ဝါရှင်တန်ဒီစီသို့ ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် သည် အမေရိကန်နှင့် အာဆီယံနိုင်ငံများမှ ခေါင်းဆောင် အချို့ နှင့်တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။
NUGဝန်ကြီးဒေါ်ဇင်မာအောင်သည် အမေရိကန်-အာဆီယံ အထူးထိပ်သီးအစည်းအဝေး ကျင်းပမည့် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်သို့ မေ ၁၁ ရက်နေ့က ရောက်ရှိ နေခြင်းဖြစ်သည်။
” NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ အခုခရီးစဉ်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအပြင်အမေရိကန်အစိုးရပိုင်းက ခေါင်းဆောင်တွေရယ်၊ နောက်အစည်းအဝေးတက်ဖို့ ရောက်နေကြတဲ့ အာဆီယံခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံ ဆွေးနွေးဖို့ရှိတယ်” ဟု NUG၏အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်က မဇ္ဈိမသတင်းဌာနကို ပြောသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဦးဆောင်ကျင်းပမည့် အမေရိကန်-အာဆီယံ အထူးထိပ်သီးအစည်း အဝေးမကျင်းပမီ မေလ ၁၁ ရက်နေ့က အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘောအစည်းအဝေးပြုလုပ်ခဲ့သည်။ အလွတ်သဘော အစည်း အဝေးတွင် အာဆီယံနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဆက်ဆံရေးအပါအဝင် မြန်မာ့အရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတကာသတင်းများ အရ သိရသည်။
ထို့ပြင် မလေးရှားနိုင်ငံသည် အာဆီယံကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့နှင့် ထိတွေ့ဆက်ဆံရန် အစည်းအဝေးတွင် တိုက်တွန်းခဲ့သည်။ ၎င်းအနေဖြင့် NUG နိုင်ငံခြားရေးဝန်ကြီးကို ထိပ်သီးအစည်းအဝေးအပြီး မေလ၁၄ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း တရားဝင် ပြောကြားထားသည်။
” အာဆီယံပဋိညာဉ်ရဲ့အထွေထွေ အားနည်းချက်တွေ၊ အဖွဲ့ဝင်နိုင်ငံတွေအကြား မတူကွဲပြားကြတဲ့ ရပ်တည်ချက် သဘောထားအမြင် တွေကြောင့် အာဆီယံတစ်ခုလုံးရဲ့ သဘောထားတစ်ရပ်ဖြစ်လာဖို့တော့ အင်မတန်ခဲယဉ်းလိမ့်မယ်လို့ မြင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့အရေးကိုသာမက ဒေသတစ်ခုလုံးအတွင်းက ပဋိပက္ခတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ အာဆီယံခေါင်းဆောင်မှုအတွင်း လက်တွေ့ကျကျ ချဉ်းကပ်မှုတွေ ပြုလုပ်ဖို့တိုက်တွန်းတယ်။ ကိုယ့်အဖွဲ့အစည်းရဲ့ အားနည်းချက်တွေကို မှန်ကန်စွာ သုံးသပ်ပြီး ဒီမိုကရေစီကျကျ ဆုံးဖြတ်ဆောင်ရွက်သွားနိုင်ဖို့ လိုအပ်နေတာကို မလေးရှား နိုင်ငံက ဦးဆောင်ပြီး မီးမောင်းထိုးပြတာမျိုးဖြစ်တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်” ဟု မလေးရှားနိုင်ငံ၏ထောက်ခံမှုနှင့်ပတ်သက်၍ ဦးဘိုလှတင့်ကပြောသည်။
မလေးရှားနိုင်ငံသည် အမျိုးသားညီညွတ်ရေးအစိုးရကို တွေ့ဆုံထားကြောင်း တရားဝင် ထုတ်ပြောခဲ့သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး ၎င်းအနေဖြင့် အာဆီယံကို သက်ဆိုင်သူများနှင့် တွေ့ဆုံရေးမူအရ NUG ၊ NUCCတို့နှင့် ထိတွေ့ဆက်ဆံသင့်ကြောင်း ထပ်ခါထပ်ခါပြောကြားလျက်ရှိနေသည်ကိုတွေ့ရသည်။
အမေရိကန်-အာဆီယံ အထူးထိပ်သီးအစည်းအဝေးကို မေလ၁၂ရက်နေ့ နှင့် ၁၃ရက် နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် အာဆီယံ ခေါင်းဆောင်များသည် အမေရိကန်အဆင့်မြင့်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွား မည်ဖြစ်သည်။