လက်ရှိကာလမှာ ကယန်းဒေသတွင်း ပညာသင်ကြားဖို့ ခက်ခဲနေတဲ့ ကလေးငယ်တွေအတွက် ပညာသင်ကြားခွင့် ရရှိဖို့ ကယန်းဒေသ အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတချို့က ကြိုးပမ်းလုပ်ဆောင်နေ ကြပါတယ်။
“ကျမတို့ ခုလက်ရှိအခြေအနေအရပေါ့နော်။ ကယန်းဒေသမှာ ပညာသင်ကြားဖို့ ခက်ခဲရှိနေတဲ့နေရာတွေ အများကြီးရှိတာပေါ့နော်။ အဲ့မှာကျမတို့ MTTတို့ ကွင်းဆင်းတွေ့ရှိလေ့လာချက်အရ သုတေသနလှုပ်ရှားမှုအပေါ်မှာ ကြည့်ပြီးတော့မှ ပညာရေးနဲ့ပတ်သက်တာ လိုအပ်ချက်အများကြီးရှိတယ်။ အဲ့ဒါတွေကြည့်ပြီးတော့မှ ကျမတို့က ရွာသားတွေနဲ့ ညှိနှိုင်းတယ်ပေါ့။ ညှိနှိုင်းပြီးတော့မှ ကျောင်းတွေ ပြန်ဖွင့်လို့ရအောင်၊ စာတွေပြန်သင်လို့ရအောင် ကလေးတွေ ပညာရေးမနောက်နှေးသွားအောင်ဆိုပြီးတော့မှ ရွည်ရွယ်ပြီး ဆရာမတွေကို ခေါ်ယူရခြင်း ဖြစ်တာ ပေါ့နော်။” လို့ SEE အဖွဲ့ရဲ့ နယ်လှည့်သင်တန်းပေးဆရာမ မူမြမွန်နစ်က ဆိုပါတယ်။
ဒီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် SEE အဖွဲ့က စာသင်ဖို့စိတ်အားထက်သန်တဲ့ လူငယ်တွေကို ခေါ်ယူပြီးတော့ ဆရာဖြစ်သင် တန်းဖွင့်လှစ်ပြီး လေ့ကျင့်သင်ကြားပေးနေပါတယ်။
လက်ရှိ ပြုလုပ်နေပြီဖြစ်တဲ့ ဆရာဖြစ်သင်တန်းမှာ လူငယ် ၃၃ ဦးပါဝင်တက်ရောက်နေပြီး ဆရာတို့ရဲ့ အခန်းကဏ္ဍနဲ့ တာဝန် ဝတ္တရားများ၊ သင်ယူမှုပုံစံ၊ သင်ကြားရေးနည်းစနစ်၊ သင်ထောက်ကူပစ္စည်းအသုံးပြုတဲ့ နည်းလမ်းများ၊ သင်ခန်းစာရေးဆွဲ ခြင်းနဲ့ စာသင်ခန်းစီမံခန့်ခွဲမှုစတာတွေကို သင်ကြားပေးနေတာပါ။
သင်တန်းတက်ရောက်နေတဲ့ ခွန်းစတီဗင်က “ဒီသင်တန်းပြီးသွားလို့ရှိရင် ကျနော်ကတော့ ဆရာတစ်ယောက် အနေနဲ့ ကျနော်ဆက်ပြီးတော့ လုပ်ကိုင်သွားမှာပေါ့နော်။ ကျနော်အဓိကထားမှာက ကလေးပညာရေးကို ကျနော်ဦးစားပေးမှာပါ။ ရပ်ရွာအတွက်၊ ပြီးမှ တကယ်လို့များ ဒီအဖွဲ့အစည်းက၊ SEE အဖွဲ့အစည်းက စေလိုရာအတိုင်း ကျနော်လိုက်မှာပါ။ ဘာဖြစ်လဲဆို ကိုယ်ကလည်း စာသင်ရတာ ဝါသနာပါနေလို့၊ အတတ်နိုင်ဆုံး ကျနော်လုပ်ပေးမှာပါ။”လို့ ဆိုပါတယ်။
သင်တန်းဆင်းမယ့် ဆရာ၊မတွေကို လာမယ့် ဇွန်လထဲမှာ ကယန်းဒေသတွင်း ဆရာမလိုအပ်တဲ့ ကျေးရွာတွေ အပြင် စစ်ရှောင်စခန်းတွေမှာပါ စာသင်ကြားဖို့ စေလွှတ်တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါတယ်။
“ကိုယ်စစ်ဘေးရှောင်ခဲ့တဲ့ ကျေးရွာအတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ ပြီးတော့လည်း ကျမရထားတဲ့ ပညာတွေလည်း အလေအလွင့်မဖြစ်အောင်၊ ပြီးတော့ ကလေးတွေ ပညာသင်တဲ့အရွယ်မှာ သူတို့ပညာတွေ မဆုံးရှုံးအောင်ပေါ့နော်။ ကျမရဲ့ ပညာတွေကို ပြန်ပြီးတော့ ဝေမျှချင်တဲ့အတွက်ကြောင့်မို့လို့ အဲ့ဒီသင်တန်းကို တက်ရခြင်းဖြစ်ပါတယ်။”လို့ စစ်ရှောင်စခန်းကနေ သင်တန်းကို တက်ရောက်နေတဲ့ လူငယ်အမျိုးသမီး မူဟယ်လင်က ပြောပါတယ်။
အခုပညာရေးအစီအစဉ်မှာ မူလတန်းအရွယ်ကလေးတွေကို အဓိက ဦးတည်ထားပြီးတော့ ပညာသင်ကာလကို ၉ လခန့်သတ်မှတ်ထားပါတယ်။
ပညာသင်ကာလအတွင်းမှာ မူလတန်းအဆင့် သင်ရိုးညွှန်းတမ်းစာအုပ်တွေထဲက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ဘာသာရပ်တွေအပြင် မိခင်ဘာသာစကားဖြစ်တဲ့ ကယန်းစာကိုလည်း သင်ကြားသွား မယ်လို့ ဆိုပါတယ်။
SEE အဖွဲ့ရဲ့ သင်တန်းနည်းပြတစ်ဦးဖြစ်တဲ့ ခွန်းဆီမိုးနက်က “အခုက ပညာရေးအခွင့်အရေးဆိုလည်း ဆုံးရှုံးမှုတွေ အရမ်းများနေပြီပေါ့လေနော်။ ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာပေါ့။ အဲ့ဒါကို ကျနော်တို့ အကောင်းဆုံးပေါ့လေ၊ ပညာရေး ဘယ်လိုပြောရမလဲ တတ်နိုင်တဲ့ ဝန်နဲ့ အဲ့လိုမျိုးလုပ်သွားမယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ပြီးရင် တခြားပညာ ရေးလုပ်တဲ့၊ ကျနော်တို့ ဒေသမှာဆိုလည်း ရှိတယ်။ အဲ့ဒါကို ချိတ်ဆက်ပြီးတော့ မိဘတွေနဲ့၊ ဒေသခံတွေနဲ့ ပူးပေါင်းပြီးတော့ ပညာရေးအတွက် အကောင်းဆုံးဘယ်လို လုပ်သွားမလဲဆိုတာကို ကျနော်တို့ မျှော်လင့် ထားပါတယ်။” လို့ ဆိုပါတယ်။
SEE အဖွဲ့အစည်းကို ၂၀၁၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကယန်းဒေသရဲ့ ပညာရေးလိုအပ်ချက်ကို တတ်နိုင်တဲ့ဖက်ကနေ ဖြည့်ဆည်းပေးနေတဲ့ ပညာရေးအခြေခံအရပ်ဘက်အဖွဲ့အစည်းဖြစ်ပါတယ်။
ကယန်းဒေသရှိတဲ့ ကလေးငယ်တွေကို ပညာသင်ကြားခွင့်မဆုံးရှုံးရအောင် ဒေသခံတွေက ကျောင်းတွေကို ကိုယ်ထူကိုယ်ထ ပြန်ဖွင့်နေကြသလို အရပ်ဘက်အဖွဲ့အစည်းတချို့ကလည်း ကူညီလုပ်ဆောင်နေကြပါတယ်။