ကက — “သူများတွေ ကျမကို လာပြောပါများတော့ မခံမရပ်နိုင်တော့တဲ့အဆုံး ယခါ့ညာ့ (မြက်ပေါင်းသတ်ဆေး) ကို သောက်ပြီး ကိုယ့်ကိုယ်ကိုတစ်ခါ သေကြောင်းကြံမိတယ်။ ဒါပေမယ့် အသက်တော့ မသေခဲ့ဘူး” လို့ ပြန်ပြောင်းပြောသူက စောဖော့အွာ တဖြစ်လဲ နော်စူစီ ဖြစ်ပါတယ်။
မျက်မှောက်ခေတ်ကာလ လူမှုဝန်းကျင်မှာ ကျားမတန်းတူရေး၊ LGBT အခွင့်အရေး စတဲ့ လှုပ်ရှားမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုပြောလာကြတာ ရှိပေမယ့် ငယ်ဘ၀တလျှောက်လုံး နှိမ်ချကဲ့ရဲ့မှုတွေကိုသာ ခါးသည်းစွာ ခံစားခဲ့ရတယ်လို့လည်း နော်စူစီက ပြောပါတယ်။
သူကြီးပြင်းလာခဲ့ရာ လူမှုအသိုင်းအဝိုင်းက မိရိုးဖလာအစဉ်အလာကိုသာ လက်ခံကြသူတွေဖြစ်ကြပြီး အယူသီးကြတဲ့သူတွေလည်း များကြလို့ သူ့ရဲ့လိင်စိတ် ခံယူဖြစ်တည်မှု အရှိတရားနဲ့ စိတ်ခံစားချက်တွေကို ပတ်ဝန်းကျင်ကို ချပြဖို့ အင်မတန်မှ ခက်ခဲလှတယ်လို့ စောဖော့အွာ တဖြစ်လဲ နော်စူစီက ဆိုပါတယ်။
သူ့ဟာယောက်ျားလေးအဖြစ် မွေးဖွားလာခဲ့ပေမယ့် သိတတ်စအရွယ်ထဲက မိန်းကလေးစိတ်တိမ်းညွတ်တဲ့ အတွက် ပညာသင်ယူ ကျောင်းပြီးရင်တောင်မှ အလုပ်လုပ်ဖို့ သူများတွေက အလုပ်ခန့်မှာမဟုတ်ဘူးလို့ သူရဲ့အိမ်နီးနားပတ်ဝန်းကျင်မှာနေသူတွေက အမြဲပြောဆိုကြတယ်လို့ သူက ပြောဆိုပါတယ်။
“ကျမက ငယ်ငယ်ကတည်းက မိန်းမစိတ်ပေါက်တာ။ ကျမမိဘ၊ ညီအစ်ကို၊ မောင်နှမတွေက လက်မခံလို့ ကျမရဲ့ ဖြစ်တည်မှုကို ကျမ မဖော်ပြရဲဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျမတို့ ကရင့်အသိုင်းအဝိုင်းထဲလူတွေ တော်တော်များများက LGBT ကို သိပ်မသိကြသေးဘူးပေါ့နော်။ မိန်းမစိတ်ပေါက်တဲ့သူတွေဆို မကောင်းဆိုးဝါးကောင်လို့ ပြောကြတယ်။ အရင်ဘဝက မကောင်းမှုတွေ လုပ်ခဲ့လို့ အခုလို ဖြစ်လာတာ၊ ကျောင်းတက်တုန်းကလည်း အဲလိုပဲပြောတယ်။ ကျမကို အနိုင်ကျင့်ကြတယ်။ ဆရာကိုယ်တိုင်ကလည်း ပြောတယ်” လို့ စောဖော့အွာ တဖြစ်လဲ နော်စူစီက ဆိုပါတယ်။
မိသားစုမှာ ယောက်ျားလေးအဖြစ် မွေးဖွားလာတာဖြစ်လို့ ဆော့ကစားချိန်တွေရော ပညာသင်ကြားချိန်မှာပါ ယောက်ျားလေး သူငယ်ချင်းတွေနဲ့သာ နေထိုင်ဆော့ကစားရပြီး အဲဒီလိုအချိန်က သူ့ကိုယ်သူ မိန်းကလေးစိတ် ခံစားနေရတယ်ဆိုတာကို ပြောပြဖို့က အင်မတန်မှ ခက်ခဲခဲ့တယ်လို့ သူက ပြောပါတယ်။
ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှု၊ ခွဲခြားဆက်ဆံမှုဒဏ်ကို သိတတ်စအရွယ်ကနေ သူ့အသက် ၁၅ နှစ် ၁၆နှစ် အထိ ခံစားလာခဲ့ရပြီး အဲဒီလို မခံစားနိုင်တော့တဲ့ အဆုံးတော့ ဒီလောကကြီးထဲ အသက်ဆက်မရှင်ချင်တာကြောင့် ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ ယခါ့ညာ့ ခေါ် မြက်ပေါင်းသတ်ဆေးကို သောက်သုံးခဲ့တယ်လို့ သူက ဆက်ပြောတယ်။
“ ကဲ့ရဲ့ပြောဆိုတာတွေများတော့ ဒီလောကကြီးမှာ အသက်ဆက်မရှင်ချင်တော့လို့ ဆေးသောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေတယ်။ ကျမကိုယ့်ကိုယ်ကို ဆေးသောက်သေတဲ့အခါမှ အဖေ၊ အမေက ကျမကို ချစ်တယ်ဆိုတာ သိလာရတယ်” လို့ နော်စူစီက ဆိုပါတယ်။
သူ့မိဘတွေက သူ့ကိုမိန်းကလေးစိတ် မဖြစ်စေချင်တာက ပတ်၀န်းကျင်နေသူတွေ လာပြီးကဲ့ရဲ့ပြောဆိုတဲ့ အခါမှာ သူကိုသနားစိတ်ဖြစ်ပြီး မိဘတွေကိုယ်တိုင်လည်း ခံစားရတယ်။ သူများတွေ လာပြီးကဲ့ရဲ့ ပြောဆိုတာကိုလည်း သူတို့က မလိုလားဘူးလို့ သူက ပြောဆိုတယ်။
“ကျမကိုယ့်ကိုယ်ကို ဆေးသောက်သတ်သေပြီး အနာတွေ ပြန်လည်သက်သာလာတဲ့အခါမှာ အဖေနဲ့အမေက လာပြောတယ်။ သားရေ.. အိမ်ပြန်လာနေတဲ့အခါကျရင် နင် မိန်းမလိုပဲ နေချင်လည်းနေ၊ ယောက်ျားလို နေချင်လည်းနေ စိတ်ချမ်းသာနေပြီး လူကောင်းတစ်ယောက်ဖြစ်ရင် ရပါပြီ။ အဲဒီမှာ ကျမခွန်အားတွေ ရှိလာတယ်” လို့ နော်စူစီက ဆက်ပြောပါတယ်။
စောဖော့အွာ တဖြစ်လဲ နော်စူစီရဲ့မွေးရပ်ဇာတိက ကရင်ပြည်နယ်ထဲက ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံးနယ်မြေပိုင် ကော့ကရိတ်မြို့နယ်ထဲက ရွာလေးတစ်ရွာ ဖြစ်ပါတယ်။ ၂၀၀၆၊ ၂၀၀၇ ခုနှစ်လောက်မှာ မွေးရပ်မြေမှာ တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့အတွက် သူလည်း စစ်ရှောင်ပြေးရသူတစ်ယောက် ဖြစ်လာတယ်လို့ ဆိုပါတယ်။
သူ့အသက် ၁၂ နှစ်အရွယ်မှာ သူ့မိဘတွေက သူ့ကို ဆက်လက်ပညာသင်ယူနိုင်စေဖို့အတွက် ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ လာအပ်ထားပြီး ဆက်လက် ပညာသင်ယူစေခဲ့ပါတယ်။
သူ ၉ (နမ၀တန်း) တန်း အောင်မြင်ပြီးတဲ့နောက် သူ့ဝါသနာပါရာ စက်ချုပ်ပညာကို သင်ယူနေစဉ်မှာပဲ အွန်လိုင်းပေါ်ကတဆင့် အလှကုန်ပစ္စည်းတွေကို ရောင်းချခဲ့တာကြောင့် သူ့ရဲ့အသုံးစရိတ် လုံလောက်အောင် ရှာနိုင်လာတယ်လို့ သူက ပြောပါတယ်။
အဲဒီအပြင် ကတာ၊ သရုပ်ဆောင်တာကိုလည်းဝါသနာပါတာကြောင့် ကရင်ဘာသာစကားပြော ကရင်ဟာသ ဇာတ်လမ်းတိုတွေမှာ သူပါဝင်ရိုက်ကူးပြီး သရုပ်ဆောင်အဖြစ်လည်း လုပ်ကိုင်ခဲ့တယ်လို့ နော်စူစီက ပြောပါတယ်။
အဲဒီလို သရုပ်ဆောင်အနေနဲ့ လုပ်ဆောင်ခဲ့လို့ အခုချိန်မှာတော့ သူ့ကို ကရင်လူမှုအသိုင်းအဝိုင်းကြားမှာ လူသိများလာပြီး သူ့အပေါ်ထားရှိတဲ့ ပတ်ဝန်းကျင်ရဲ့ အမြင်သဘောထားတွေကလည်း များစွာပြောင်းလဲ လာတယ်လို့ နော်စူစီက ဆိုပါတယ်။
ဒါ့အပြင် ကရင်ဘာသာစကားပြော ဇာတ်လမ်းတိုတွေမှာ သူနဲ့အတူ သရုပ်ဆောင်ရိုက်ကူးကြသူတွေက သူ့ကိုနားလည် လက်ခံပေးကြသလို အားပေးကူညီကြတဲ့အတွက် စိတ်ခွန်အားရှိလာပြီး စိတ်ဓာတ်တွေ တက်ကြွလာတယ်လို့ သူက အခုလိုပြောပြပါတယ်။
“ အစ်မလားစေးဖော (သရုပ်ဆောင်)နဲ့ ကျောလောအယ် (ဟာသသရုပ်ဆောင်) ကလည်း ကျမကို အားပေးတယ်။ အလုပ်ကို ကြိုးစားပေါ့။ အဲဒီမှာ စိတ်ဓာတ်ခွန်အားတွေ အများကြီးဖြစ်စေတယ်။ ပရိသတ်တွေကလည်း အားပေးကြတဲ့အတွက် ခွန်အားတွေ၊ စိတ်ဓာတ်တွေ တက်ကြွလာတယ်။ အရင်က အိမ်ပေါ်ကနေ အိမ်အောက်တောင် မဆင်းရဲဘူး။ အခုက ကျမအတွက် သူတို့နားလည်ပေးနေပြီပေါ့နော်” လို့ နော်စူစီက ဆိုပါတယ်။
သူ့ရဲ့လူမှုအသိုင်းအဝိုင်းက သူ့အပေါ် အမြင်သဘောထားတွေ ပြောင်းလဲဆက်ဆံလာသလိုပဲ နော်စူစီရဲ့ ရှင်သန်ရပ်တည် နေထိုင်မှုပုံစံတွေ၊ သဘောထားခံယူချက်တွေဟာလည်း ပြောင်းလဲလာတယ်လို့ သူနဲ့ အတူ သရုပ်ဆောင်လုပ်ငန်းကို အနီးကပ် အတူဆက်ဆံ လုပ်ကိုင်နေသူဖြစ်တဲ့ ဟာသသရုပ်ဆောင် ကျောလော အယ်က အခုလို ပြောလာပါတယ်။
“ သူ အခုတော်တော်အလုပ်ကြိုးစားနေတာ တွေ့ရတယ်။ တစ်ခါတစ်လေ သူစိတ်အားငယ်တာတွေ ရှိတယ်။ သူလည်း အဲလိုလူမျိုးတော့ မဖြစ်ချင်ပေမယ့် ပြောင်းလဲလို့ မရတဲ့အတွက် သူ့ကို အားပေးရမယ်။ သူများ ကဲ့ရဲ့သံတွေကို ဂရုမစိုက်နဲ့ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်၊ အရင်က သူ့ကို ပုတ်ခတ်ပြောဆိုလာရင် သူတုန့်ပြန်တာတွေ ရှိတယ်။ အခုသူ အဲဒါတွေ မလုပ်တော့ဘူး”လို့ ကျောလောအယ်က ဆိုပါတယ်။
အရင်အချိန်က ကဲ့ရဲ့ပြောဆိုမှုတွေကို စိတ်ဒဏ်ရာခံစားချက်အရ ပြောဆိုခံရလိုက်ချိန်တိုင်း တုန့်ပြန် ပြောဆိုတာတွေ လုပ်ခဲ့ပေမယ့် အခုအချိန်မှာ တုန့်ပြန်တာတွေ မလုပ်တော့ဘူးလို့ နော်စူစီက ပြောပါတယ်။
ငယ်ဘ၀ကနေ အရွယ်ရောက်လာချိန်အထိ အများရဲ့ ကဲ့ရဲ့ဝေဖန်သံတွေကို ခံနိုင်ရည်ရှိဖို့ အချိန်အများကြီး ယူခဲ့ရသလို မွေးရာပါ လိင်စိတ်တိမ်းညွတ်မှုအပေါ်လည်း ပြောင်းလဲဖို့ အခွင့်အရေး မရှိခဲ့ဘူးလို့သူက ဆက်ပြောပါတယ်။
သူ့ရဲ့ငယ်ငယ်တည်းက အကြီးမားဆုံး ရည်မှန်းချက်ဖြစ်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲပြီး အမျိုးသမီးတွေမှာရှိတဲ့ လိင်အဂ်ါအားလုံးကို သူ့မှာရှိစေချင်လို့ ခွဲစိတ်ပြောင်းလဲဖို့အတွက် အလုပ်ကြိုးစားပြီး ငွေစုခဲ့တယ်လို့လည်း နော်စူစီက ဆိုပါတယ်။
သူခွဲစိတ်ပြုပြင်ခဲ့မှု အတွေ့အကြုံနဲ့ ပတ်သတ်ပြီး “ကျမ နှစ်ခု သွားပြီးပြုပြင်တယ်။ မျက်နှာနဲ့ ရင်သားပေါ့နော်။ ကျမက ယောက်ျားသားဖြစ်လို့ ရင်သားမရှိတဲ့အတွက် စီလီကွန်ထည့်ပေးရတယ်။ တော်တော်လေးနာတယ်။ ရင်သားက ဘတ် ၆ သောင်းကုန်တယ်။ မျက်နှာကို ပြုပြင်တာက ဘတ် ၁၂၀,၀၀၀ ကုန်ကျတယ်” လို့ သူက ပြောပြပါတယ်။
အမျိုးသားပဲဖြစ်စေ၊ အမျိုးသမီးပဲဖြစ်စေ လိင်စိတ်ခံယူချက်ပြောင်းလဲကြသူတိုင်းက ရယ်တတ်၊ ငိုတတ် ခံစားချက်ရှိကြတဲ့ လူသားတွေပဲ ဖြစ်တာကြောင့် လူမှုပတ်ဝန်းကျင်အနေနဲ့ သူတို့ရဲ့ခံစားချက်၊ သူတို့ရဲ့ အခွင့်အရေးတွေကို လေးစားတန်ဖိုးထားပြီး သူတို့တွေရဲ့ ဖြစ်တည်မူကို အသိအမှတ်ပြုစေလိုတာက သူရဲ့ဆန္ဒပဲဖြစ်တယ်လို့ နော်စူစီ ပြောပါတယ်။
LGBT ပါလို့ ဖြစ်တည်နေထိုင်ကြသူတွေကို ခွဲခြားဆက်ဆံမှုတွေမရှိဘဲ နော်စူစီဆန္ဒရှိသလိုမျိုး လူမှု ပတ်ဝန်းကျင်က အသိအမှတ်ပြု နားလည်ပေးကြဖို့ အရေးကြီးလိုအပ်တယ်လို့ ကျားမတန်းတူရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဖြစ်သူ ဆရာနေလင်းထိုက်က အခုလိုပဲ ရှင်းပြပြောဆိုပါတယ်။
“ဒီကွန်မြူနတီ (လူမှုပတ်ဝန်းကျင်) က လူတွေအားလုံး သိရမယ့်အချက်က ဘာအရေးကြီးလည်းဆိုရင် သူ့ရဲ့ ကွင်းဆက်(Concept)ကိုက ဂျန်ဒါလို့ (Gender) ကျနော်တို့ ပြောလိုက်လို့ရှိရင် အမျိုးသမီးအကြောင်းတွေ LGBT အကြောင်းတွေပဲ ပြောတယ်လို့ ထင်ကြတယ်။ Gender ရဲ့အင်းပတ်( Impact) ကို ခံစားတဲ့သူတွေထဲမှာ အမျိုးသမီးတွေရော၊ အမျိုးသားတွေရော LGBTတွေရော အားလုံးပါတယ်။ အမျိုးသားတွေရဲ့ ဥပမာက ဘာလဲဆိုရင် ယောက်ျားလေးတစ်ယောက်…ကောင်လေးတစ်ယောက်က နည်းနည်းလေး နွဲ့နေအောင် ဖြစ်နေတယ်၊ ဒါမှမဟုတ်လည်း ခံစားချက်တွေအရ သူကနဲနဲလေး ဝမ်းနည်းလွယ်တယ်ဆိုရင် မင်းယောက်ျား မဟုတ်ဘူးလားကွာ အပြောတွေရှိတယ်။ အဲ့ဒီတော့ အားလုံးနားလည်ရမှာက Gender ရဲ့အင်းပတ်က အားလုံးအပေါ်မှာ သက်ရောက်မှုရှိတယ်။ ဒီအချက်ကို အားလုံးက နားလည်ဖို့လိုပါတယ်” လို့ ဆရာနေလင်းထိုက်က ပြောပါတယ်။
နော်စူစီကတော့ အများရဲ့ ကဲ့ရဲ့ပုတ်ခတ်ပြောဆိုမှုသံတွေကို ဆယ်စုနှစ်တစ်စုကျော်ကြာ ရင်ဆိုင်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ လိင်စိတ်ခံယူချက် ပြောင်းလဲမှုခံယူထားသူ LGBT တစ်ယောက်အဖြစ် ရဲရဲဝံ့ဝံ့ ရပ်တည်နေထိုင် နိုင်ပြီဖြစ်လို့ သူ့လိုပဲ လိင်စိတ်ခံယူချက် ပြောင်းလဲမှု ရှိသူတွေအနေနဲ့လည်း ကောင်းတဲ့အရာကို လုပ်ဆောင်ပြီး မိမိ ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း ကြိုးစားလုပ်ဆောင်ပါလို့အခုလို တိုက်တွန်းလိုက်ပါတယ်။
“LGBT ဖြစ်တဲ့သူတွေအနေနဲ့ မိမိရဲ့ ဖြစ်တည်မှုကို ဖော်ပြပါ။ မိဘတွေ မကြိုက်တဲ့သူတွေအနေနဲ့ကတော့ ကောင်းတဲ့အရာကိုပဲ လုပ်ပြပြီး တစ်နေ့သူတို့လက်ခံလာမှာဖြစ်တယ်။ အစ်ကို၊ အစ်မ၊ ဒေါ်ဒေါ်၊ ဦးဦးအနေနဲ့လည်း ကျမတို့ကို ကဲ့ရဲ့ပြစ်တင်တာတွေကို မလုပ်စေချင်ဘူး။ မိန်းမစိတ်ပေါက်နေမယ့်လည်း
လူသားတစ်ယောက်လိုပဲ ခံစားတတ်တဲ့အတွက် သူတို့တွေကို လူသားတစ်ယောက်လိုပဲ မြင်စေချင်ပါတယ်”လို့ သူက ဆိုပါတယ်။