လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံရေးသမိုင်းကိုပြန်ကြည်ရလျှင် စစ်အစိုးရနှင့် စစ်ဗိုလ်ချုပ်ဟောင်းများ ကြီးစိုးအုပ်ချုပ်ခဲ့သည့်ကာလများနှင့် အရပ်သားအုပ်ချုပ်ရေး သက်တမ်းတွင်လည်း စစ်ဘက်သြဇာနှင့် မလွတ်ကင်းသည့်အစိုးရတို့က အုပ်ချုပ်ခဲ့သည်ကိုတွေ့ရသည်။
လက်ရှိ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်တော်လှန်ရေး၏ပြဿနာမှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင်၊့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့အပေါ် အခြေတည်ထားသည်။ တနည်းအားဖြင့် ခေတ်အဆက်ဆက် အာဏာရှင်လူတစ်စုကို ကာကွယ်ပေးထားသည့် ဖွဲ့စည်းပုံဥပဒေကို မနှစ်သက်သည့် တိုင်းရင်းသားတို့က လက်နက်ကိုင်တော်လှန်ကာ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တောင်းဆိုနေကြခြင်းဖြစ်သည်။
ထိုသို့ လက်နက်ကိုင်တော်လှန် တောင်းဆိုမှုတို့အပေါ် အာဏာရှင်အစိုးရတို့က လျှစ်လျှူရှုကာ ငုတ်ချိုးသွားအောင် အင်အားသုံးနှိမ်နှင်းမှုများကြောင့် ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် တငွေ့ငွေ့လောင်ကျွမ်းနေဆဲဖြစ်သည်။
သို့သော် အာဏာသိမ်းပြီး ၁ နှစ်ပြည့်နေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ နေ့တွင် စစ်ကောင်စီက ပြည်သူတို့အပေါ် မက်လုံးပေးသည့် စကားသံထွက်ပေါ်လာသည်။ မည်သို့ပင်ဆိုစေကာမူ စိတ်ဝင်စားစရာရှိလာသည်မှာ ဖက်ဒရယ်ပြည်ထောင်စုကို ပြည်နယ်နှင့်တိုင်းအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရမည်ဟု စစ်ကောင်စီဘက်က ပြောဆိုလာခြင်းဖြစ်သည်။
“ဖက်ဒရယ်နဲ့ပတ်သက်ပြီး ဘယ်လိုအယူအဆအမျိုးမျိုးကွဲပြားနေပါစေ မိမိတို့နိုင်ငံနဲ့ သဟဇာတဖြစ်မယ့် စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ဖို့လိုအပ်မှာဖြစ်ပါတယ်။ အာဏာ ၃ ရပ်ကိုခွဲဝေကျင့်သုံးခြင်းနဲ့ ဒီလိုဆောင်ရွက်ရာမှာ ပြည်ထောင်စု၊ တိုင်းဒေသကြီး ပြည်နယ်တွေကြား ဥပဒေအရ အာဏာခွဲဝေဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီး ပြည်နယ်တွေအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ရရှိစေမှာဖြစ်ပါတယ်”ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုသည်။
စစ်ကောင်စီ၏ နိုင်ငံတော်တာဝန်ယူခြင်းဟုဆိုသည့် တစ်နှစ်ပြည့်မိန့်ခွန်းပြောစဉ် စစ်ကောင်စီဥက္ကဋ္ဌက ယင်းသို့ထည့်သွင်းပြောသွားခဲ့ခြင်းဖြစ်ပြီး ဖက်ဒရယ်နှင့်ပတ်သက်ပြီး နိုင်ငံရေးအယူအဆတို့ ကွဲပြားနေသော်လည်း မိမိနိုင်ငံနှင့် သဟဇာတဖြစ်မည့်စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီကဆိုသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အသံ ဘာကြောင့် ထွက်လာရတာလဲ
ယခင်က မြန်မာ့နိုင်ငံရေးငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့တွင် ဖက်ဒရယ်စကားလုံးကိုတောင် အသံမထွက်ခဲ့သည့် စစ်တပ်အနေဖြင့် ယနေ့အချိန်အခါတွင် တန်းတူညီမျှရေးနှင့် ဖက်ဒရယ်နှင့်ပတ်သက်သည့် ယေဘုယျအကြောင်းအရာတို့ကိုချပြလာသည်မှာ စဉ်းစားစရာရှိလာသည်။
ဖက်ဒရယ်၏ အခြေခံသဘောတရားဖြစ်သော တိုင်းနှင့်ပြည်နယ်အလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မှာ တိုင်းရင်းသားများက ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များပြောဆိုခဲ့သည့်အပေါ် စစ်တပ်က ယခင်ကသဘောမတူခဲ့ပေ။
လက်ရှိတွင် တနိုင်ငံလုံးပြည်သူလူထုတို့က စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်ဆန္ဒထုတ်ဖော်မှုကနေ စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်တို့၏ တိုက်ခိုက်ဖြိုခွဲမှုတို့ကြောင့် လက်နက်ကိုင်တော်လှန်ရေးဆီသို့ အသွင်ပြောင်းကာ GZ လူငယ်တို့ကဦးဆောင်ပြီး နေရာအနှံ့ PDFs များဖွဲ့စည်း၍ တိုက်ခိုက်နေကြသည့်အချိန် ဖြစ်သည်။ တနည်းအားဖြင့် စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက် ကျပ်တည်းနေချိန်လည်းဖြစ်သည်။
“အခုပြောလာတာက ကျနော့်အမြင်အရ လူထုတိုက်ပွဲအရှိန်အဟုန်မြင့်မားလာတဲ့အောက်မှာ အထူးသဖြင့် AA လို ကြံ့ခိုင်ပြီးတော့ ရခိုင်အမျိုးသားတရပ်လုံး စည်းလုံးနိုင်တဲ့အဖွဲ့အစည်းလိုဟာမျိုးကို နွေဦးတော်လှန်ရေးမှာ မပါဝင်လာဖို့အတွက် သူတို့(စစ်ကောင်စီ)ဘက်က နိုင်ငံရေးသဘောထားတွေ ပိုမိုပြီးတော့ပေးလာတယ်ပေါ့”ဟု မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။
NUCC ကြိုးပမ်းနေတဲ့ ဖက်ဒရယ်
အခြားတဘက်၌ လူထုလက်ခံထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် သင့်တော်သည့် ဖက်ဒရယ်ဖွဲ့စည်းပုံမူဘောင်တစ်ခုကို ရေးဆွဲနေကြောင်းသိရသည်။ ယင်းတွင် ဖက်ဒရယ် Charter အခြေခံပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကို အဖွဲ့အစည်း ၃၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားကြောင်းလည်း သိရသည်။
ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ Online ကနေပြုလုပ်ခဲ့သည့် NUCC ၏ ပထမအကြိမ်ပြည်သူ့ညီလာခံအပြီးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ခု၊ ရွေးကောက်ခံကိုယ်စားလှယ်များအစုအဖွဲ့၊ ပြည်နယ်ကိုယ်စားပြုအဖွဲ့အစည်း၊ သပိတ်ဦးဆောင်ကော်မတီများအဖွဲ့အစည်း၊ နိုင်ငံရေးပါတီအစုအဖွဲ့ အပါအဝင် စုစုပေါင်း ၃၃ ခုတို့က အနာဂတ်တွင်ပုံဖော်မည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်အစိတ်အပိုင်း(၁)နှင့် အစိတ်အပိုင်း(၂) ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကို အတည်ပြုကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ကြေညာစာတမ်းတွင်ပါသည့် နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဖွဲ့စည်းပုံသစ် အခြေခံဥပဒေတစ်ရပ်ကို လူထုဆန္ဒနှင့်အညီ အတည်ပြုပြဋ္ဌာန်းပြီး ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်မှာဖြစ်ကြောင်းလည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားသည်။
သို့သော် ယင်းဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဏ်အစိတ်အပိုင်း(၁)နှင့် (၂)တို့တွင် မည်သည့်အချက်အလက်များပါဝင်သည်ကိုတော့ ရှင်းရှင်းလင်းလင်းထုတ်ပြောခြင်း မရှိသေးပေ။
ဗမာတိုင်းရင်းသားတော်လှန်ရေးအင်အားစုနှင့် ပြည်သူတို့ကတော့ ဖက်ဒရယ်ပြည်ထောင်စုကိုသွားရန် လက်ခံထားကြပြီး အခြားတဘက်၌လည်း တိုင်းရင်းသားတို့က NUG နှင့် စစ်ကောင်စီဘက်ကချပြမည့် ဖက်ဒရယ်မူကို နားစွင့်နေကြသည်။
ထို့ကြောင့် လက်ရှိမြန်မာနိုင်ငံတွင် တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အသစ်သွားရမည့် ဖက်ဒရယ်မူတစ်ခုကို အကျယ်တဝင့်ရှင်းပြရန်လိုအပ်နေပြီး လျှို့ဝှက်ထားရမည့်အရာမဟုတ်ဆိုသည့် အားမရသည့်အသံများကိုလည်း ကြားနေရသည်။
“ဖက်ဒရယ်ဆိုတာက ဗမာနောက်ဝါဒပဲ။ ငါတို့ အမျိုးသားတွေရဲ့ ကံကြမ္မာကို ငါတို့ဖန်တီးခွင့်မဟုတ်ဘူး ဆိုတဲ့ အတွေး ခေါ်တွေကလည်း ပြန်ပြီးတော့ လွမ်းမိုးလာတာရှိပါတယ်။ အဲဒီအတွေး အခေါ်နှစ်ခုက တစ်ခုနဲ့ တစ်ခု အပြန်အလှန် အကျိုးပြုပြီးတော့မှ ကျွန်တော်တို့ အဖိနှပ်ခံတိုင်းရင်းသားပြည်သူလူထုတရပ်လုံးလို လားတဲ့ ကြိုးပမ်းမှုမှာ အများကြီးအနှောင့်အယှက်ဖြစ်စေပါတယ်။ တိုင်းရင်းသားခေါင်းဆောင်ကြီးများအနေနဲ့က ဖက်ဒရယ်ဒီမိုကရေစီဆိုတာ ဘာလဲဆိုတဲ့(message)ကို ကျယ်ကျယ်ပြန့်ပြန့်ပြဖို့လိုတယ်”ဟု ANC/AA ခေါင်းဆောင် ဗိုလ်မှူးကြီးမင်းထွန်းက ပြောသည်။
အဆိုပါစကားကို NUCC ၏ ပထမအကြိမ် ပြည်သူ့ညီလာခံအမှာစကားတွင် ရခိုင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဖြစ်သည့် ရခိုင်ပြည်အမျိုးသားကောင်စီ(Arakan National Council)ANC ၊ ရခိုင်ပြည်တပ်မတော်(AA)ခေါင်းဆောင် ဗိုလ်မှူးကြီးမင်းထွန်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ANC/AA က လက်ရှိ နွေဦးတော်လှန်ရေး၌ စစ်ကောင်စီကို ကရင်ပြည်နယ်တွင် မဟာမိတ်တို့နှင့်တော်လှန်တိုက်ခိုက်နေသည့် အဖွဲ့လည်းဖြစ်သည်။
ဖက်ဒရယ်ဖောင်းဖွခြင်း
အထက်ပါအတိုင်း NUCC မှာလည်း ဖက်ဒရယ် Charter များလုပ်နေကြောင်းသာသိရပြီး ပြည်သူတို့ နိုင်ငံရေးအင်အားစုများ ယုံကြည်လက်ခံလောက်သည့် ခိုင်မာသောမူများကိုချပြခြင်းမတွေ့ရသေးပေ။ စစ်ကောင်စီဘက်မှာလည်း ဖက်ဒရယ်မူပုံစံတစ်ခုကို အတိအကျချပြနိုင်စွမ်းမရှိသည့်အတွက် လက်ရှိနိုင်ငံရေးအခင်းအကျင်းကြားတွင် ဖက်ဒရယ်ဖောင်းဖွနေသည့် သဘောရှိနေသည်။ ယင်းအပြင် လက်ရှိမြန်မာနိုင်ငံရေးအခင်းအကျင်း၏ ရှုပ်ထွေးမှုကိုဖြေရှင်းရေးတွင် ဖက်ဒရယ်ခေတ်စားလာသဖြင့် ဖက်ဒရယ်ခေတ်ဟုပင် တင်စားပြောဆိုနိုင်သည်။
ထို့အတူ ဖက်ဒရယ်ကိုရှေ့တန်းတင်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စကားသံထွက်လာသည်မှာ ပြည်တွင်းရှိ နိုင်ငံရေးပါတီနှင့် အခြားလက်နက်ကိုင်အဖွဲ့အစည်းတို့ကို စည်းရုံးသည့်သဘောဟုလည်း စဉ်းစားချက်တချို့ရှိနေသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ထိပ်ပိုင်းခေါင်းဆောင် စောမြရာဇာလင်းက “အခုလို ပြောလိုက်ခြင်းကို လက်နက်ကိုင်တော်လှန်နေကြတဲ့အဖွဲ့တွေက ဘယ်လောက်အထိ လက်ခံနိုင်မလဲဆိုပြီးတော့ စောင့်ကြည့်ဖို့လိုအပ်သေးတယ်။ ကျမနေနဲ့ပြောချင်တာက တိုင်းပြည်ရှေ့ကိုသွားနိုင်ဖို့ ဖြစ်နိုင်ဖို့လမ်းကြောင်းကို အမှန်တကယ်ချပေးနိုင်မယ်ဆိုရင် ကောင်းတဲ့လက္ခဏာတစ်ခုလို့မြင်တယ်။ ဒါပေမယ့်လည်း ပေးလာမယ့်ဖက်ဒရယ်က ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ပြည်သူကိုချပြဖို့လိုသေးတယ်”ဟု ဆိုသည်။
ယင်းအပြင် ဖက်ဒရယ်ပြည်ထောင်စုဆိုသည်မှာ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို ကမ္ဘာ့နိုင်ငံအသီးသီး၌ မတူကွဲပြားစွာကျင့်သုံးကြသည်။ အိန္ဒိယနိုင်ငံ ဖက်ဒရယ်ပုံစံမျိုး၊ အမေရိကန်ဖက်ဒရယ်ပုံစံမျိုး သို့မဟုတ် ဥရောပ ဆွစ်ဇာလန်၊ ဂျာမနီပုံစံမျိုး စသည့်ဖြင့် အုပ်ချုပ်ပုံစနစ်ကွဲပြားသည်ကို တွေ့ရသည်။
ဥပမာ- ဂျာမနီနိုင်ငံတွင် ဖက်ဒရယ်စနစ်မှာ လွတ်လပ်ခွင့်တွေပိုများသည့် အချက်အလက်တို့အများပါရှိသော်လည်း အိန္ဒိယဖက်ဒရယ်တွင် လုပ်ပိုင်ခွင့်ပေးထားသည်ဆိုသော်လည်း ဗဟိုချုပ်ကိုင်မှုများကာ တခြားနိုင်ငံတို့တွင် မတူညီသည့် အရှုပ်အထွေးများစွာ ရှိကြသည်။
ယင်းကြောင့် စောမြရာဇာလင်းက “သို့သော် မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ဖက်ဒရယ်စနစ်တခုကို သွားမယ်ဆိုတာလည်း ဖြစ်ကောင်းဖြစ်နိုင်မယ့်ပေါ့။ ဖက်ဒရယ်ကတော့ ကျယ်ပြန့်တယ်။ ဒါကြောင့် ကျယ်ပြန့်သော ဆွေးနွေးမှုတွေရှိရင် တိုင်းပြည်အတွက်ကောင်းမယ်လို့မြင်တယ်”ဟု မှတ်ချပေးသည်။
ဖက်ဒရယ်ဆိုတဲ့မုန့်နဲ့ တိုင်းရင်းသားတွေကို ချော့နေတာလား
မြန်မာ့နိုင်ငံရေးသမိုင်းဖြစ်စဉ်ကိုပြန်ကြည့်လျှင် ယခင်နှစ်များကလည်း EAOs များ၊ အင်အားကြီး နိုင်ငံရေးပါတီများကလည်း အာဏာရှင်စနစ်၊ ၂၀၀၈ ခြေ/ဥကို မနှစ်သက်ကြောင်း ဖက်ဒရယ်လမ်းကြောင်းကို သွားမည်ဟုသာပြောဆိုခဲ့ကြသော်လည်း မဟာဗျူဟာများဖြင့် ညှိနှိုင်းမှုများ၊ လုပ်ငန်းစဉ်များ မရှိခဲ့ပေ။
ထို့အတူ ပြင်းထန်လာသည့် နိုင်ငံရေးအကျပ်အတည်းကိုဖြေလျော့ရန်နှင့် လက်နက်ကိုင်တော်လှန်ရေး အင်အားစုတို့ကိုစည်းရုံးရာ၌ အမျိုးသားရင်ကြားစေ့ရေးစကားလုံးထက် မပိုသည်ကိုမြင်ခဲ့ရသည်။ ယင်းကြောင့် ဖက်ဒရယ်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုသည်မှာ တိုင်းရင်းသားများအပေါ် မုန့်တစ်ခုလိုပေးနေပြီး အမြဲတမ်း ချော့သိပ်ပေးနေသည့် သဘောဖြစ်ခဲ့ရသည်။
“တိုင်းရင်းသားတွေက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အာဏာခွဲဝေရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ သယံဇာတခွဲဝေခွင့် ပါဝါတွေကို ပေးဖို့လိုတယ်။ အဲဒီဖက်ဒရယ်မှာ တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို အပြည့်အဝထည့်ဖို့လိုတယ်”ဟု ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ဝေဖန်သည်။
ယင်းအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖက်ဒရယ်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုသည့်ကိစ္စအပေါ် စစ်ကောင်စီအနေဖြင့် လေလှိုင်းထက်ကနေ ပြည်သူတို့ကိုပေးနေခြင်းမဟုတ်ဘဲ အာမခံချက်ပေးသည့် စာချုပ်၊ ဖွဲ့စည်းပုံများဖြင့်ချပြမှသာ ယုံကြည်နိုင်မည်ဟုလည်း ဦးဖေသန်းကဝေဖန်သည်။
ဆက်လက်ပြီး ဦးဖေသန်းက “အခုကတော့ စာရွက်ပေါ်မရောက်ဘဲ လေလှိုင်းထက်မှာဘဲ ပေးနေကြတာများတယ်။ ဆိုတော့ လေလှိုင်းထက်ကနေ စာရွက်၊ စာချုပ်၊ နိုင်ငံတကာကအသိအမှတ်ပြုတဲ့ စာချုပ်အဖြစ် ပေါ်ထွက်လာဖို့လိုတာ။ ဒါမှလည်း အဲဒီဖက်ဒရယ်ဟာ ဘယ်လောက်အဆင့်ရှိလဲဆိုတာကို လေ့လာခွင့်၊ သိခွင့်ရမှာ”ဟု ထောက်ပြသည်။
နိုင်ငံရေး ရိုးသားမှုလိုအပ်
လတ်တလောမှာ တနိုင်ငံလုံးတွင် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေချိန်ဖြစ်သည့်အလျှောက် ငြိမ်းချမ်းရေးက အကောင်အထည်ဖေါ်ချိန် မလွယ်ကူသေးပေ။ ယင်းမှတခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒနှင့်တွဲချည်ပြီး စစ်ကောင်စီက ပြောနေကြခြင်းကိုတွေ့ရသည့်အတွက် ဖက်ဒရယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လိုရာဆွဲပြီး ဘယ်လောက်အထိထည့်သွင်းနိုင်မလဲဆိုသည်မှာလည်း ပြည်သူတို့က အနှုတ်ဘက်ကိုမြင်နေကြသည်။
ယခင်လက်နက်ကိုင်များ၏ အဖြေရှာလမ်းကြောင်းဖြစ်ခဲ့သော NCA မှာလည်း ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွင် အကောင်အထည်ဖော်မှု မသေချာခဲ့ပေ။
ယင်းသို့ နိုင်ငံရေးရည်မှန်းချက်ဆီကိုမရောက်ဖြစ်သည့် အကြောင်းရင်းများစွာထဲမှာ ဗမာလူကြီးဝါဒနှင့် အာဏာရနိုင်ငံရေးခေါင်းဆောင်နှင့် စစ်တပ်တို့ဘက်က လက်ဝါးကြီးအုပ်ချုပ်လိုမှု၊ လုပ်ငန်းစဉ်တို့အပေါ် အာရုံစိုက်အလေးထားမှု လုံးဝမရှိခဲ့ခြင်းတို့ကို တွေ့ရသည်။ ထိုအချက်တို့မှာ နိုင်ငံရေးရွေးချယ်မှုမှာ သက်ဆိုင်ရာအဖွဲ့အစည်းတို့က ရိုးသားမှုမရှိခဲ့ခြင်းအပေါ် အများကြီးမေးခွန်းထုတ်စရာနှင့် သံသယထားစရာလည်း ရှိနေသည်။
ယင်းကြောင့် ဖက်ဒရယ်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟု စစ်ကောင်စီပြောဆိုလာမှုမှာ နွေဦးတော်လှန်ရေး၊ လူထုတိုက်ပွဲ အရှိန်အဟုန်ကျသွားအောင်နှင့် ရခိုင်လူထုထောက်ခံမှု အင်အားကောင်းသည့် AA ကိုဆွဲဆောင်လာသည့် နိုင်ငံရေးနည်းပရိယာယ်လုပ်ငန်းစဉ်ဟုလည်း မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဝေဖန်သည်။
“ဒါပေမယ့်လည်း စစ်ကောင်စီရဲ့သဘောထားကို သူတို့ပြောတဲ့ ကြေညာချက်တွေကိုကြည့်ပြီး လက်ခံမလား။ ဒါမှမဟုတ် တကယ်တမ်းကျင့်သုံးနေတဲ့ကိစ္စ၊ လုပ်ထုံးလုပ်နည်းသဘောထားတွေကို ကြည့်ပြီးတော့ အကဲဖြတ်မှာလားဆိုတာ အရေးကြီးပါတယ်”ဟု ဦးသန်းစိုးနိုင်ကဆိုသည်။
အချုပ်အားဖြင့် လွှတ်တော်နှင့် ရွေးကောက်ပွဲများရှိတိုင်း မြန်မာ့ဒီမိုကရေစီ မတည်မြဲနိုင်ကြောင်းကို နှစ်ပေါင်း ၇၀ ကျော် နိုင်ငံရေးအခင်းအကျင်းက သက်သေပြနေပြီဖြစ်သည်။ နောက်တစ်ခါ ပြည်တွင်းငြိမ်းချမ်းရေး မရှိဘဲနှင့်လည်း ဒီမိုကရေစီဖက်ဒရယ် မထွန်းကားနိုင်သည့်အတွက် လာမည့်ဖက်ဒရယ်ဒီမိုကရေစီအရေးမှာ ပါဝင်ကြမည့်သူတို့က ရိုးသားမှုကိုအခြေပြုကာ တည်ဆောက်ယူရမည်လည်းဖြစ်သည်။
ဂေါင် - ရေးသားသည်။