ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာအုပ်စုအတွင်းက အိမ်ထောင်စုအဟောင်းကနေ အသစ်လဲလှယ်မှုတွေမှာ
လူမျိုးနေရာမှာ မူလက ရှမ်း+ဗမာ ၊ ရှမ်းဗမာ ကို ဗမာလို့သာ လဝကတွေက ပြောင်းပြီးထည့်ပေးနေတယ်လို့သိရပါတယ်။
“ အရင်တုန်းက အိမ်ထောင်စုမှာက ရှမ်းဗမာဆိုပြီးထည့်ထားတာလေ၊ ဟိုတုန်းကရင်းအဲ့လိုပဲထည့်တာ ၊ အခုက ဗမာဆိုပြီးပြောင်းထည့်ခဲ့တာ အကုန်လုံးကို ရှမ်းဗမာပြန်လုပ်ပေးပါလားပြောတာကို မရဘူး ဗမာဆိုပြီးပဲထည့်ခဲ့ပေးတာ ၊ ကျွန်တော်တို့တစ်အိမ်တည်းလားဆိုတော့မဟုတ်ဘူး အသစ်သွားလုပ်တဲ့အိမ်ထောင်စုတွေက ဒီလိုပဲ ဗမာဆိုပြီးတော့ဖြစ်နေတာ” လို့ အိမ်ထောင်စု အဟောင်းကနေ အသစ်သွားရောက်လဲလှယ်ခဲ့သူ တစ်ဦးက ဆိုပါတယ် ။
သူတို့မိသားစုရဲ့ ဘိုးဘွားတွေနဲ့ မိဘတွေက သက်ရှိထင်ရှားရှိပြီး မှတ်ပုံတင်မှာ ရှမ်း+ဗမာ ထည့်သွင်းဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် ပင်းဘောကျေးရွာအုပ်စုတွေထဲက မှတ်ပုံတင်နဲ့ အိမ်ထောင်စုတွေကို အသစ်လဲလှယ်မှုတွေနဲ့ ပျောက်ဆုံးမှုတွေကို အသစ်ပြန်လုပ်ရာမှာ ရှမ်းကိုဖြုတ်ပြီး ဗမာလို့သာ ပြန်လည်ထည့်သွင်းခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
ရှမ်းနီတိုင်းရင်းသားတွေကိုင်ဆောင်တဲ့ နိုင်ငံသားစိစစ်ရေးကဒ်တွေမှာ ခေတ်အဆက်ဆက် ကတည်းက ရှမ်းဗမာ နောက်တော့ ရှမ်း+ဗမာ စတာထည့်သွင်းထားခံရတာလည်းဖြစ်ပါတယ်။
ဒီလိုရှမ်းဗမာ ၊ ရှမ်း+ဗမာ လို့ထည့်သွင်းရခြင်းက ရှမ်းနီလို့မှတ်ပုံတင်မှာ ထည့်သွင်းမှု ကန့်သတ်ခံရခြင်းနဲ့ ကြောက်လန့်နေရခြင်းကြောင့် ဖြစ်တယ်လို့ အသက် ၆၀ ကျော်ရှိနေပြီဖြစ်တဲ့ ရှမ်းနီလူကြီးတွေက ဆိုပါတယ်။
ရှမ်းနီတိုင်းရင်းသားတွေက ရှမ်းနီလူမျိုးတရားဝင်သတ်မှတ်ပေးရေးကို ရှမ်းနီအမျိုးသားညီလာခံကနေ တညီတညွတ်တည်းတောင်းဆိုမှုတွေပြုလုပ်ထားပေမယ့် အစိုးရတွေကတော့ အလေးထားဆောင်ရွက်ပေးမှုတွေမရှိသေးပါဘူး။