တချိန်က စားရေး သောက်ရေး မပူပန်ခဲ့ရတဲ့သူတွေဟာ လက်ရှိမှာတော့ စားဝတ်နေရေးအတွက် အခက်အခဲတွေ ကြုံတွေ့နေရပါပြီ။
တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာလာရတဲ့ စစ်ဘေးရှောင်တွေဟာ ပြည်နယ်အစိုးရ၊ ပြည်တွင်းနဲ့ ပြည်ပက လှူဒါန်းမှုတွေကြောင့် အစပိုင်းမှာ အဆင်ပြေခဲ့ပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စတင် ခက်ခဲလာကြပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရွာပေါင်း ၂၂ ရွာက ဒေသခံတွေဟာ စစ်ကောင်စီတပ် နဲ့ အေအေလက်နက်ကိုင်အဖွဲ့ ကြား ၂၀၂၀ ခုနှစ် မတ်လက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဆမီးမြို့ကို စစ်ဘေးရှောင်လာကြတာ နှစ်နှစ်ကျော်ကြာလာပြီဖြစ်ပါတယ်။
''ကျွန်တော်တို့ ဘဝတွေက အရင်က အေးအေးချမ်းချမ်းပဲဗျာ။ ရောက်ရောက်ချင်းမှာတော့ ဘုရားကျောင်း တွေမှာနေတယ်။ နောက်စာသင်ကျောင်းတွေ ပြောင်းနေတယ်။ အခုတော့ အလှူရှင်တွေ ဆောက်ပေးထားတဲ့ လုံးခြင်းဝါးတဲအိမ်တွေမှာ နေတယ်။ လုံးခြင်းတဲအိမ်တွေဆောက်ဖို့ အလှူရှင်တွေ ငွေနှစ်သိန်းပေးတယ် ။ ဝါးတွေခုတ်တယ် ဝါးရွက်တွေမိုးပြီးနေတာပေါ့။ အခုနေတာ နှစ်နှစ်ကျော်ပြီ နိုင်ငံရေးပြောင်းအလဲကြောင့် အလှူရှင်တွေလည်းမရှိတော့ဘူး။ စားဖို့တောင် ယူအင်(UN)က ပေးတဲ့ စားရိက္ခာပဲ မှီခိုစားနေရတယ်''လို့ ပြိန်တင်ရွာ ဒေသခံ စစ်ဘေးရှောင်တစ်ဦးကဆိုပါတယ်။
လက်ရှိမှာတော့ စစ်ဘေးရှောင်တွေဟာ WFP က ထောက်ပံ့တဲ့ ဆန်နဲ့ ဆီကိုသာ အဓိကအားထားပြီး ရှင်သန်ရပ်တည်နေရပါတယ်။
‘’အခုချိန်မှာ အခက်အခဲဆုံးကတော့ ကျန်းမာရေး၊ ယင်လုံအိမ်သာတွေက အခက်အခဲဖြစ်နေတယ်။ အခုမိုးရာသီလည်း ရောက်ပြီဆိုတော့ အိမ်သာတွေ ရေလျှံတာတွေ နေစရာ အခိုင်အမာမရှိတော့ မိုးမလုံတာတွေဖြစ်လာရပြီ။ ဘယ်သူကိုပြောဆိုရမှန်းလည်းမသိတော့ဘူး ‘’ ဆမီးစစ်ဘေးရှောင် တစ်ဦးက ဆိုပါတယ်။
အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရင်က အသုံးပြုခဲ့တဲ့ မတူပီ -ဆမီးလမ်းကြောင်းကလည်း ပိတ်သွားပြီး အလှူရှင်တွေလည်း လာရောက်မလှူဒါန်းနိုင်ကြတော့ပါဘူး။ မကြာခင် လာရောက်တော့မယ် မိုးရာသီကို ဘယ်လိုဖြတ်သန်းကြရမလဲဆိုပြီးလည်း စစ်ဘေးရှောင်တွေ ကြိုတွေး ပူနေကြရပါပြီ။
ပလက်ဝမြို့နယ်က မိတ်စာဝရွာ (၁)၊ မိတ်စာဝ ရွာ (၂ )၊ မိတ်စာ၀ ရွာ (၃) ၊ ပြိုင်တင်ရွာနဲ့ ဝက်မကျေးရွာ မှာနေကြတဲ့ ရွာသားတွေဆိုရင် ၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲချတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးလာကြရတာပါ။
''စစ်တပ်ကလေယာဉ် နဲ့လာပြီးဗုံးချတယ်။ အသေအပျောက် တော်တော်လေးများပါတယ်။ ကျွန်တော်တို့လည်း ကြောက်ပြီးတော့ ရွာကနေ ပြေးလာကြပြီး မီဇာ(၁)အထကမှာ ခဏနေကြရတယ်။ အဲဒီကနေ မဖြစ်တော့ဘူး ဆိုပြီး အခြေနေဆိုးလာတဲ့အတွက်ကြောင့် ဆမီးမှာပြေးလာရခြင်းဖြစ်ပါတယ် '' လို့ မိတ်စာဝရွာ ဒေသခံ စစ်ဘေးရှောင်တစ်ဦး က ပြောပါတယ်။
နိုင်ငံတော်ကို အုပ်ချုပ်နေကြတဲ့သူတွေကြောင့် သူတို့ဟာ အခုလို ဒုက္ခတွေကို ရင်ဆိုင်နေကြရတာဖြစ်ပြီး နှစ်ဖက် စစ်တပ်ကြား တိုက်ပွဲတွေမှာ မြေစာပင် ဖြစ်ခဲ့ရတယ်လို့လည်း စစ်ဘေးရှောင်တစ်ဦးကဆိုပါတယ်။
'' သူတို့က အေအေတွေ ကျွန်တော်တို့ ရွာထဲမှာရှိတယ်ဆိုပြီး ပြောတယ်။ ကျွန်တော်တို့ ရွာထဲမှာ အေအေတွေက လုံးဝကိုမလာဘူး။ ဒါကိုစစ်သားတွေကပဲ အေအေတွေရှိတယ် အေအေတွေနဲ့ ပူးပေါင်းတယ်ဆိုပြီး ကျွန်တော်တို့ကို လေယာဉ်နဲ့ ပစ်ချတာဖြစ်ပါတယ်''လို့ မိတ်စာဝရွာသားတစ်ဦးက ဆိုပါတယ်။
ဆမီးမြို့ကို ထွက်ပြေး တိမ်းရှောင် လာကြတဲ့ အိမ်ထောင်စုပေါင်း ၈၂၀ ဝန်းကျင် ရှိ ပြီး လူဦးရေအားဖြင့်လည်း ၃၀၀၀ ဝန်းကျင်ရှိပါတယ်။ အရင်က နေရာ ၁၀ ခုမှာ စစ်ဘေးရှောင်တွေကို ယာယီနေရာ ချထားခဲ့ပြီး အခုတော့ စခန်း ငါးခုပဲ ရှိတော့တယ်လို့ သိရပါတယ်။ လူဦးရေဆိုရင်လည်း ၂၀၀၀ ကျော်နဲ့ အိမ်ထောင်စုပေါင်း ၄၂၀ ဝန်းကျင်ပဲရှိပါတော့တယ်။
‘’ အခုတော့ ရွာကိုပြန်ချင်တဲ့ သူတွေကပြန်ကြတယ်။ တချို့ကျတော့လည်း တခြားနေရာပြောင်းရွှေ့တာနဲ့ ဆိုတော့ ဆမီးစစ်ရှောင်စခန်းမှာ လူတွေကနည်းသွားတယ်။ ဒါကြောင့် ကျန်တဲ့သူတွေကို စစ်ရှောင်စခန်း ငါးခုမှာ ပေါင်းထားလိုက်ကြတယ်” လို့ ဆမီးမြို့ခံတစ်ဦးက ဆိုပါတယ်။
ဆမီးမြို့က မြို့ပိုင်ကုန်း၊ ရဲစခန်းကုန်း၊ ထွေအုပ်ရုံးနေရာ ၊ပျံကျဈေးနေရာ (လိပ်ကုန်း)နဲ့ စည်ပင်ဝန်းနေရာတွေမှာ စစ်ဘေးရှောင်တွေကို ထားတာပါ။
လက်ရှိမှာတော့ ပြန်သွားကြတဲ့သူတွေထဲက တချို့က စစ်ရှောင်စခန်းတွေဆီ ပြန်လာဖို့ ပြင်ဆင်နေကြတယ်လို့လည်း စစ်ရှောင်စခန်းက ဒေသခံတွေက ပြောပါတယ်။
‘’ အခြေအနေကောင်းတယ်ဆိုပြီး ပြန်သွားကြတဲ့သူတွေရှိတယ်။ အခုတော့ တိုက်ပွဲတွေပြန်ဖြစ်လာနေတော့ ရွာတွေကိုပြန်သွားတဲ့သူတွေ လည်း ဆမီးကိုပြင်လာဖို့ပြင်ဆင်နေကြတယ်’’ လို့ ဆမီးမြို့ခံ တစ်ဦးက ဆိုပါတယ်။
ပလက်ဝမြို့နယ်က ရောက်လာတဲ့ စစ်ဘေးရှောင်တွေကို ဆမီးမြို့ခံတွေကအကူအညီပေးဖို့ လည်း အခက်အခဲရှိနေပါတယ်။
‘’တကယ်တော့ ဆမီးမြို့မှာက အသိအမှတ်ပြုဒုက္ခသည်နဲ့ အသိအမှတ်ပြုခံရခြင်းမရှိတဲ့မြို့ခံ ဒုက္ခသည်ဆိုပြီး ပြောရမလိုဖြစ်နေတယ်။ စစ်ဘေးရှောင်တွေအတွက်တော့ WFP ကလစဉ် ပုံမှန်ထောက်ပံ့တယ်။ ထောက်ပံ့စာရင်းထဲမှာဆမီးမြို့ခံတွေမပါဘူး၊ ဒီမှာဒုက္ခရောက်နေတာကလည်း မြို့ခံတွေလည်း တူတူပဲဖြစ်နေတယ်။ ကိုယ့်ရဲ့တောင်ယာစိုက်ခင်းတွေဆီ သွားမရဘူး။ ဒီတော့ ဘာအလုပ်မှ လုပ်မရဘူး။ WFPကထောက်ပံ့တာကလည်း စစ်ဘေးရှောင်တွေသီးသန့် ထောက်ပံ့တာ မြို့ခံတွေအတွက် မဟုတ်ဘူး။ ဒီတော့ငွေကြေးရှိတဲ့သူတွေကတော့ ကျောက်တော်ကနေ ဆန်တွေသယ်နိုင်တယ်။တခြားသူတွေကတော့ အခက်တွေ့နေရတယ်’’ဟု ဆမီးမြို့ခံက ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တစ်ခုဖြစ်တဲ့ AA တပ်ဖွဲ့ဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ ၂၀၁၅ ခုနှစ်မှ စတင်အခြေချခဲ့ပြီး စစ်ကောင်စီနဲ့ AA တို့ကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပေမယ့် မပြင်းထန်ခဲ့ပါဘူး။
၂၀၂၀ နောက်ပိုင်းမှာတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေများလာပြီး စစ်ဘေးရှောင် သူတွေလည်းများလာပါတယ်။
အရင်ကတော့ ချင်းပြည်နယ်အတွင်းမှာ ပလက်၀ မြို့နယ်နဲ့ ဆမီးမြို့မှာပဲ စစ်ဘေးရှောင်စခန်းနှင့်ဒုက္ခသည်စခန်း ရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ်အာဏာသိမ်းနောက်ပိုင်းမှာတော့ ချင်းပြည်နယ်တစ်ခုလုံး စစ်ဘေးရှောင်စခန်းတွေနှင့်ပြည့်နေပါတော့တယ်။
ပလက်ဝမြို့နယ်က ပလက်ဝ ၊ ဆမီး ၊စိမ့်စင်းဝ နဲ့ မီးဇာ ဆိုတဲ့ စစ်ဘေးရှောင်စခန်း လေးခုမှာ စစ်ဘေးရှောင် ဦးရေ ၁၀,၀၀၀ ကျော်ရှိနေပါတယ်။
အရင်က AA နဲ့ စစ်ကောင်စီ တပ်ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှာင်ခဲ့ရတဲ့ ဆမီးမြို့က စစ်ဘေးရှောင်တွေဟာ အခုတော့AA ၊ CDF-ပလက်ဝနဲ့ စစ်ကောင်စီတပ်ဖွဲတို့ ကြား အခြေအနေတွေကြောင့် သူတို့ရဲ့ နေရပ်ပြန်နိုင်ဖို့ မျှော်လင့်ချက်တွေက ပိုမိုဝေဝါးလို့ လာပါတော့တယ်။