အာရှလမ်းပေါ်မှာ ခရီးသည်တစ်ဦးကို KNU က ပစ်သတ်လိုက်တယ်ဆိုပြီး မခိုင်မာတဲ့ သတင်းဖြန့်

အာရှလမ်းပေါ်မှာ ခရီးသည်တစ်ဦးကို KNU က ပစ်သတ်လိုက်တယ်ဆိုပြီး မခိုင်မာတဲ့ သတင်းဖြန့်

မြ၀တီ - ကော့ကရိတ် အာရှလမ်းပေါ်က ခရီးသွားကားကို KNU က ပစ်ခတ်လိုက်တဲ့အတွက် ကားထဲမှာ လိုက်ပါ လာတဲ့ ခရီးသည်တစ်ဦး သေဆုံးခဲ့တယ်ဆိုပြီး Ko Thiha ဆိုသူ Facebook အကောင့်ပိုင်ရှင်က မတ်လ ၂၈ ရက်နေ့ (ယနေ့)မှာ ရေးတင်ထားတာကို တွေ့ရပါတယ်။

ဒီနေ့ မနက်ပိုင်းက မြဝတီ - ကော့ကရိတ် အာရှလမ်းမပေါ်မှာ  ကားတစ်စီးကို ဘယ်သူဘယ်ဝါ ဘယ် အဖွဲ့အစည်း ကမှန်းမသိတဲ့ လူတွေက ပစ်ခတ်ခဲ့ပြီး  အဲဒီ သေနတ်ပစ်ခံထားရတဲ့ ကားပုံကို Ko Thiha ဆိုသူက သုံးပြီး အဲလို ရေးသားထားတာကို တွေ့ရပါတယ်။

Ko Thiha ဆိုသူက khit thit မီဒီယာ တင်ထားတဲ့ အပြစ်မဲ့ ကားသမား အသတ်ခံရတဲ့ ဖြစ်စဥ်မှန်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပြီး အဲဒီထဲမှာဆိုရင် “မတ်လ ၂၇ ရက်နေ့တွင် မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်က ခရီး သွားကား ပေါ်လိုက် ပါလာ သောခရီး သည် တစ်ဦးအား KNU အဖွဲ့မှသေနတ်ဖြင့်ပစ်ခဲ့၍သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဖြစ် စဥ်အား စိစစ်ခဲ့ရာ မတ်လ ၂၇ ရက်နေ့က ယာဥ်မောင်း ဇော်ဦး (၂၃) နှစ် (ဘ) ဦးကြင်သိန်းမှ မှန်ချပြီး မောင်းနှင် လာသော Succeed အမျိုးစား ကားကို KNU တို့ မှ ရပ်တန့်စေ၍အကြောင်းမဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါ သည်...KNU တို့ ပစ်ခတ်မှုကြောင့် ယာဥ်ပေါ်လိုက်ပါလာသည့် ခရီးသွား ဦးမောင်ဟန် (၆၂) နှစ် (ဟိန္ဒူ/ဗုဒ္ဓ)၊ (ဘ)ဦးစွပ္ပရား မန်းနီး သီရိမင်္ဂလာ (၁၀)လမ်း၊ သီရိမင်္ဂလာရပ်ကွက်၊ မော်လမြိုင်မြို့ နေထိုင်သူမှာ ယာပါးဖောက် ဝင် ဒဏ်ရာတစ်ချက်ရရှိခဲ့ပါသည်” ဟု (မူရင်းအရေးအသားအတိုင်း) ဆိုပြီး ရေးသားထား ပါတယ်။

အဲဒီရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ့ မနက် မြဝတီ - ကော့ကရိတ် အာရှလမ်းမပေါ်မှာ ကားတစ်စီး သေနတ် ပစ်ခံရပြီး လူတစ်ဦးသေဆုံးခဲ့တာ မှန်ပေမယ့် အဲဒီကားကို ပစ်လိုက်တဲ့ အဖွဲ့ဟာ ဘယ်အဖွဲ့ ဖြစ်တယ်ဆိုတာကို ဘယ်သူ က မှ အသေအချာ မသိရသေးလို့ပဲ ဖြစ်ပါတယ်။

အခုပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ သွားလာလှုပ်ရှားမှုတွေကို ယာယီ ရပ်ဆိုင်းဖို့ ပြည်သူတွေကို KNU ဒူးပလာယာခရိုင် က မတ်လ ၂၆ ရက်နေ့က မေတ္တာ ရပ်ခံထားပေမယ့် အဲဒီလမ်းကြောမှာ ဆို ရင် KNU အပြင် စစ်ကောင်စီတပ်ရဲ့ တပ်ဖွဲ့ဝင်တွေလည်း ကင်းပုန်းဝပ် လှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ ခရီးသွားတွေက ပြောကြပါတယ်။ ဒါ့အပြင် အဲဒီလမ်းကြောမှာ BGF အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေလည်း ရှိတယ်လို့ ပြောကြပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက လူမှုကယ်ဆယ်ရေး လုပ်သားတွေနဲ့ ဒေသခံ တွေကို မေးမြန်းပြီး ရေးသားထားတဲ့ သတင်းတွေကို ကြည့်မယ်ဆိုရင်လည်း KNU က ပစ်ပါတယ်ဆိုပြီး ယတိ ပြတ်ရေးသားထားတာ မတွေ့ရသလို စစ်ကောင်စီတပ်က ပစ်တယ်ဆိုပြီးတော့လည်း ရေးသားထားတာကို မတွေ့ ရပါဘူး။

ကရင်ပြည်နယ် အခြေစိုက် ကရင်သတင်းစဉ် KIC က ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေကို မေးမြန်းပြီး ရေးသားထားတဲ့ သတင်းထဲမှာဆိုရင် ဒေသခံတစ်ယောက်က “ဒီလမ်းကို မသွားဖို့ KNU ဘက်ကလည်း စာထုတ် ထားသလို တဖက် တပ်တွေဘက်ကလည်း လမ်းမှာ ကင်းပုန်းဝပ်နေတာရှိတော့ ဘယ်ဘက်က ပစ်သလဲဆို တာ တော့ ပြောရခက်တယ်” လို့ပြောပါတယ်။

ကရင်ပြည်နယ် အခြေစိုက် ကရင်သတင်းစဉ် KIC က ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေကို မေးမြန်းပြီး  ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3DlpX5l ဝင်ကြည့်လို့ ရသလို Khit Thit Media က ရေးသား ထား တဲ့ သတင်းကိုလည်း https://bit.ly/3LmCqbW ဒီမှာ ဝင်ကြည့်လို့ရပါတယ်။ ဒါ့အပြင် Mizzima သတင်းဌာနက ရေးသားထားတဲ့ သတင်းကိုလည်း ဒီမှာ https://bit.ly/3uwcBzb တွေ့နိုင်ပါတယ်။

ဒါကြောင့် အချက်အလက်တွေကို ခြုံပြီး ကြည့်လိုက်တဲ့အခါမှာ Ko Thiha ဆိုသူရဲ့ ရေးသားမှုဟာ ယုံကြည် စိတ် ချရတဲ့ သတင်းဌာနတွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ မကိုက်ညီတဲ့အပြင် တစ်ဖက် အဖွဲ့အစည်းတွေကို ထိခိုက် နစ်နာအောင် တစ်ဖက်သတ် ဝါဒဖြန့် ရေးသားထားတဲ့ ခိုင်လုံမှု မရှိတဲ့ ဝါဒဖြန့် သတင်းဖြစ်တယ် ဆိုတာကို စိစစ် တွေရှိ ရပါတယ်။

လက်ရှိနိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ တော်လှန်ရေးကာလမှာ ဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေ အနေနဲ့ PDF တွေကို ပြည်သူတွေ အထင်အမြင်မှားအောင်၊ မထောက်ပံ့ မကူညီအောင်၊ အားမပေးအောင်၊ ကြောက်လန့်အောင် မဟုတ်မမှန် သတင်းစကားတွေကို ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် ထုတ်လွှင့် ဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။

ဒါ့အပြင် သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီး ရေးသားပြီး တော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြ တော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့ လိုပါတယ်။

December 17, 2024
ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF...
December 11, 2024
ကချင်ပြည်နယ်၊ ဗန်းမော် မံစီ တိုက်ပွဲတွေမှာ KIA/PDF ပူးပေါင်းတပ်တွေက လူအင်အားလိုနေတာကြောင့်...
December 3, 2024
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသည့် သျှမ်းပြည်မြောက်ပိုင်းက...
November 25, 2024
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သျှမ်းပြည်...