ဒီသတင်းအမှားကို Kyaw Thiha ဆိုတဲ့အကောင့်ကနေ မေလ ၂၀ ရက် နေ့က ရေးသားဖော်ပြခဲ့တာဖြစ်ပြီး “ ကရင်ပြည်နယ်၊ သေဘောထို စခန်းသိမ်း စစ်ပွဲတွင် မြန်မာတပ်မတော်မှ အရှင်လက်ရ ဖမ်ဆီးရရှိ နီပိတ် ၆ ဦးအားတွေ့စဉ်’’ ဆိုပြီး အောက်ပါဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် “အမျိုးဘာသာ သာသနာ နှင့် ကြံ့ခိုင်ရေးပါတီအတွက် စိတ်အေးရပါပြီဟု တပ်မတော်ပြောရေး ဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြားခဲ့ပါသည်’’ လို့လည်း အဲဒီအကောင့်မှာဆက်လက်ဖော်ပြခဲ့ပါတယ်။
တကယ့်ဖြစ်စဉ်မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၆) လက်အောက်ခံတပ်ရင်း(၂၇)၊ တပ်ခွဲ(၂) မှ ဒုခွဲမှူးဗိုလ်ဒ့ါဘော(လက်ရှိCobra စစ်ကြောင်း၏ စစ်ကြောင်းမှူး)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ရဲ့ ကရင်ပြည်နယ် သေ့ဘော့ဘိုးအခြေစိုက်စခန်းကို မေလ ၁၈ ရက်နေ့ညနေ ၄ နာရီမှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းရုံ(KNU) ရဲ့ထုတ်ပြန်ချက်ကို အောက်ပါလင့်မှာတွေ့ရှိနိုင်သည်။
https://m.facebook.com/story.php?story_fbid=342961834605698&id=100066756...
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုရင်းမှူးတစ်ဦး၊ တပ်ခွဲမှူးတစ်ဦးအပါအဝင် စုစုပေါင်းအလောင်းငါးလောင်းတွေ့ရှိခဲ့သလို စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးနှစ်ဦး၊ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦး၊တပ်သားနှစ်ဦး စုစုပေါင်း ၆ ဦးကို အရှင်ဖမ်းဆီးရမိပြီး နောက်တနေ့မှာလည်း စစ်ကောင်စီတပ်သားတစ်ဦးထပ်မံဖမ်းဆီးခဲ့တာလို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါကြောင့် Kyaw Thiha ဆိုတဲ့အကောင့်ကနေ ဖေဖော်ပြထားတဲ့ အဲဒီသတင်းဟာ သတင်းအမှားသာဖြစ်ပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုများကြားမှာ သတင်းတုသတင်းအမှားများဟာနေ့စဉ်လိုလို ထွက်ပေါ်လျက်ရှိပါတယ်။ စာဖတ်သူများအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနများမှ သတင်းတွေကိုသာဖတ်ရှုဖို့တိုက်တွန်း လိုက်ပါတယ်။