စစ်ကောင်စီနဲ့ ပျူစောထီးရဲ့ ရွာမီးရှို့မှုကို ချောင်းဦး PDF ကို လွှဲချရန် ကြိုးစား

စစ်ကောင်စီနဲ့ ပျူစောထီးရဲ့ ရွာမီးရှို့မှုကို ချောင်းဦး PDF ကို လွှဲချရန် ကြိုးစား

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ချောင်းဦးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက မီးရှို့ခဲ့တယ်ဆိုပြီး ရဲဘော်ကိုရဲ ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၈ နာရီ ၄၈ မိနစ်မှာ ရေးတင် ထားပါတယ်။

ရဲဘော်ကိုရဲ ဆိုသူက ချောင်းဦးကျေးရွာ မီးလောင်နေတဲ့ ပုံကို အသုံးပြုပြီး “ကိုယ့်ရွာကို မီးပြန်ရှို့ဖို့  တခြား ရွာက PDFတွေကို မြောက်ပေးတဲ့ ချောင်းဦး PDF” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးတင်ထားတာကို တွေ့ရပါတယ်။

ရဲဘော်ကိုရဲဆိုသူက “တခြားရွာက PDF ကောင်တွေကို  ချောင်းဦးရွာ ကြီးမီးရှို့ဖို့အတွက် မြှောက်ပေးကြ တယ်ခုတော့ PDF ရှို့တဲ့မီးက ချောင်းဦးတစ်ရွာလုံး ပြာပုံ အောက် ရောက်သွားပြီ” (မူရင်းအရေးအသားအတိုင်း) ဆိုပြီး ရေးသားထားပါတယ်။

အဆိုပါရေးသားမှုဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ချောင်းဦးရွာကို မီးရှို့တဲ့ သူတွေဟာ  ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့တွေ မဟုတ်ပဲ ရွာကို တကယ်မီးရှို့ခဲ့သူတွေကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့လက်ပါးစေ ပျူစောထီး တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုပြီး မျက်မြင်တွေ့ရှိကြတဲ့ ဒေသခံတွေက ပြောဆိုထားကြလို့ပဲဖြစ်ပါတယ်။

ချောင်းဦးရွာ မီးလောင်ခဲ့တဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး သတင်းဌာနတော်တော်များကလည်း ဒေသခံတွေ ကို မေးမြန်း ပြီး သတင်း ထုတ်လွှင့်ခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။

RFA သတင်းဌာနက ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/36je8Ab ဝင်ကြည့်လို့ရသလို Mizzima သတင်းဌာနက ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3sS16kS ဝင်ကြည့်လို့ရပါတယ်။

ထို့အတူ တိုင်းရင်းသား ဒေသအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ ကချင်သတင်းဌာန KNG ကလည်း ဒေသခံ တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို မေးမြန်းပြီး သတင်းရေးသားထားတာကိုလည်း ဒီမှာ https://bit.ly/3JGq5yk ဝင်ကြည့်လို့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့တွေကို တန်ပြန်တိုက်ခိုက်ဖို့ဆိုပြီး ပျူစောထီးလို့ ခေါ်တဲ့ အဖွဲ့ကို ဖွဲ့စည်းပြီး စစ်သင်တန်းတွေပေးနေသလို စစ်သင်တန်းပြီးတဲ့ နောက်ပိုင်းမှာ ပျူစောထီးတပ်ဖွဲ့ဝင် တွေက စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းပြီး ကျေးရွာတွေထဲကို ဝင်ရောက်ကာ နေအိမ်တွေ မီးရှို့ခဲ့တဲ့ အလုပ်ကို လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက သတင်းဌာနတွေကို ပြောဆိုထား ကြပါတယ်။

အခြားတစ်ဖက်ကို ကြည့်မယ်ဆိုရင်လည်း စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာထဲကို ဝင်တဲ့အခါမှာ သေနတ်တွေ ကိုတစ်ဖက်သတ် ပစ်ပြီး ဝင်ရောက်လာသလို ပါးစပ်ထဲကလည်း ရွာကို မီးလောင်တိုက်သွင်းမယ်၊ မီးရှို့မယ်၊ ငါ တို့က သွေးဆာနေတာ တိုက်ပွဲ ငတ်နေတာကြာပြီ စတဲ့ ကြွေးကြော် ပြောဆိုမှုနဲ့အတူ ဝင်ရောက်လာခဲ့ကြတဲ့ ဖြစ် စဉ်ကို Red News Agency က ရရှိထားတဲ့ ရုပ်သံထဲမှာတွေ့နိုင်ပါတယ်။

Red News Agency က ရရှိထားတဲ့ ရုပ်သံကို ဒီမှာ https://bit.ly/3IcHkqF ဝင်ကြည့် လို့ရပါတယ်။

စစ်ကောင်စီတပ်က ရွာတွေထဲကို ဝင်ရောက်လာတဲ့အခါမှာ သူတို့ရဲ့ လုပ်ဆောင်ပြောဆိုမှုတွေဟာ ကျေးရွာတွေ ထဲမှာရှိတဲ့ ပြည်သူတွေကို ကာကွယ်ဖို့ မဟုတ်ပဲ ရန်သူသဖွယ် သတ်မှတ်ပြီး ဝင်ရောက်လာတာကို  Red News Agency က ရရှိထားတဲ့ ရုပ်သံထဲမှာ တွေ့နိုင်ပါတယ်။

ဒီလိုပြောဆို လုပ်ဆောင်တာတွေဟာ အခုမှ မဟုတ်ပါဘူး။ အရင် ခေတ်အဆက်ဆက်က တိုင်းရင်းသား ဒေသ အတော်များများမှာ စစ်တပ်က ရွာတွေထဲကို ဝင်ရောက်တဲ့အခါမှာ သေနတ်တွေပစ်ဖောက်ပြီး ဝင်ရောက်လာ သလို နေအိမ်တွေကို မီးရှို့တဲ့အခါမှာလည်း သက်ကြီးရွယ်အိုတွေ ကိုယ်ဝန်သည်တွေနဲ့ ကလေးသူငယ်တွေပါ မ ကျန် နေအိမ်ထဲထည့်ပြီး အိမ်နဲ့အတူ မီးရှို့သတ်ခဲ့တဲ့ ဖြစ်စဉ်တွေဟာ တော်တော်များများရှိခဲ့တယ်လို့  စစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်း အချို့ရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်စစ်လိုက်တဲ့အခါမှာ ရဲဘော်ကိုရဲ ဆိုသူက စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်း အဖွဲ့တွေရဲ့ အကြမ်းဖက် လုပ်ဆောင်မှုတွေ၊ နေအိမ်တွေ မီးရှို့ခဲ့တဲ့ ဖြစ်စဉ်တွေကို ဒေသအတွင်းမှာ ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ လုပ်ဆောင်သယောင် ဝါဒဖြန့်ဖို့အတွက် ဖန်တီးရေးသားထားတဲ့ သတင်း အမှား ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

လက်ရှိနိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ တော်လှန်ရေးကာလမှာ ဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေ အနေနဲ့ PDF တွေကို ပြည်သူတွေ အထင်အမြင်မှားအောင်၊ မထောက်ပံ့ မကူညီ အောင်၊ အားမပေးအောင်၊ ကြောက်လန့် အောင် မဟုတ်မမှန် သတင်းစကားတွေကို  ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် ထုတ်လွှင့် ဖြန့်ဝေနေတာကို တွေ့ရှိရပါ တယ်။

ဒါ့အပြင် သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီး ရေးသားပြီး တော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြ တော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့ လိုပါတယ်။

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...