ကရင်နီဒုက္ခသည်စခန်း၌ မီးလောင်မှုဖြစ်ပွား၍ လူနေအိမ် ရ၁ လုံးပျက်စီးပြီး လူ ၃ဝဝ ကျော် အိမ်ရာမဲ့ဖြစ်

ကရင်နီဒုက္ခသည်စခန်း၌ မီးလောင်မှုဖြစ်ပွား၍ လူနေအိမ် ရ၁ လုံးပျက်စီးပြီး လူ ၃ဝဝ ကျော် အိမ်ရာမဲ့ဖြစ်
by -
ကေအိုင်စီ/စောသိန်းမြင့်
ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်း၊ အမှတ် ၅ ရပ်ကွက်၌် ယမန်နေ့(ဇူလိုင် ၅ ရက်) ည ၁၀ နာရီအချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ် ရ၁ လုံးပျက်စီးခဲ့ပြီး ဒုက္ခသည် ၃၁၇ ဦး အိမ်ရာမဲ့ ဖြစ်ခဲ့ရသည်ဟု စခန်းကော်မတီဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ညနေကတည်းက မီးအကြွင်းအကျန်တွေ ကနေတဆင့်ပဲ မီးလောင်တာလို့ပဲ ယူဆရတယ်။ ပေါ့ဆမီး ပြောလို့လည်း ရတယ်။ အိမ်ရှင်တောင် မနည်းလွတ်အောင် ရှောင်ပြေးရတယ်။ လောင်သွားတဲ့ အိမ်က ၃၃ လုံး၊ ကြိုဖျက်လိုက်ရတဲ့ အိမ်က ၃၈ လုံးရှိတယ်။ ထိခိုက်သေဆုံးမှု တစုံတရာတော့ မရှိဘူး။”ဟု ယနေ့ (ဇူလိုင် ၆ ရက်)တွင် ပြောသည်။

၎င်းမီးဘေးသင့် ဒုက္ခသည်များကို လတ်တလောတွင် ရပ်ကွက် ၅ နှင့် ရပ်ကွက် ၆ ရှိ ယင်းတို့ အသိမိတ်ဆွေ အိမ်နှင့် ဆွေမျိုးသားချင်းတို့နေအိမ်တွင် ယာယီခိုလှုံနေကြရပြီး အဝတ်အစားနှင့် စားသောက်ဖွယ်ရာများကို စခန်းတာဝန်ရှိသူများမှ စီစဉ်ပေးထားသည်ဟု သိရသည်။

“သူတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ အကုန်လုံးမီးထဲပါသွားတယ်။ အဝတ်အစားလည်း မရှိတာ့ဘူး။ အစစအရာရာ စီစဉ်ပေးရတာပေါ့။ လောလောဆယ်ကတော့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာပိုင်းနဲ့ပတ်သက်ပြီး နှစ်သိမ့် ဆွေးနွေးမှု လုပ်ပေးဖို့ လိုအပ်နေတယ်လို့ မြင်တယ်” ဟု ယင်း ကရင်နီ အမှတ် ၁ ဒုက္ခသည်စခန်း၏ ကော်မတီဝင်က ဆက်ပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် ပျက်စီးသွားသည့် လူနေအိမ်များကို အမြန်ဆုံး ပြန်လည် တည်ဆောက်ပေးနိုင် ရန် သက်ဆိုင်ရာ အလှူရှင်များ၊ ထိုင်းအာဏာပိုင်များ၊ ဒုက္ခသည်တာဝန်ရှိသူများနှင့် စခန်းတာဝန်ရှိသူတို့နှင့် တွေ့ဆုံကာ တိုင်ပင်ဆောင်ရွက်သွားမည်ဟု ကရင်နီဒုက္ခသည်ကော်မတီ (KnRC) ဥက္ကဌ စောမန်းစောက ယနေ့(ဇူလိုင် ၆ရက်)တွင် ကေအိုင်စီသို့ ပြောသည်။

ကရင်နီအမှတ် (၁) ဒုက္ခသည်စခန်း၌ လက်ရှိ လူဦးရေ ၁၇,ဝ၄၅ ဦး ခိုလှုံလျက်ရှိပြီး ၂ဝ၁၅ ခုနှစ်၊ ဧပြီလ ရရက်နေ့ကလည်း အလားတူ ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၁၀၀ ကျော် မီးလောင်ကျွမ်းပြီး ဒုက္ခသည် ရ၀၀ ကျော် အိမ်ရာမဲ့ဖြစ်ခဲ့ရသည်။

ထို့အတူ ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်းအနီးရှိ ကရင်နီအမှတ် (၂) ဒုက္ခသည်စခန်းတွင်လည်း ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က အိမ်ခြေ ၄၀၀ကျော် မီးလောင်ပျက်စီးပြီး ဒုက္ခသည် ၃၀ကျော် သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...