သထုံမှာ ဗုံးပေါက်ကွဲမှု (၅)ကြိမ်ထက်မနည်း ဆက်တိုက်ဖြစ်

သထုံမှာ ဗုံးပေါက်ကွဲမှု (၅)ကြိမ်ထက်မနည်း ဆက်တိုက်ဖြစ်

သထုံမြို့နယ်အတွင်းက ကျေးရွာရပ်ကွက်တွေမှာ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ နေရာတွေကို မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က ဆက်တိုက် ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။

ဒီဇင်လ ၈ ရက်နေ့ မနက် ၉ နာရီခန့်က နန်းခဲရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာအဖွဲ့ရုံးအုတ်စည်းရိုးနားမှာ ဗုံးဖောက်ခွဲခဲ့ပြီး ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့ နေ့လည် ၁ နာရီကျော်မှာ မြေနီကုန်းကျေးရွာ တောစွန်းရှိ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းဗုံးခွဲခံရပြီး ရထားသံလမ်း တစ်ပေကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါနေ့ နေ့လည် ၂ နာရီခန့်မှာ ဘင်လှိုင်ရပ်ရှိ မိုင်တဲရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး ကားတစ်စီးထိခိုက်ပျက်စီးကာ ရုံးအစောင့်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ညနေ ၆ နာရီကျော်ခန့်မှာလည်း နန်းခဲရပ်ကွက်၊ ရဲစခန်းနားရှိ မိုင်တဲတာဝါတိုင်မှာ ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ညပိုင်းတွေမှာလည်း မြို့ပေါ်ရပ်ကွက်နေရာ ၂ ခုမှာ ဗုံးပေါက်ကွဲမှုတွေ ထပ်မံဖြစ်ပေါ်ခဲ့သေးတယ်လို့ သိရပါတယ်။

ညပိုင်းဗုံးပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ရမ်းသမ်း ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

“ဒီမနက်နဲ့မနေ့က ဗုံးတွေ ဆက်တိုက်ကွဲတယ်။ အဲဒါပြီးတော့ သေနတ်သံတွေလဲ ကြားတယ်။ ပြီးခဲ့တဲ့ရက်တွေကလည်း ဗုံးတွေ ဆက်တိုက်ကွဲတာရှိတယ်။ ဒီရက်ပိုင်းမှာဘဲ ဗုံးပေါက်ကတာဆို ၁၀ ကြိမ်တဲ့ မနည်းရှိနေပြီ။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားပြီးနောက်ပိုင်း သိမ်ကုန်းရပ်ကွက်ရှိ ဆိုင်ကယ်ပြင်ဆိုင်တစ်ခုမှ လူငယ် ၃ ဦးနဲ့ပေါ်တော်မူကျေးရွာရှိ Smile စားသောက်ဆိုင်မှာ စားသောက်နေသူ ၉ ဦးခန့် အဖမ်းခံရတယ်လို့ သိရပါတယ်။

အဆိုပါ ဗုံးဖောက်ခွဲမှုတွေကို မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့(MTHSF)က လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဆက်လက် မလည်ပတ်နိုင်ဖို့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဓာတ်ပုံ-KNU
November 4, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင်နဲ့ ဒူးပလာယာခရိုင်နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်ရဲ့...
November 1, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်တချို့...
October 31, 2024
ပွင့်လင်းရာသီရောက်လာပေမယ့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ မွန်ပြည်နယ်မှာ...
October 30, 2024
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ...