“ဘယ်သူ့ကို အကူအညီတောင်းရမှန်းလည်း မသိတော့ဘူး။ ဘယ်ကိုသွားရမှန်းလည်း မသိတော့ဘူး။ အခုက အဲဒီစစ်ကောင်စီပြန်တက်လာတဲ့ အချိန်ဆိုတော့ ကွန်မတို့က ဘယ်သူ့ကို ဘယ်လိုသွားပြောလိုက်ရမယ် ဆိုတာလည်း မသိတော့ဘူး”လို့ အမျိုးသမီးတစ်ဦးက ပြောလာပါတယ်။
အဲဒီအမျိုးသမီးဟာ ဗန်းမော်မြို့မှာ နေထိုင်သူဖြစ်ပြီး သူရဲ့ လယ်ယာမြေတွေ သိမ်းဆည်းခံရသူ တစ်ဦးလည်းဖြစ် ပါတယ်။
မြန်မာနိုင်ငံကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက် တစ်နိုင်ငံလုံးမှာ စီးပွားရေးတွေအပြင် အဖက်ဖက်က ကျဆင်းလာနေပြီး အဓိကစားသုံးကုန်ဖြစ်တဲ့ ဆန်ရရှိရာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေလည်း အရှုံးဖက်ကို ဦးတည်လာခဲ့တဲ့အတွက် အခြေခံလူတန်းစား ပြည်သူတွေဟာ အကူအညီမဲ့တဲ့ ဘဝကို ရောက်ရှိနေပါတယ်။
လွန်ခဲ့တဲ့ စစ်အစိုးရအဆက်ဆက်က အာဏာသိမ်းတဲ့အချိန် ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အပြစ်မဲ့ပြည်သူ အမြောက်အများ သေဆုံးခဲ့တဲ့အပြင် ပညာတတ် အချို့ကိုလည်း ဖမ်းဆီးထောင်ချခဲ့ပါတယ်။
အဲဒီလိုတွေဖြစ်ပွားပြီးကတည်းက နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းတွေ ကျရှုံးသွားရပြီး လယ်ယာလုပ်ကိုင်ကြတဲ့ ပြည်သူတွေရဲ့ မြေနေရာတွေကို ကွင်းဆင်းမှုတွေမပြုလုပ်ဘဲ မြေပုံပေါ်လက်ထောက်ကာ တပ်ပိုင်မြေအဖြစ် သိမ်းယူတဲ့အပြင် ခရိုနီတွေလက်ထဲ ကြိုတင်ရောင်းချပေးတာတွေ ပြုလုပ်ခဲ့ပြီး ဌာနဆိုင်ရာ တော်တော်များများက အခွင့်အာဏာကြီးသူတွေဟာလည်း မိမိတို့ ပိုင်ဆိုင်မှုတွေအဖြစ် သိမ်းယူတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
မြေပြင်မှာ အမှန်တကယ် ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်း ဓားမဦးချလုပ်ကိုင်လာတဲ့ တောင်သူ လယ်သမားတွေဟာ မိမိတို့ရဲ့ လယ်မြေ၊ ယာမြေတွေကို ကိုယ်ကျိုးစီးပွားအတွက် သိမ်းယူလိုက်တဲ့သူတွေ လက်ထဲက ပြန်လည်ပေးအပ်ဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့် လုပ်ပိုင်ခွင့် ပုံစံ(၇) အထောက်အထားများကို ပြသခိုင်းရာမှာတော့ မရှိခဲ့တဲ့အတွက် ရှုံးနိမ့်ခဲ့ကြရပါတယ်။
ပုံစံ (၇) ဆိုတာ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ဖြစ်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ဆိုတာက လယ်ယာမြေကို လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်းကို ဆိုလိုပါတယ်။
ပုံစံ(၇) လျှောက်တဲ့အခါ တောင်သူလယ်သမားတွေအတွက် ငွေကြေးအမြောက်အမြား ကုန်ကျတဲ့အပြင် တစ်ချို့တောင်သူတွေဟာ အတန်းပညာ မတတ်မြောက်တာတွေကြောင့် အခက်အခဲဖြစ်ရပြီး တာဝန်ယူ ကူညီပေးမယ့်သူတွေလည်း မရှိတာကြောင့် အချိန် (၁) နှစ်ကနေ (၃) နှစ်အထိကြန့်ကြာပါတယ်။ အချို့ဒေသတွေမှာလည်း နယ်မြေလုံခြုံရေးအရ ကွင်းဆင်းစစ်ဆေးပေးတာ မရှိတဲ့အတွက်ကြောင့် လျှောက်ထားခွင့်မရရှိလို့ ယခုအထိ မရရှိသူတွေလည်း ဒုနဲ့ဒေးပါ။
အစိုးရသစ်တတ်လာတဲ့ ၂၀၁၀ ဆိုတဲ့နှစ်ကစပြီး သိမ်းဆည်းခံလယ်ယာမြေတွေကို ဓားမဦးချလုပ်ကိုင်ခဲ့တဲ့ တောင်သူတွေကို ပြန်လည် ပေးအပ်သွားမှာ ဖြစ်တဲ့အတွက် လယ်ယာမြေနှင့်အခြားမြေ သိမ်းဆည်းခံရမှု ပြန်လည်စီစစ်ရေးကော်မတီသို့ လာရောက် လျှောက်ထားနိုင်ပြီလို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ချိန်မှာတော့ တောင်သူတွေဟာ မျှော်လင့်ချက်ပြန်လည်ရရှိပြီး မိမိတို့၏ သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရန် လုပ်ဆောင်လာခဲ့ကြပါတယ်။
အစိုးရသစ်ရဲ့ လုပ်ဆောင်ပေးခြင်းကြောင့် အချို့တောင်သူများက မိမိတို့လယ်ယာမြေများကို ပြန်လည် ရရှိခဲ့ကြပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တာကြောင့် တောင်သူအများစုရဲ့ သိမ်းဆည်းခံလယ်ယာမြေ ပြန်လည်ရရှိရေး မျှော်လင့်ချက်ဟာ ထပ်ပြီး ပျက်သုဉ်းခဲ့ရပါတယ်။
လက်ရှိအချိန်မှာ တောင်သူတွေရဲ့ လယ်ယာမြေတွေကို ပြန်လည်ရရှိရေး ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးတစ်ဦးက “အခုအချိန်မှာလည်း ကျွန်မက ဒါတွေကို မရှင်းပေးသေးရင် ရှင်းပေးဖို့အတွက် ဆွေးနွေးချင်တယ်။ ဒါပေမယ့် ကျွန်မကို ဒလန်ဆိုပြီး ကြေညာခံလိုက်ရတော့ ကိုယ့်အသက်အန္တရာယ် အတွက်ကြတော့ ကျွန်မလည်းကြောက်တယ်။ အခုအချိန်မှာ ကုမ္ပဏီဘက်ကဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကျွန်မကိုလုပ်ကြံချင်တယ်ဆိုရင် အချိန်မရွေး ဖြစ်သွားနိုင်တယ်ဆိုတော့ ကျွန်မလည်း ကူညီဖို့ အခက်အခဲဖြစ်နေတယ်။” လို့ ပြောပါတယ်။
ခရိုနီတွေနဲ့ စစ်တပ်က အာဏာရှိသူတွေ အတွက်တော့ လုပ်ပိုင်ခွင့် လက်မှတ်ဆိုတဲ့ အထောက်အထားကို တခဏအတွင်း ရရှိကြပြီး ဓားမဦးချ လုပ်ကိုင်လာကြတဲ့ တောင်သူလယ်သမားတွေက ရှုံးနိမ့်ကြရပါတယ်။
တောင်သူတွေဘက်ကနေ ရပ်တည်ပေးတဲ့သူတွေနည်းပါခဲ့တာကြောင့် တောင်သူတွေဟာ ရှုံးနိမ့်ခဲ့ကြပေမယ့် မိသားစု အသက်ရှင်သန် ရပ်တည်နိုင်ရေးအတွက် မိမိတို့ ဓားမဦးချလုပ်ကိုင်လာခဲ့ကြတဲ့ ထိုမြေယာများကို ပိုင်ဆိုင်ကြောင်း အထောက်အထားပြပြီး မြေယာတွေကို စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိတဲ့ ခရိုနီတွေနဲ့ စစ်တပ်တွေဆီ အခွန်အခပေးပြီး ပြန်လည်ငှားရမ်း လုပ်ကိုင်ကြရတာ ဖြစ်ပါတယ်။
“တောင်သူတွေရဲ့ အခက်အခဲကတော့ အများကြီးပဲ။ တောင်သူတွေဆိုတာက အရင်းအနှီးလည်းမရှိတော့ ခက်တာတော့ အများကြီးပဲ။ အစက စစ်တပ်သိမ်းယူလိုက်တဲ့ ကျွန်မတို့လယ်ကို စစ်တပ်ကို အခွန်အခပေးပြီး ပြန်လုပ်ကိုင်နေတာ အခုထပ်ပြီး သူတို့ ပြန်သိမ်းလိုက်ပြီးဆိုတော့ လယ်ပြန်လုပ်လို့မရတော့ဘူး။ လယ်ကို အပြီးသိမ်းလိုက်ပြီ။ ဘာမှမဖြေရှင်းပေးဘူး။ အခုကတော့ ဘာမှမလုပ်တတ်နဲ့ အလုပ်လက်မဲ့ဖြစ်နေတယ်။” လို့ ဗန်းမော်မြို့က လယ်သိမ်းခံရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ တောင်သူတွေရဲ့ အခက်အခဲကို ကူညီပေးတဲ့သူတွေကိုလည်း ခြိမ်းခြောက်မှုတွေရှိနေတဲ့အတွက် တောင်သူတွေရဲ့ အခက်အခဲတွေကို အကူအညီပေးနိုင်သူမရှိဘဲ မျှော်လင့်ချက် ပျောက်ဆုံးနေရပါတယ်။
“ရှင်းရှင်းပြောမယ်ဆိုရင်တော့ အဖက်ဖက်ကို အားကိုးလို့ရတဲ့၊ နည်းနည်းပြောတတ်တဲ့သူ၊ အဖွဲ့အစည်းမဟုတ်ဘဲ ကျွန်တော်တို့ တောင်သူတွေအတွက် နောက်ကြောခံပေးတဲ့ သူတွေကိုတောင်မှ သူတို့ အနိုင်ကျင့်နေကြတယ်၊ သူတို့က ပြောမယ်ဆိုရင် ပြောပိုင်ခွင့်မပေးဘူး၊ အခုကတော့ သွားရင် ရုံးမှာ မောင်းထုတ်တာတွေ ခံရတယ်။” လို့ လယ်သိမ်းဆည်းခံ မိုးညှင်းမြို့နေ တောင်သူ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။
ဌာနဆိုင်ရာတွေကို သွားရောက် အကူအညီတောင်းခံခဲ့တဲ့ တောင်သူတွေကိုလည်း မကြာခင်ဆောင်ရွက်ပေးမယ်ဟု သာပြောပြီး တစ်နှစ်လောက်ရှိပေမယ့် ဆောင်ရွက်ပေးခြင်းမရှိတဲ့အပြင် ဆူပူကြိမ်မောင်းတာတွေပါ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
“ကျွန်တော်တို့ တောင်သူတွေ၊ ပြည်သူတွေကို နိုင်စား၊ ရိုက်စားနေတဲ့ အခြေအနေဖြစ်နေပြီလေ။ အခုကျွန်တော်တို့ တောင်သူတွေက အင်မတန်ခက်ပြီ၊ ဒီအချိန်ဒီအခါမှာဆို ပိုခက်ခဲသွားပြီ။ တစ်ချိန်တုန်းက အစိုးရတွေ အခုအစိုးရတွေလိုမဟုတ်ဘူး။ အခုအစိုးရတွေက ပိုပြီးတော့ မောက်မာလာတယ်။ သူတို့က လယ်ကွက်တွေ အကုန်လုံးကို လုယူနေချင်နေပြီ။ မတရားတာလည်း အားလုံးသိတယ်။” လို့လည်း အထက်ပါ အမျိုးသားက ရှင်းပြပါတယ်။
တောင်သူတွေဟာ အခက်အခဲကို ရင်ဆိုင်နေကြရပေမယ့် အကူအညီတောင်းခံမယ့်သူ မရှိတဲ့အတွက် ကြုံလာသမျှကို ရင်ဆိုင်ကာ ဒုက္ခခံနေတဲ့ တောင်သူတွေလည်းရှိသလို အချို့တောင်သူများကို PDF လုပ်သူ၊ KIA နှင့် ပူးပေါင်းသူဟု စွပ်စွဲပြီး ဖမ်းဆီးတာတွေ ပြုလုပ်တယ်လို့လည်း တောင်သူတွေက ပြောပါတယ်။
“တောင်သူတွေကိုကြတော့ မဟုတ်ရင်လည်းဟုတ်တယ်၊ မဖြစ်လည်းဖြစ်တယ်၊ အဲဒီလိုစွပ်စွဲကြတယ်၊ PDF ဆိုရင် လုံးဝမေးမြန်းခြင်းမရှိ ဖမ်းကြ အဲဒီလိုပုံစံနဲ့လုပ်တယ်။ တချို့တောင်သူတွေက KIA တွေနဲ့ပေါင်းတယ်၊ PDF လုပ်တယ်၊ မဟုတ်လည်းဟုတ်တယ်၊ မမှားလည်းမှားတယ် ဆိုပြီး ရဲတွေကိုခေါ်ခိုင်းပြီး ကျွန်တော်တို့ တောင်သူတွေကို လုပ်ကြတယ်။” လို့လည်း တောင်သူအမျိုးသားက မိမိပတ်ဝန်းကျင်မှာ လက်ရှိ ကြုံတွေ့နေကြတဲ့တောင်သူတွေရဲ့အခက်အခဲကို ပြောပြပါတယ်။
လက်အချိန်တွေ ကုမ္ပဏီတွေနဲ့ ပြဿနာဖြစ်တဲ့ တောင်သူတွေဟာ အသက်အန္တရာယ်အထိ ခြိမ်းခြောက်ခံရပြီး ပြဿနာ တစ်စုံတစ်ရာ ဖြစ်ခဲ့ရင်လည်း တောင်သူတွေဘက် ရပ်တည်ပေးမယ့်သူမရှိတဲ့အပြင် တရားစွဲဆိုတာတွေကိုပါ ခံနေရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဥပဒေဆိုတာ စာအုပ်အတွင်းမှာပဲ ရှိတော့တဲ့အတွက် တောင်သူတွေဟာ ဆင်းရဲတွင်းထဲက ရုန်းထွက်နိုင်ဖို့နဲ့ လယ်ယာမြေအသိမ်းခံရတဲ့ ဘဝက လွတ်မြောက်ရေး ဆက်လက်မှေးမှိန်နေဦးမှာ ဖြစ်ပါတယ်။