မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ကုန်စျေးနှုန်းကြီးမြင့်မှုများ ကြုံတွေ့နေရသည့် အခြေအနေကို ကြုံတွေ့နေရပြီး မြန်မာနိုင်ငံအနောက်မြောက်ဖက်ပိုင်းတွင်တည်ရှိသည့် ချင်းပြည်နယ်တွင်မူ ကုန်ပစ္စည်းပြတ်လပ်မှုအခြေအနေကို စိုက်ရောက်နေပြီဖြစ်သည်။
ချင်းပြည်နယ်သည် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ပြည်တွင်းပြည်ပသို့ သဘာဝသယံဇာတအပါအဝင် အခြားထုတ်ကုန်မရှိသည့်ပြည်နယ်လည်းဖြစ်သည်။ အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် သစ်၊ ကျောက်မျက်ရတနာ၊ သဘာဝဓာတ်ငွေ့နှင့် အခြားအရင်းအမြစ်များကို ပြည်တွင်းပြည်ပသို့ တင်ပို့နိုင်ကြသည်။
အချို့တိုင်းဒေသကြီးများတွင် သဘာဝသယံဇာတထုတ်လုပ်မှုမရှိသည့်တိုင် အခြေခံအစားအစာဖြစ်သည့် ဆန်နှင့် သစ်သီးဝလံများ၊ သီးနှံများသည် ဒေသတွင်းဖူးလှုံရုံမက အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ပေးပို့တင်ပို့နိုင်သည့်အခြေအနေတွင်ရှိနေသည်။
ချင်းပြည်နယ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် ရခိုင်ပြည်နယ်၊ အနောက်ဖက်တွင် အိန္ဒိယနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ၃၆၀၁၉ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် ပြည်နယ်ဖြစ်သည်။ ယနေ့အချိန်ထိ ဒေသထုတ်ကုန်များ စျေးကွက်အတွင်း မရှိပဲ အခြားဒေသများမှ ကုန်ပစ္စည်းများကို အားထားတင်သွင်းရသည့် ပြည်နယ်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ၂၀၁၄ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်တွင် လူဦးရေ ၄ သိန်း ၇ သောင်းကျော်ရှိသည်ဟုဖော်ပြထားသည်။ ယခင်စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်အဖြစ် သတ်မှတ်ခံထားရပြီး ပညာရေးတွင်လည်း တစ်နိုင်ငံလုံးတွင် တက္ကသိုလ်မရှိသည့်ပြည်နယ်၊ လေဆိပ်မရှိသည့်ပြည်နယ်ဖြစ်သည့်အပြင် တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းမှာလည်း နှစ်စဉ်အနိမ့်ကျဆုံးဖြစ်သည်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင်မှ တက္ကသိုလ်များစတင်တည်ရှိလာသော်လည်း သုံးလေးကျောင်းသာဖွင့်လှစ်နိုင်ပြီး လုပ်ငန်းအကောင်ထည်ဖော်လျက်စ ကျောင်းများမှာ လုပ်ငန်းများရပ်တန့်ခဲ့ပြီဖြစ်သည်။
ဖလမ်းမြို့တွင် ဆူရ်ဘုန် ( Surbung Airport) လေယာဉ်ကွင်း စတင်တည်ဆောက်လာမှုသည် အဲန်အယ်ဒီအစိုးရလက်ထက်တွင် ပြီးမြောက်သလောက်ရှိလာပြီဖြစ်သော်လည်း စစ်ကောင်စီ၏ အာဏာသိမ်းမှုနောက်ပိုင်း လုပ်ငန်းဆက်လက်မလုပ်ဆောင်နိုင်သဖြင့် ယနေ့အချိန်ထိ အသုံးပြု၍မရသေးပေ။
ထို့အပြင် UNICEF ၏စာရင်းအရ ချင်းပြည်နယ်သည် တစ်နိုင်ငံလုံးတွင် မသန်စွမ်းမှုရာခိုင်နှုန်းဒုတိယအများဆုံးဖြစ်သည်။ မြန်မာနိုင်ငံတွင် မသန်စွမ်းမှု ရာခိုင်နှုန်းအများဆုံးသည် ဧရာဝတီတိုင်းဖြစ်ကာ ၂၀၀၈ နာဂစ်မုန်တိုင်းဒဏ်၏ အကျိုးဆက်ဖြစ်သည်ဟု ဖော်ပြကြပြီး ချင်းပြည်နယ်၏ မသန်စွမ်းမှု မြင့်မားနေရခြင်းမှာ အာဟာရလုံလုံလောက်လောက်မရရှိနိုင်သည့် အတွက်ဖြစ်ကြောင်း UNICEF ကဖော်ပြသည်။
အခြေခံအစားအစာဖြစ်သည့် ဆန်နှင့်အခြားစားသောက်ကုန်များ၊ ကုန်ပစ္စည်းများကို ချင်းပြည်နယ်မြောက်ပိုင်းအနေဖြင့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တောင်ပိုင်းအနေဖြင့် မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ အဓိက တင်သွင်းရသည်။ ထို့အပြင် နိုင်ငံခြားထုတ်ကုန်ပစ္စည်းများကိုလည်း မန္တလေးမြို့မှ တင်သွင်းရပြီး စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းကို ဖြတ်ကျော်ကာ ကုန်းကြောင်းဖြင့်သာ တင်သွင်းရသည်။
အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများကို စတင်အကောင်အထည်ဖော်မှုကို ၂၀၁၀ ခုနှစ်နိုင်ငံရေး အကူးအပြောင်းကာလနောက်ပိုင်း လုပ်ဆောင်လာသော်လည်း ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်သည့် အခြေအနေအထိမရောက်ခဲ့ပေ။
ချင်းပြည်နယ်တောင်ပိုင်း၏ တစ်ခုတည်းသောရေလမ်းကြောင်းရှိရာ ပလက်ဝမြို့တွင် အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောက်လုပ်နေသည့် ကုလားတန်ရေနက်ဆိပ်ကမ်းစီမံကိန်းသည်လည်း တည်ဆောက်လက်စဖြင့် မပြီးမသတ်နိုင်သေးပေ။ အဲန်အယ်ဒီအစိုးရလက်ထက်တွင် အပြီးတည်ဆောက်ရန် ရည်ရွယ်သော်လည်း ၂၀၁၆ ခုနှစ်နောက်ပိုင်း ပလက်ဝမြို့နယ်အတွင်း ရခိုက္ခိုင့်တပ်မတော်နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲများပြင်းထန်ခြင်း၊ ပစ္စည်းများတင်ပို့စဉ်ဖျက်စီးခံရခြင်း၊ လုပ်သားများဖမ်းစီးခံရခြင်းများကြုံတွေ့ရပြီး လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးကာ ယနေ့အချိ်န်ထိ အသုံးပြု၍ မရနိုင်သေးပေ။
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်တွင်းရှိ ရိခေါဒါရ် နယ်စပ်ဂိတ်သည်လည်း ယခုအခါ ချင်းဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီများတိုက်ပွဲပြင်းထန်လျက်ရှိပြီး ဒေသခံ ၂၀၀၀ ကျော်အထိ အိန္ဒိယဖက်သို့ ထွက်ပြေးတိမ်းရှောင်ရသည့်အပြင် နယ်စပ်ဂိတ်ကိုလည်း ပိတ်ထားရသည်။ အဆိုပါနယ်စပ်ဂိတ်သည်လည်း အိန္ဒိယနိုင်ငံ၏ ကုန်းတွင်းပိတ်ပြည်ယ်ဖြစ်သည့် မီဇိုရမ်ပြည်နယ်နှင့် ချိတ်ဆက်ထားသည့် ဂိတ်ဖြစ်သည့်အတွက် အိန္ဒိယနိုင်ငံဖက်မှ ကုန်ပစ္စည်းနှင့် စားကုန်များတင်သွင်းမှုမရှိပဲ စစ်ကိုင်းတိုင်းဒေသဖက်မှ ချင်းပြည်နယ်တွင်းဖြတ်ကျော်ကာ မြန်မာနိုင်ငံ၏ စားသောက်ကုန်များ၊ ကွမ်းသီး နှင့် အခြားအသုံးအဆောင်ပစ္စည်းများကို တင်သွင်းရသည့် နိုင်ငံခြားငွေရရှိသည့် နယ်စပ်ဂိတ်ဖြစ်သည်။
ချင်းပြည်နယ်မြောက်ပိုင်း (၅) မြို့နယ်၏ အဓိကစားသောက်ကုန်များနှင့် ဆန်များ တင်ပို့မှုကို အားထားရသည့် ကလေး - ဖလမ်း - တီးတိန် ကားလမ်းကြောင်းတွင် ဇန်နဝါရီလ တစ်လျှောက်လုံး ချင်းဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ခြင်းကြောင့် လမ်းများပိတ်ထားခဲ့ရသကဲ့သို့ တိုက်ပွဲစိတ်လာချိန်တွင်လည်း အိုမီခရွန်ရောဂါကူးစက်မှုကို အကြောင်းပြ၍ လမ်းများဆက်လက်ပိတ်ထားရသည်။ အဆိုပါကုန်းလမ်းတွင်လည်းလစဉ် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။ ကုန်းလမ်းကြောင်းများ ရံဖန်ရံခါ သွားလာနိုင်ချိန်တွင်လည်း ကားခများမှ ယခင်ကထက် လေးဆအထိမြင့်တက်ခဲ့သည်မှာ လနှင့်ချီနေပြီဖြစ်သည်။
ယခင် ကားခများ ၁၀၀၀၀ နှင့် ၁၅ဝဝဝကြားရှိရာမှ ယခုအခါ ၇၀၀၀၀ မှ ၁၀၀၀၀၀ ကြားရှိနေသည်။ ကုန်ပစ္စည်းတင်ဆောင်သည့် တန်ဆာခများမှာလည်း ၅ ဆအထိမြင့်တက်ခဲ့သည်။ ချင်းပြည်နယ်မြောက်ပိုင်းဖက်သို့ ကုန်းလမ်းကြောင်းနောက်တစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်း ကလေး - ဝေဘူလ - ဖလမ်းလမ်းတစ်လျှောက်တွင်လည်း တိုက်ပွဲများပြင်းထန်ကာ စစ်ကောင်စီမှ လေကြောင်းအကူဖြင့်ပါပစ်ခတ်မှုများကြောင့် ရွာလုံးကျွတ်ထွက်ပြေးရသည့်အပြင် ဒေသခံများလည်း စစ်ဘေးရှောင်နေရသည်။
အဆိုပါလမ်းသည် လက်ရှိတိုက်ပွဲပြင်းထန်လျက်ရှိနေသည့်အပြင် စစ်ကောင်စီတပ်များမှ နေရာယူအခြေချသည့်အတွက် ခရီးသည်တင်မော်တော်ယာဉ်များ၊ ကုန်တင်ကားများ ဖြတ်သန်းသွားလာခွင့်လုုံးဝမရှိတော့ပေ။ ထို့ကြောင့် ချင်းပြည်နယ်မြောက်ပိုင်းဖက်တွင် စားသောက်ကုန်များ စျေးကြီးမြင့်မှုသည် ကိုဗစ်ရောဂါ ပြန့်ပွားလာသည့်အချိန်ကတည်းကဖြစ်ပြီး စစ်ကောင်စီမှ အာဏာသိမ်းမှုနောက်ပိုင်း အဆိုးရွားဆုံးအထိ ကုန်စျေးနှုန်းမြင့်တက်ခဲ့သည်။ ယခုအခါ ကုန်ပစ္စည်းများ စျေးကြီးရုံမက ပစ္စည်းပြတ်လပ်မှုကို ဆိုးရွားစွာကြုံတွေ့နေရသည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီ၊ ကန်ပလက်မြို့နယ်များအား အဓိကစားသောက်ကုန်နှင့် ကုန်ပစ္စည်းများထောက်ပံ့ပေးပို့သည့် မကွေးတိုင်းနှင့် ချင်းပြည်နယ် နယ်စပ်တစ်လျှောက်တွင် စစ်ကောင်စီတပ်များနှင့် ချင်းဒေသကာကွယ်ရေးတပ်များ၊ ယောပြည်သူ့ကာကွယ်ရေးတပ်များအကြားစစ်ပွဲဖြစ်ပွားခြင်း၊ မင်းတပ် - မတူပီကြားတွင်တိုက်ပွဲပြင်းထန်ခြင်းများကြောင့် စားသောက်ကုန်များ ပြတ်လပ်သည့် အခြေအနေကြုံတွေ့ရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ယခင်က မတူပီမြို့နှင့် မကွေးတိုင်းပခုက္ကူကြား မော်တော်ယာဉ်ကားလိုင်းစီးခ ၁၇၀၀၀ နှင့် ၂၀၀၀၀ ကြားရှိခဲ့သော်လည်း ရံဖန်ရံခါကားများထွက်ခွါနိုင်သည့်အချိန်တွင် မော်တော်ယာဉ်စီးခမှာ ၁၅၀၀၀၀ မှ ၃၀၀၀၀၀ အထိမြင့်တက်ကာ လမ်းခရီးတွင် တိုက်ပွဲအခြေအနေအပေါ်မူတည်ပြီး တစ်ပတ်ကျော်အထိကြာမြင့်တတ်သည်။ မတူပီမြို့တွင် ယခင်လများကတည်းက မြို့ပေါ်တွင် ဆန်များဝယ်စရာပင်မရှိတော့ပဲ အချို့နေအိမ်များမှာ ဆန်ပြုတ်သောက်ရခြင်း၊ ဆန်ကွဲများချက်စားရသည့် အနေအထားစိုက်ရောက်ခဲ့ပြီးဖြစ်သည်။
ချင်းပြည်နယ််တောင်ပိုင်းဖက်တွင် အထွက်များသည့် ဝဥ (elephant plant) အားစီးပွားအဖြစ်စိုက်ပျိုးလာကြကာ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ဝယ်အားအောင်းသဖြင့် ဦးသိန်းစိန်အစိုးရလက်ထက်နှင့် အဲန်အယ်ဒီအစိုးရလက်ထက်တွင် ဝဥအခြောက်လှမ်းစက်ရုံတည်ဆောက်ခြင်းများ ဆောင်ရွက်လာပြီး တစ်နှစ်လျှင် ဝဥတန်ချိန်ပေါင်း ငါးသိန်း ဂျပန်သို့ပေးပို့ရန် စာချုပ်ချုပ်ဆိုမှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ယခုအခါ လုပ်ငန်းများရပ်တန့်ခဲ့ပြီးဖြစ်သည်။ ဝဥစိုက်တောင်သူများအနေဖြင့် စစ်ဘေးရှောင်ရခြင်း၊ စိုက်ခင်းများသို့ မသွားရဲတော့ခြင်းများကြောင့် ဝဥစိုက်ခင်းများကိုလည်း ပစ်ထားရသည်။ အချို့တူးဖော်ပြီး ဝဥများမှာလည်း စျေးကွက်မရှိတော့သဖြင့် ပုံထားရသည့် အခြေအနေဖြစ်နေသည်။
ချင်းပြည်နယ်အနေဖြင့် ဆန်၊ ကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ အထည်များ၊ စားသောက်ကုန်များကို ပြည်မဖက်ခြမ်းမှသာ မှာယူရသည့်အတွက် ယခင်ကတည်းက ကုန်ပစ္စည်းမှာ စျေးကြီးမြင့်နေပြီးသားဖြစ်သည်။ ချင်းပြည်နယ်အတွင်းမှ ချင်းလူမျိုးများအနေဖြင့် တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများအနည်းအကျဉ်းရှိသော်လည်း မိသားစုဝင်အများစုမှာ နိုင်ငံခြားရောက် ဆွေမျိုးများနှင့် မိသားစုဝင်များမှ ထောက်ပံ့ခဲ့မှုကို အဓိကအားထားရသည်။ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်အရေးခင်းနောက်ပိုင်း ၁၉၉၀ ခုနှစ်အလွန်များတွင် မလေးရှား၊ ထိုင်းနှင့်အိန္ဒိယနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မှုတစ်ဟုန်ထိုးများပြားလာခဲ့သည်။ အဆိုပါနိုင်ငံများမှ ဒုက္ခသည်အဖြစ် UN သို့လျှောက်ထားကာ တတိယနိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင်ကာ နိုင်ငံသားအဖြစ်ခံယူပြီး နေထိုင်ကြသည်။ အဆိုပါဆွေမျိုးများမှ ပြည်တွင်းရှိ မိသားစုဝင်များကို ပြန်လည်ထောက်ပံ့မှုကြောင့် ချင်းပြည်နယ်တွင် အခြေခံအဆာက်အဦးအများ ဖွံ့ဖြိုးမှုတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်ခဲ့သည်။
ကုန်ပစ္စည်းများစျေးကြီးမြင့်သော်လည်း နိုင်ငံခြားရှိ ဆွေမျိုးများ၊ မိသားစုဝင်များ၏ ထောက်ပံ့မှုဖြင့် ဒေသခံများအတွက် အခက်အခဲများစွာမရှိခဲ့ပေ။ သို့သော် ချင်းပြည်နယ်အတွင်း ဘဏ်များကိုလည်း ပိတ်ထားရပြီဖြစ်သည့်အတွက် နိုင်ငံခြားငွေပေးပို့မှုများတွင်လည်း များစွာအခက်အခဲရှိလာခဲ့သည်။ နိုင်ငံခြားငွေပေးပို့မှုများကို ရန်ကုန်၊ မန္တလေး၊ နှင့် အခြားအချို့မြို့နယ်များမှတစ်ဆင့် လက်ခံပြီး ချင်းတောင်ဖက်သို့ တစ်ဆင့်ပြန်ပို့ရသည်။ ထို့သို့ ငွေပေးပို့ရာတွင်လည်း ငွေသားရှားပါးလာမှုကြောင့် ငွေသားလွှဲခအား ၇ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းဖြင့် ဖြတ်တောက်ခြင်းခံရသည်။
ယခုယူကရိန်း - ရုရားအရေးခင်း၏ ကယက်ကြောင့် ရေနံစျေးများမြင့်တက်မှု ကယက်သည် မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်လာခဲ့ပြီး ဓာတ်ဆီ၊ ဒီဇယ်ဆီများတဟုန်ထိုးမြင့်တက်လာနေသည်။ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီများ စျေးအဆမတန်မြင့်တက်ခဲ့ပြီး လွန်ခဲ့သည့် လေး၊ ငါးလကတည်းက အချို့မြို့နယ်များတွင် ဝယ်စရာပင်မရှိပဲ ပြတ်လပ်ခဲ့သည်။ မော်တောယာဉ်၊ ဆိုင်ကယ်များမောင်းနှင်စဉ် ဆီကုန်ခြင်းကြောင့် ရောက်သည့်နေရာတွင်ပင် ရပ်ထားခဲ့ရသည့် အခြေအနေများ ဖြစ်ခဲ့သည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကုန်လမ်းတစ်ခုကိုသာ အားထားရသည့် ချင်းပြည်နယ်အနေဖြင့် အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ကုန်စျေးနှုန်းကြီးမြင့်ရသည့်အခြေအနေကြုံတွေ့နေခဲ့ရပြီး လွန်ခဲ့သည့် လေး၊ ငါးလကတည်းက ပစ္စည်းပြတ်လပ်သည့်အနေအထားတွင် ယခုပြည်တွင်း၌ ဆီစျေးများအဆမတန်မြင့်တက်မှုဒဏ်ကြောင့် ချင်းပြည်နယ်အတွက် အဆိုးရွားဆုံးကပ်ဘေးသို့ပင် ဆိုက်ရောက်စေမည့် အခြေအနေဖြစ်လာသည်။ ဝယ်စရာငွေရှိလျှင်ပင် ဝယ်ရမည့် ကုန်ပစ္စည်းပြတ်လပ်ခြင်း၊ ပစ္စည်းများမှာယူရန် တိုက်ပွဲများအခြေအနေကြောင့် ကားများမထွက်ခွါနိုင်ခြင်း၊ ရံဖန်ရံခါ ကားများသွားလာနိုင်လျှင်လည်း ကုန်တန်ဆာခ ယခင်ကထက်အဆမတန်စျေးမြင့်တက်နေမှုများ၏ ဒဏ်ကိုအလူးအလဲခံရတော့မည့် အနေအထားဆိုက်ရောက်နေပြီဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲသည့် ချင်းပြည်နယ်အနေဖြင့် မိုးတွင်းကာလတွင် ကားလမ်းများပျက်စီးခြင်း၊ တောင်များပြိုခြင်း နှစ်စဉ်ဖြစ်ပွားသည့်ဒေသဖြစ်သဖြင့် ယခုနွေရာသီကာလအတွင်း စားနပ်ရိက္ခာများ ကြိုတင်စုဆောင်းထားရန်လည်း လိုအပ်နေသည်။ နွေရာသီကာလအတွင်း ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပိုမိုပြင်းထန်လာခြင်းနှင့်တိုက်ပွဲများသည် မြို့ချင်းဆက်လမ်းကြောင်းတွင်ဖြစ်ပွားနေခြင်း၊ စစ်ကောင်စီ၏ ဖြတ်လေးဖြတ်စီမံကိန်းများကြားတွင် ဒေသခံပြည်သူများ အလူးအလဲခံရဖွယ်ရှိနေသည်။
ချင်းပြည်နယ်တွင် အဆိုးရွားဆိုး သဘာဝဘေးအန္တရယ်ခံရသည့် ၂၀၁၅ မြေပြိုမှုကြောင့် ချင်းပြည်နယ်တွင်း လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်ပြီး ကုန်ပစ္စည်းအဆမတန်စျေးကြီးမှုနှင့် ဆန်များပြတ်လပ်သည့် အခြေအနေကြုံတွေ့ခဲ့ရဖူးသည်။ ရာသီဥတုကောင်းသည့်ရက်တွင် နိုင်ငံတော်အစိုးရမှ ရဟတ်ယာဉ်ဖြင့် ဆန်များပေးပို့ရသည့် အခြေအနေဖြစ်ခဲ့သည်။ ထိုစဉ်က ရာသီဥတုအခြေအနေကြည့်ပြီး ဘာသာရေးအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများပူးပေါင်းကာ ပြည်မဖက်သို့ စက်ကြီးများဖြင့် တစ်ပတ်ကျော်ကြာ သွားရောက်နိုင်ရန် ကြိုးပမ်းပြီး ဆန်များသွားရောက်ဝယ်ယူကာ မြို့နယ်အတွင်း ဆန်များကိုပုံမှန်စျေးဖြင့် ပြန်လည်ရောင်းချခြင်း၊ ဆန်စျေးများစုပေါင်းထိန်းညှိခြင်း၊ ကျေးရွာများသို့ ခြေလျှင်ခရီးများဖြင့် သွားရောက်ပံ့ပိုးခြင်းများဆောင်ရွက်ခဲ့သည်။
သို့သော်လက်ရှိအခြေအနေတွင် ဘာသာရေးအဖွဲ့အစည်းများမှာလည်း ထွက်ပြေးတိမ်းရှောင်ရခြင်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်းခေါင်းဆောင်များသည်လည်း ဒေသကာကွယ်ရေးတပ်များ ဖွဲ့စည်းဦးဆောင်ကာ တိုက်ပွဲဝင်နေရခြင်း၊ လူငယ်လူရွယ်များသည်လည်း လက်နက်ကိုင်လမ်းစဉ်ဖြင့် အာဏာရှင်စနစ်ကို တော်လှန်နေရသည့်အတွက် ၂၀၁၅ ခုနှစ်နှင့် လုံးလုံးခြားနားသည့် အခြေအနေဖြစ်နေသည်။