ထား သူယိုနိုင် တယ်လေ။ ညအိပ်နေတဲ့အချိန်ဖြစ်ခါကျတော့လေ မိုးရေက နာဖူးပေါ်ကျလိုက် လက်ပေါ်ကျလိုက် တစက်တစက် ကျလာတော့ဘယ်ကနေ ကျမှန်မသိဘူးလေ။ သေချာကြည့် လိုက်တော့ မိုးကြီးနေတယ်ပေါ့ အသားကုန်သည်းတာပေါ့နော်” လို့ စစ်ရှောင်တစ်ဉီးက ပြောပါတယ်။
ကရင်နီပြည်က စစ်ရှောင်အများစုဟာ မိုးကာနဲ့ တဲအိမ် ထိုးပြီး တောတောင်တွေ ၊ ကျေးရွာတွေ အနား စစ်ရှောင်နေကြရတာ တစ်နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။
“လမ်းကစ နေရေးထိုင်ရေးကနေအစုံပဲ။ မနက်ရောက်ရင် တချို့ဆို ထမင်းဟင်းချက်လို့ မရဘူး ။ တောင်က စောင်းပြီးရေတွေဆင်းလာတဲ့အခါကျတော့ တဲအောက်မှာ ရေတွေအကုန်လုံး ဝင်ကုန်တယ် လေ။ ထင်းတွေလည်း စိုကုန်တော့ ထမင်းတွေ ချက်လို့မရဘူး။ မီးဖိုတွေလည်းရေတွေစိုကုန်တော့ ထမင်း မကျက်နိုင်တော့ဘူးလေ။ မိုးရာသီရောက်ပြီး အဲလိုဖြစ်ဖန်များရင်တော့ ဘယ်လိုဖြစ်လာ မလဲ မသိဘူးပေါ့။” လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။
နေဖို့ တဲအိမ်တွေအတွက် မိုးကာ လိုအပ်သလို စာသင်ဆောင်ဖွင့်ထားတဲ့ စစ်ရှောင်စခန်းတွေမှာဆိုရင်လည်း စာသင်ဆောင်အတွက် မိုးကာတွေ လိုအပ်တာရှိတယ်လို့ ဆိုပါတယ်
သက်ကြီးပိုင်းနဲ့ ကလေးတွေမှာ သွားလာရေးအတွက် အခက်ခဲဆုံးဖြစ်ပြီး ကလေးတွေ ကျောင်းသွားဖို့ မိုးကာနဲ့ ထီးစတာတွေ လိုအပ်တယ် လို့ဆိုပါတယ်။
“ကလေးတွေအတွက်မိုးရာသီရောက်ပြီဆိုရင် လိုအပ်ချက်တွေက များလာတယ်။ ကျောင်းသွားဖို့ဆိုရင် မိုးရွာတော့ လမ်းကချော်တယ် သူတို့ခမျာလည်း ဖိနပ်စီးလို့မရဘူး။ အဲဆိုကြက်ပေါင်ဖိနပ်ရှိရင်တော့ ပိုကောင်းတာပေါ့။ အဲလိုမျိုးလေးတွေပေါ့နော်။ပြီးရင်လမ်းသွားရင် ထီးတွေလိုအပ်မယ် ထီးမဟုတ်ရင် လည်း မိုးကာပေါ့ အင်္ကျီမိုးကာလေးတွေ လိုအပ်တယ်ပေါ့’’ လို့ CDM ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။
ကရင်နီပြည်မှာဆိုရင် နေရပ်စွန့်ခွာ စစ်ရှောင် နေရသူ နှစ်သိန်း ရှိနေတာဖြစ်ပြီး အထူးသဖြင့် ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်ရှေ့ဖက်ခြမ်းတွေ မှာဆိုရင် တောတောင်ထဲ စစ်ရှောင်နေကြရတာဖြစ်ပါတယ်။