ကလေးမြို့နယ် သံဖိုကျေးရွာမှ ပြည်သူတစ်ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်

ကလေးမြို့နယ် သံဖိုကျေးရွာမှ ပြည်သူတစ်ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်

ကလေးမြို့နယ် သံဖိုကျေးရွာနေ အသက် ၂၄ နှစ်အရွယ် မောင်လားရိုမောကို ဒီဇင်ဘာလ ၄ ရက်နေ့က မြစ်သာမြစ်အရှေ့ဘက်ကမ်း တောင်ယာစိုက်ခင်းမှာ ပဲနီပေါင်းထိုးနေစဉ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး အိုးမြေထူးရွာက နေအိမ်တွေနဲ့အတူ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ CDF-Kalay-Kabaw-Gangaw က ထုတ်ပြန်ပါတယ်။

မောင်လားရိုမောရဲ့ ကြွင်းကျန်ရစ်သောအရိုးစုတချို့ကို ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းကတွေ့ရှိခဲ့ကြပြီး CDF-Kalay-Kabaw-Gangaw တပ်ရင်း (၃) က သွားရောက်သယ်ယူကာ ခရစ်ယာန်ထုံးတမ်းအစဉ်အလာအရ သဂြိုလ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း ကလေးမြို့တောင်ပိုင်း၊ ချောင်းခွကျေးရွာက ချင်းအမျိုးသား ဦးငွန်နယ်ထန်းကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီး အိုမြေထူးကျေးရွာမှာပဲ မီးရှို့သတ်ဖြတ်ခဲ့ကြပါတယ်။

တောင်သူတစ်ဦးဖြစ်တဲ့ အသက် ၅၅ နှစ်အရွယ် ဦးငွန်နယ်ထန်းဟာ မြစ်သာမြစ်အရှေ့ဘက်ခြမ်းက သူ့တောင်ယာပဲခင်းမှာ အလုပ်လုပ်ကိုင်နေစဉ်မှာပဲ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီး အိုးမြေထူးကျေးရွာထဲက အိမ်တစ်အိမ်မှာကြိုးနဲ့တုတ်နှောင်ပြီး မီးရှို့သတ်ခဲ့တာလို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO က ထုတ်ပြန်ပါတယ်။

ဦးငွန်နယ်ထန်းရဲ့ ရုပ်အလောင်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် (CNDF) ကလေးတပ်မဟာ (Vakok) တပ်ရင်းက သွားရောက်သယ်ဆောင်ပြီး ခရစ်ယာန်ထုံးတမ်းအစဉ်အလာအရ သဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာလဆန်းပိုင်းမှာ မြစ်သာမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေဖြစ်တဲ့ ဆင်ရွာ၊ ကျားမင်း နဲ့ အိုးမြေထူးကျေးရွာတွေကို ဝင်ရောက်ပြီး လူနေအိမ်အနည်းဆုံး ၈ လုံးခန့် မီးရှို့ဖျက်ဆီးခဲ့ကြပြီး အဲဒီကျေးရွာက ပြည်သူတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Most read this week

November 4, 2024
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာစစ်ဘေးရှောင် ၁...
October 31, 2024
ချင်းပြည်နယ်တွင် အာဏာသိမ်း ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့်...
October 30, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် အိမ်နီးချင်းနိုင်ငံများမှရောက်ရှိလာသော စစ်ဘေးရှောင်များအား...
October 29, 2024
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကောင်စီက သန်းခေါင်စာရင်းများ ဆက်လက်ကောက်ခံနေပြီး...