ကျောင်းပညာရေးအဆုံးထိ ကျဆင်းနေတဲ့ချင်းပြည်ပညာရေး

ကျောင်းပညာရေးအဆုံးထိ ကျဆင်းနေတဲ့ချင်းပြည်ပညာရေး
Photo: The independent
Photo: The independent

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အကျိုးဆက်တွေထဲက တစ်ခုဖြစ်တဲ့ ကျောင်းနေအရွယ် ကလေးတွေရဲ့ ပညာရေးအပေါ်များစွာ အကျိုးသက်ရောက်မှု တစ်ခုဖြစ်စေခဲ့ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ၁ နှစ်ကျော်အကြာမှာ ချင်းပြည်နယ်တွင် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပခဲ့ကြပါတယ်။

ချင်းပြည်နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသည့် ကျောင်းသား/ကျောင်းသူ ဦးရေ စုစုပေါင်း ၂၉၆၀ ဦးရေ ရှိသည့် အနက် လာရောက်ဖြေဆိုခဲ့သူ ၂၂၅၉ ဦးရှိခဲ့ပြီး ပျက်ကွက်သူ ၇၀၁ ဦးရှိခဲ့တယ်လို့ စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနမှ မတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုကြတဲ့ ပထမဆုံးနေ့မတ်လ (၃၁) ရက်နေ့ကလည်း ချင်းပြည်နယ် မတူပီမြို့နယ်က ဖြေဆိုသူ စုစုပေါင်း (၁၅) ဦးခန့်သာရှိပြီး ပြင်ပမှ ဝင်ရောက်ဖြေဆိုတာမျိုးလည်း ရှိပြီး ပြင်ပဖြေဆိုသူများတွင် တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးသည့် ဝန်ထမ်းများ ပါဝင်နေသည်ဟု မတူပီဒေသအတွင်း မီဒီယာများ ဖော်ပြချက်အရ သိရသည်။

ချင်းပြည်နယ် ၉ မြို့နယ်တွင် ဖလမ်း၊ တီးတိန်၊ မတူပီ၊ ပလက်ဝ၊ တွန်းဇံ အစရှိတဲ့ ၅ မြို့နယ်တွင်သာ စာမေးပွဲဖြေဆိုသူ ရှိခဲ့ပြီး ကျန်မြို့နယ် ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက် အစရှိတဲ့ ၄ မြို့နယ်မှာတော့ တက္ကသိုဝင်တန်းစာမေးပွဲ ဖြေဆိုသူ မရှိခဲ့ဘူးလို့ စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။

ချင်းပြည်နယ်မှာ လက်ရှိစစ်ကောင်စီမှ ကျင်းပနေတဲ့ တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် ကောင်စီတပ်မိသားစုဝင်နှင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု Civil Disobedience Movement (CDM) တွင် မပါဝင်ကြတဲ့ (Non CDM ) မိသားစု ဝင်များမှ အများဆုံး ပါဝင်ဖြေဆိုခဲ့ကြတာဖြစ်ပါတယ်။

ပညာရေးအသိုင်းအဝိုင်းမှ ဆရာမကြီးတဦးက “တချို့မိဘတွေကလည်း ကိုယ့်သားသမီး ပညာရေးကိုမှ ပညာရေး အမြင်ရှိကြတဲ့သူတွေ လည်း မြင်နိုင်တာပေါ့။ ၈ တန်းအရွယ်ဟာ ကိုဗစ်ဖြစ်လို့ ပိတ်သွားတာ အခုချိန်မှာ ဆယ်တန်းအရွယ်ရောက်ပြီ။ ကျောင်းတက်တဲ့ အရွယ်မှာ ကျောင်းမတက်လိုက်ရတော့ ၈ တန်းပြန်တက်ရမှာမျိုးမှာ သူတို့ကလည်း တက်ချင်မှာလည်း မဟုတ်ဘူး။ သူတို့အရည်ချင်းပေါ်မှုတည်ပြီး အတန်းတင် စနစ်သွားရင် မူလတန်းအရွယ်တွေကလည်း မိဘရင်ခွင်ထဲ နေတဲ့ အရွယ်တွေဖြစ်တော့ သူတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်မရှိကြသေးဘူး”ဟုပြောသည်။

သူဆက်ကပြီး “ဆရာမတို့တုန်းက ၈၈ တုန်းက ကြုံခဲ့သလို ၆ တန်းလောက်မှာ ကျောင်းနားပြီး ၇ တန်းစာမေးပွဲကို ပြန်ဖြေရတဲ့ အနေထားမျိုးဖြစ်တော့ စာနဲ့တော့ ကင်းကွာသွားတယ်။ တချို့လည်း အပြင်စိတ် ဝင်သွားတာမျိုးလည်းရှိတယ်။ အခုအခြေအနေမှာလည်း မိဘတော်တော်များများက စာတွေ သင်ပေးတာမျိုးရှိတော့ စာနဲ့ကင်းကွာသွားတာမျိုးတော့ မရှိဘူး။ စစ်ဘေးရှောင်နေရတဲ့ ကလေးတွေက သူတို့နေရပ်ကို မပြန်နိုင်သေးဘူး တချို့စစ်ဘေးရှောင်နေရတဲ့ နေရာမှာ ပညာရေးနဲ့ ပတ်သက်ပြီး ပညာသင်ကြားတာမျိုးတွေ ရှိတော့ ပြဿနာမရှိပါဘူး”ဟုပြောသည်။

၂၀၂၂ ခုနှစ်၊ ယခုနှစ် မတ်လ ၃၁ ရက်နေ့က စစ်ကောင်စီမှကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းကို လာရောက်ဖြေဆိုကြတဲ့ ကျောင်းသား၊ ကျောင်းသူ ၃ သိန်းကျော် ရှိကြောင်းသိရပြီး ရခိုင်ပြည်နယ်မှ အများဆုံးဖြစ်ပြီး၊ ရန်ကုန်တိုင်းမှ ဒုတိယ အများဆုံးနှင့် ဧရာဝတီတိုင်းမှ တတိယ အများဆုံးဖြစ်ကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက် အရသိရပါတယ်။

ချင်းပြည်နယ်တွင် စစ်အာဏာမသိမ်းခင်က တက္ကသိုလ်ဝင်တန်း ဖြေဆိုကြတဲ့ ကျောင်းသား/ကျောင်းသူ ၁ သောင်းကျော် နှစ်စဉ်ရှိခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်သည် လူဦးရေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်(၁၄)ခုအနက် ဒုတိယလူဦးရေ အနည်းဆုံးပြည်နယ်ဖြစ်ပြီး တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်ချက်မှာတော့ အခြားတိုင်းနဲ့ ပြည်နယ်ထက် နှစ်စဉ် အောင်ချက် ရာခိုင်နှုန်း အနိမ့်ဆုံးပြည်နယ် ဖြစ်တဲ့အပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမှုမှာ သမိုင်းတစ်လျှောက်အနည်းဆုံးအဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲတွင် ချင်းပြည်နယ်က တက္ကသိုလ်ဝင်တန်းစားမေးပွဲ ဖြေဆိုသူ (၁၂၃၇၀)ဦး ရှိခဲ့ပြီး ၎င်းထဲမှ စာမေးပွဲအောင်သူ ၂၆၂၃ ဦးရှိခဲ့ပြီး ဂုဏ်ထူးရရှိသူ ၅၁၉ ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းတွင် ၂၁ ဒသမ ၂၀ ရာခိုင်နှုန်းနဲ့ အောင်ချက်ရာခိုင်နှုန်း အနိမ့်ဆုံးထဲ ပါဝင်ကြောင်း ၂၀၂၀ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

စစ်ကောင်စီလက်အောက်က ပညာရေးကို စစ်ကျွန်ပညာရေးလို့ ပြောဆိုသုံးနှုန်းကြပြီး ကျောင်းနေအရွယ် ကလေးများကို ကျောင်းမပို့ကြတဲ့ မိဘတွေလည်း ရှိကြသလို ကျောင်းပို့ပြီး ပညာသင်စေတဲ့ မိဘတွေလည်း ရှိကြပါတယ်။

တဘက်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာတွေထဲကို ပညာရေးနဲ့ မတွဲသင့်ဘူးလို့ နိုင်ငံရေးသမားအချို့က ပြောဆို ဝေဖန်တာမျိုးလည်း ရှိနေပါတယ်။

ချင်းပြည်နယ်က မြို့နယ်အချို့မှာနေထိုင်တဲ့ ကျောင်းနေအရွယ် ကလေးတွေက ဒေသအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင် နေရပါတယ်။

အချို့က တိုင်းပြည်မငြိမ်မသက်တာတွေကြောင့် ပညာရေးနဲဲ့ အလုပ်ကိုင် အခွင့်လမ်း မရှိတော့ဘူးဟု ခံယူပြီး နိုင်ငံခြားထွက် သွားရောက် အလုပ်လုပ်ကိုင်ကြတာမျိုးရှိကြသလို သွားရောက် အလုပ်လုပ်ကိုင်ဖို့ ပြင်ဆင် နေကြတဲ့ ဆယ်ကျော်သက် ကျောင်းနေအရွယ် ကလေးတွေ သိသိသာသာများလာနေပါတယ်။

နိုင်ငံခြားထွက် ကလေးအများစုက စင်ကာပူ၊ ဒူဘိုင်း၊ ထိုင်း၊ တရုတ် နိုင်ငံတွေမှာ အိမ်ဖော်အလုပ်လုပ်ကို အများစုက သွားရောက် လုပ်ကိုင်နေကြပြီး၊ ပိုက်ဆံတတ်နိုင်တဲ့ မိသားစု အချို့ကတော့ သား၊သမီးတွေကို ပြည်တွင်း ပြည်ပပို့ပြီး ပညာဆက်လက် သင်ယူနိုင်ရန်တွက် ကြိုးပမ်းကြတာမျိုးလည်း ရှိပါတယ်။

အခြေခံပညာရေး အထက်တန်း၊ ဒသမတန်း (၁၀)တန်း မတက်တော့ဘဲ ပြည်ပထွက် အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေတဲ့ ချင်းပြည်နယ်က ကျောင်းသူတစ်ဦးက “ ကျမအခု စင်ကာပူသွားဖို့ ရန်ကုန်ကိုရောက်လာတယ်။ အိမ်ကိုလည်း မခွဲဖူးတော့ ရန်ကုန်လာရင်း လမ်းမှာလည်း အရမ်းငိုခဲ့ရတယ်။ အခုချိန်ထိ အိမ်နဲ့ဖုန်းပြောရင်လည်း ငိုတယ်။ မိဘတွေကတော့ မကြောက်ဖို့နဲ့ စိတ်ဓာတ်မကျဖို့ အားပေးကြတယ်။ ကျောင်းလည်း မတက်တော့ဘူးဆိုတော့ အိမ်ကိုလည်း ထောက်ပံ့ချင်တယ်၊ ညီမလိုဘဲ သူငယ်ချင်းတွေ အများစုက ကျောင်းထွက်လိုက်ပြီး အလုပ်လုပ်နေကြပြီ”ဟု‌ပြောသည်။

တဖက်မှာလည်း ချင်းပြည်နယ် အချို့က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာဆိုရင် စနစ်သစ် သင်ရိုးတွေနဲ့ ကျောင်းသား/ကျောင်းသူ တွေကို ပညာသင်ကြားပေးတာမျိုးတွေ ရှိပါတယ်။ အဲဒီမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု Civil Disobedience Movement (CDM) လုပ်တဲ့ ကျောင်းဆရာ/ဆရာမ တွေဝင်ရောက်အားဖြည့်လျက် ပညာသင်ကြားပေးတာမျိုးတွေလဲ ရှိနေပါတယ်။

ပညာရေးနယ်ပယ်မှာ နဂိုကတည်းကအားနည်းခဲ့တဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီက အာဏာသိမ်းပြီး နောက်ပိုင်း ကျောင်းနေအရွယ် ဆယ်ကျော်သက် လူငယ်များတွင် ပညာတတ်ကျောင်းသား / ကျောင်းသူ လူဦးရေ နောင် လေးငါးနှစ်တွင် သိသိသာသာ နည်းပါးလာနိုင်ပြီး ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ပြုသွားပြီး အလုပ်အကိုင် အခွင့်အလမ်းတွင်လည်း သိသာလာနိုင်လိမ့်မည်ဟု ချင်းနိုုင်ငံရေး အသိုင်းအဝိုင်းက ပြောဆိုနေမှုများလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံတွင် နှစ်စဉ်တက္ကသိုလ်ဝင်တန်းဖြေဆိုကြတဲ့ ကျောင်းသား/ ကျောင်းသူ ရှစ်သိန်း အထိရှိခဲ့ပြီး စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း တက္ကသိုလ်ဝင်တန်းဖြေဆိုကြတဲ့ ကျောင်းသူ /ကျောင်းသား နှစ်သိန်းရှစ်သောင်းကျော် အထိသာ ရှိခဲ့ပြီး သိသိသာသာနည်းပါးခဲ့ပါတယ်။

ချင်းပြည်နယ်သည် အာဏာသိမ်းပြီး ပညာရေးဝန်ထမ်း အများစုက အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု Civil Disobedience Movement (CDM) ပါဝင်တဲ့ ဝန်ထမ်း အများဆုံးပြည်နယ် တစ်ခုလဲ ဖြစ်ပါတယ်။

နိုင်ငံရေးမငြိမ်သက်မှုတွေကြားက ချင်းပြည်နယ်မှာ စာသင်ကျောင်း အများစုပိတ်ထားရခြင်းကြောင့် ပညာရေးမှာ ပိုမိုဆိုးယုတ် လာဖွယ်ရှိနေပြီး ကျောင်းမနေနိုင်တဲ့ ဆယ်ကျော်သက် လူငယ်/လူရွယ် ပိုမိုများပြားလာသည့်အပြင် ပညာရေးကို ငြီးငွေ့သွားမည်ကိုပင် စိုးရိမ်ရပါတယ်။

November 25, 2024
စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရုန်းကန်ရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ဆိုတာ...
November 25, 2024
ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ ဆမီးမြို့က ကလေး ၃ ယောက်မိခင် အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး...
November 23, 2024
ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၊ ဟားလာဝကျေးရွာက ကျောင်းဆရာမတစ်ဦး  နိုဝင်ဘာလ ၂၂ ရက်နေ့မှာ...