မော်လမြိုင်က ငါးရာတန် ထမင်းဆိုင်လေးတွေ

မော်လမြိုင်က ငါးရာတန် ထမင်းဆိုင်လေးတွေ

မနက် ၁၁နာရီ ထိုးပြီဆိုရင် မော်လမြိုင်မြို့ တောင်ဝိုင်းရပ်ကွက်က ထမင်းဆိုင်လေးရှေ့မှာ လူတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ စတင်စည်ကားလို့ လာပြီပဲ ဖြစ်ပါတယ်။ စည်းကမ်းတကျ တန်းစီပြီး စောင့်ဆိုင်းနေကြတာလည်း ဖြစ်ပါတယ်။

ဆိုင်ကယ်တွေ ကားတွေနဲ့ လာရောက်သူတွေရှိတဲ့အတွက် ကား၊ ဆိုင်ကယ် ထားစရာ နေရာမရှိအောင် တန်းစီးနေပြီး လမ်းဘေးနှစ်ဖက်စလုံးမှာ ပြည့်နေပါတယ်။ လမ်းလျှောက်ပြီး လာရောက်ကြသူ တစ်ချို့ကလည်းရှိပါတယ်။ ဆိုင်ရှေ့ မြေနေရာ ကွက်လပ်နဲ့ အရိပ်ရှိနေတဲ့ သစ်ပင်တွေ အောက်မှာ ရပ်ပြီး  မိမိအလှည့်ရောက်လာမယ့် အချိန်ကို တန်းစီစောင့်ဆိုင်းနေကြတာကို တွေ့မြင်ကြနိုင်ပါတယ်။

နေရာအစုံဆီကနေ ပုံစံမျိုးစုံနဲ့ သူတို့တွေ လာရောက်ပြီး စောင့်ဆိုင်းနေတာကတော့ ငွေကျပ် ငါးရာနဲ့ ထမင်း ဟင်းတွေကို ရောင်းချပေးနေတဲ့ ငါးရာတန် ထမင်းဆိုင်လေးဆီကိုပဲ ဖြစ်ပါတယ်။

မော်လမြိုင်မြို့နယ်အတွင်းမှာတော့ ဒီဇင်ဘာလကနေ စပြီး လူတန်းစားမရွေး စားသုံးနိုင်မယ့် တန်ဖိုးနည်း ငါးရာတန် ထမင်းနဲ့ ဟင်းဆိုင်လေးတချို့ကို ဖွင့်လှစ်ရောင်းချလာခဲ့တာကို တွေ့မြင်ကြရပါတယ်။

တန်ဖိုးနည်း ထမင်း နဲ့ ဟင်း ဖြစ်ပေမဲ့လို့လည်း အနံ့၊ အရသာ ကောင်းမွန်တဲ့အတွက် လူတန်းစားမရွေး လာရောက် စားသောက်နေကြတာပဲ ဖြစ်ပါတယ်။ ဆိုင်မှာ ထိုင်ကာ စားသောက်သူတွေရှိသလို ပါဆယ်စနစ်နဲ့ လာရောက် ဝယ်ယူသူတွေလည်း တန်းစီနေပါတယ်။

ကိုဗစ်နဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေး အခက်အခဲဖြစ်နေကြတဲ့အချိန်ဖြစ်တဲ့အတွက် လူတန်းစားမရွေး စားသောက်နိုင်အောင် ရောင်းချပေးခဲ့တာ ဖြစ်တယ်လို့ ငါးရာတန်ထမင်းရောင်းချနေတဲ့သူ တစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ကတော့ တစ်နေ့နဲ့ တစ်နေ့ မထပ်အောင် စီစဉ်ရောင်းချပါတယ်။ အခုက အခြေခံလူတန်းစားတွေအတွက် အရမ်းခက်ခဲပါတယ်။ ကျွန်တော်တို့ ရောင်းချပေးတာလေးက သူတို့အတွက် တစ်နပ်စာ အဆင်ပြေသွားစေမယ်လို့ ထင်ပါတယ်"လို့ သူက ပြောပါတယ်။

အခြေခံ လူတန်းစားတွေအတွက် သာမက လူတန်းစားမရွေး လာရောက် စားသုံးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရောင်းချပေးနေတာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ကိုဗစ်ကာလဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ကိုဗစ် စည်းမျဉ်းစည်းကမ်းနဲ့ အညီ စနစ်တကျ ရောင်းချပေးနေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြည်သူတွေအတွက်ကတော့ ကိုဗစ်စဖြစ်တဲ့ အချိန်ကတည်းက စီးပွားရေး၊ လူမှုရေး အဆင်မပြေတာတွေ၊ စားဝတ်နေရေးအခက်အခဲတွေကို စတင် ရင်ဆိုင်လာကြရတာဖြစ်ပါတယ်။

အခြေခံစားသောက်ကုန် ဈေးနှုန်းတွေလည်း မြင့်တက်လာခဲ့တဲ့အတွက် တစ်နေ့လုပ် တစ်နေ့စား အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးအခက်အခဲဟာလည်း ကြီးမားလာခဲ့ပါတယ်။

ငါးရာတန်ဆိုင်လေးမှာ နေ့လည်စာကို ဝယ်ယူစားသောက်ရတာ မိသားစု ထမင်းတစ်နပ်စာ ငွေကြေးကုန်ကျမှု မများဘဲ စားရတဲ့အတွက် အဆင်ပြေတယ်လို့ ဝယ်ယူသူ တစ်ဦးက ပြောပါတယ်။

"အခုလို့ ဆိုင်လေးတွေ ဖွင့်လာတာ ကျွန်မတို့အတွက်တော့ အဆင်ပြေပါတယ်။ ငါးရာသာ ပြောတာ အများကြီး ထည့်ပေးတယ်။ ညနေကိုတော့ ဝယ်ချက်တာပေါ့။ မနက်ကတော့ အဲဆိုင်မှာပဲ နှစ်ပွဲဝယ်တယ်။ ပြီးရင် မိသားစု ငါးယောက် စားလိုက်ကြတယ်"လို့ အသားညိုစိမ့်စိမ့် သူမက ပြောပါတယ်။

ထမင်း၊ ဟင်း နဲ့ အရည်သောက်ဟင်းချိုပါ ပါတဲ့အပြင် ထမင်းကိုလည်း ပိုပိုသာသာ ထည့်ပေးတဲ့အတွက် တစ်နပ်စာထမင်းကိုတော့ ဝဝလင်လင်စားနိုင်တယ်လို့ ဆက်ပြောပါတယ်။

ငါးရာတန်ဆိုင်လေးကို လာရောက် စားသောက်တဲ့သူ၊ လာဝယ်တဲ့သူတွေကလည်း စည်းကမ်းတကျ အလှည့်ကျ တန်းစီကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပြီး ဝယ်ယူနေကြတာပဲ ဖြစ်ပါတယ်။

ဆိုင်မှာ ထိုင်စားမယ့်သူတွေကလည်း အလှည့်ရောက်ဖို့အတွက် တန်းစီ စောင့်ဆိုင်းနေပြီး ပန်းကန်သိမ်းဆည်းတာတွေကိုပါ ကိုယ်တိုင်လုပ်ဆောင်ပေးနေကြတာကို စိတ်ကြည်နူးဖွယ်ရာ မြင်တွေ့ခဲ့ရပါတယ်။ ရောင်းသူနဲ့ ဝယ်သူကြား အပြန်အလှန် ကူညီ နေတာတွေကို ငါးရာတန် ထမင်းဆိုင်လေးအတွင်းမှာ တွေ့မြင်နိုင်ပါတယ်။

"ဈေးသက်သက်သာသာနဲ့ စားနိုင်တယ်။ ပြီးတော့ အရသာကလည်း ငါးရာတန်ဆိုပြီး ပြီးစလွယ်ချက်ထားတာတော့ မဟုတ်ဘူး။ တကယ်လည်း အရသာရှိပါတယ်။ ပါဆယ်စနစ်နဲ့လည်း ရတယ်။ ထိုင်စားလို့လည်း ရတယ်။ ငါးရာတန်ထမင်းကတော့ လူတိုင်း စားနိုင်တဲ့အနေအထားဆိုတော့ တကယ်အဆင်ပြေပါတယ်။ ဒီကာလကြီးမှာပေါ့"လို့ စားသုံးသူ တစ်ဦးက ပြောပါတယ်။

အလုပ်သမားတွေရော၊ တစ်နေ့လုပ် တစ်နေ့စား အခြေခံလူတန်းစားတွေအတွက်ပါ ထမင်းတစ်နပ်ကို ငါးရာကျပ်နဲ့ ဝယ်ယူ စားသောက်တာဟာ အလွန်အဆင်ပြေတဲ့ အနေအထား တစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။

နေ့တိုင်း နေ့လည် ၁၁နာရီမှာ စတင်ရောင်းချပေးနေတဲ့အတွက် ရုံးဖွင့်ရက်တွေမှာ ရုံးဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း တွေလည်း လာရောက်စားသောက်ကြတာကို တွေ့မြင်နိုင်ပါတယ်။

မော်လမြိုင်မြို့နယ်မှ ကုမ္ပဏီဝန်ထမ်းတစ်ဉီးက“ကျွန်တော်တို့က အိမ်ပြန်စားတဲ့အချိန်ထက် အပြင်မှာ စားလိုက်ရတာက များတယ်။ ပိုက်ဆံနည်းနေတဲ့ရက်တွေဆို ကွတ်တီယိုတို့ လောက်ပဲ စားလိုက်တာပေါ့။ အခု ဒီဆိုင်လေးမှာကျတော့ ငါးရာနဲ့ ထမင်း ဟင်းစားနိုင်တယ်ဆိုတော့ ကျွန်တော်အတွက်တော့ အဆင်ပြေပါတယ်”ဆိုပြီး ပြောပါတယ်။

နေ့လည် ၁၁နာရီမှာ စတင်ဖွင့်လှစ်တဲ့ ငါးရာတန် ထမင်းဆိုင်လေးမှာတော့ အသက်အရွယ်အစုံ၊ လူတန်းစား အစုံအလင် လာရောက် စားသောက်နေကြတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့နယ်အတွင်းမှာတော့ ယခင်က ငါးရာတန် ထမင်းဆိုင် နှစ်ဆိုင် ဖွင့်လှစ်ရောင်းချပေးနေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စပြီး တောင်ဝိုင်းရပ်ကွက်က ဆိုင်လေးတစ်ဆိုင်သာ ကျန်ရှိကာ ဆက်လက်ရောင်းချနေတာပဲ ဖြစ်ပါတယ်။

ဆိုင်ကလေးက ပြန်အထွက်မှာတော့ ထမင်း ဟင်းချက်ပြုတ်နေသူတစ်ဦးက အခုလို ပြောပြတာကို အမှတ်ထင်ထင် သတိထားမိခဲ့လိုက်ရပါသေးတယ်။

“ဘာပဲ ချက်ချက် မေတ္တာ ထည့်ချက်တယ်၊ ဘာပဲ ရောင်းရောင်း စေတနာ ထည့်ပေးလိုက်တယ်။ ဘယ်လောက်ရောင်းရောင်း ရှုံးတယ်လို့ မမြင်ပါဘူး”လို့ ဆိုပါတယ်။

Most read this week

November 25, 2024
စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရုန်းကန်ရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ဆိုတာ...
November 18, 2024
မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး...
November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 5, 2024
အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေသည့် သောင်ရင်းမြစ်ကို ဖြတ်ပြီး ကုန်စည်အစီအရီတင်ဆောင်လာသော...