သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၂၁)ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များကို ဝါးလက်မှု အခြေခံ သင်ပေးနေကြောင်း စုံစမ်းသိရသည်။
လက်ရှိမှာ ဝါးလက်မှု အခြေခံသင်တန်းကို သင်တန်းသား ၂၂ ဦး တက်ရောက်နေပြီး၊ မြို့နယ် ယက်ကန်းသင်တန်းကျောင်းမှ လာရောက်သင်ကြားပေးနေတာဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် လုံးလျန်းဟန် က ပြောသည်။
“ဝါးလက်မှု အခြေခံ သင်တန်း ဖွင့်ထားပေးတယ်၊ ဖွင့်တာ ၃ ရက်ရှိပြီ၊ စစ်ရှောင်စခန်းမှာ နေတဲ့အချိန် ပညာရပ်တစ်ခုခု ရသွားစေချင်လို့ပါ၊ နောက်ပြီး အလုပ်တစ်ခုရှိဖို့အတွက် အုတ်ရိုက်ဖို့ကိုလည်း စီစဥ်နေတယ်၊ သူတို့အတွက် ဝင်ငွေလည်း ရအောင်ပေါ့၊ သျှမ်းစာပေ သင်ပေးတာလည်း ရှိတယ်” ဟု လုံးလျန်းဟန် က ဆက်ပြောသည်။
ကျောက်မဲမြိုု့နယ် တွင် ယနေ့ချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင် ၁၅၀၀ ကျော်ရှိကြောင်း၊ ထိုစစ်ရှောင်များထဲတွင် လွန်ခဲ့သည့် ၇ လဝန်းကျင်ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့သူများလည်း ပါဝင်ပြီး ယနေ့အချိန်ထိ နေရပ် မပြန်နိုင်သေးကြောင်း စစ်ရှောင်ကူညီသူ လုံးလျန်းဟန်က ပြောသည်။
“တချို့ကတော့ ပြန်သွားပြီ၊ တိုက်ပွဲလည်း ငြိမ်သွားပြီဆိုတော့ ပြန်သွားတာရှိတယ်၊ နောက်ထပ် ပြန်ဖို့ပြင်နေတာလည်း ရှိတယ်၊ တချို့က စစ်ရှောင်လာတာ ကြာပြီဆိုတော့ အရမ်းပြန်ချင်နေပြီ၊ မိုင်းငေါ့က စစ်ရှောင်တွေဆိုရင် တော်တော်ကြာနေပြီ” ဟု သျှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်း ဥက္ကဌ လုံးလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။
သျှမ်းစာပေနှင့် ယဥ်ကျေးမှုစစ်ရှောင်နေရာတွင် စစ်ဘေးရှောင် ၅၀၀ နီးပါး ကျန်ရှိနေဆဲဖြစ်ပြီး အများစုမှာ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် သျှမ်းစာပေနှင့် ယဥ်ကျေးမှုမြေနေရာ၊ တောင်နောက်ဘုန်းကြီးကျောင်း၊ မန်ခါဘုန်းကြီးကျောင်း၊ အမှတ် ၈ ရပ်ကွက်ရှိ ဓမ္မာရုံ၊ မိုင်းတင်းကျေးရွာအုပ်စု နှင့် မိုင်းငေါ့မြို့တို့တွင် စစ်ရှောင်ခိုလုံနေတာဖြစ်ပြီး စစ်ဘေးရှောင် ၁၅၀၀ ဝန်းကျင် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။