ထောင်ဒဏ် ၂ နှစ် ချခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း နောက်ထပ် အမှု ၃ မှုထပ်တိုး၍ တရားစွဲဆိုထားသဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည့်အချိန်မှ လက်ရှိအချိန်အထိ အမှုပေါင်း ၁၃ မှု တရားရင်ဆိုင်နေရကြောင်း ၄င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်ပါဝင်ပေးရန် တိုက်တွန်းခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဒေါက်တာအေးဇံကို ကျိုက်မရောထောင် အထူးတရားရုံးက ဒီဇင်ဘာ ၂၀ ရက်တွင် ပုဒ်မ ၅၀၅ (ခ) အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားပြီးဖြစ်သည်။
ထိုနောက် ရွေးကောက်ပွဲတွင် မလျော်ဩဇာ အသုံးပြုခြင်း၊ ရွေးကောက်ပွဲအတွင်း မသမာမှုပြုလုပ်ခဲ့ခြင်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က)၊ ပုဒ်မ ၁၇၁(စ) စွပ်စွဲချက်များဖြင့် ဒေါက်တာအေးဇံကို အမှုထပ်တိုး၍ တရားစွဲဆိုခြင်း ဖြစ်သည်ဟု သိရသည်။
နစကကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့်လည်း ဒေါက်တာအေးဇံကို အမူ ၉ မှုဖွင့်ထားပြီး တရားလိုပြသက်သေများကို စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။
အလားတူ NLD အစိုးရလက်ထက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့် ထောင်ဒဏ် (၇၇) နှစ်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင် ထောင်ဒဏ် (၁၁) နှစ်၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ထောင်ဒဏ် (၄) နှစ်၊ မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညို ထောင်ဒဏ် (၂) နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင် ထောင်ဒဏ် ၂ နှစ်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု ထောင်ဒဏ် (၂) နှစ် အသီးသီးချမှတ်ခံထားရသည်။