စွမ်းအင်ဟာ လူသားတွေရဲ့ နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ရေတင်တာ၊ ထမင်းဟင်းချက်ပြုတ်တာ၊ အားသွင်းတာကအစ လျှပ်စစ်စွမ်းအင်မရှိပဲနှင့် အဆင်မပြေပါဘူး။ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးထဲမှာ နေအား၊ လေအား၊ နေရောင်ခြည်အစရှိတဲ့ အရာတွေကမှစွမ်းအင်ထုတ်လုပ်ကြတာရှိသလို ကျောက်မီးသွေးကိုအသုံးပြုပြီး စွမ်းအင်ထုတ်လုပ်နေကြတာလည်း ရှိပါတယ်။
တဖက်ကစဉ်းစားကြည့်ရင် ကျောက်မီးသွေးကနေ စွမ်းအင်ထုတ်လုပ်မှုဟာ တကယ်ရောအကျိုးရှိရဲ့လား မေးစရာ ဖြစ်လာနေပါတယ်။ ကျွန်မတို့ရှင်သန်နေထိုင်ရတဲ့ ကမ္ဘာကြီးဟာလည်း Global Warming လို့ခေါ်တဲ့ ကမ္ဘာကြီးပူနွေးလာမှုဖြစ်စဉ်နှင့် တွေ့ကြုံနေရတာပါ။ ရှိသင့်တဲ့ အပူချိန်ထက် ပိုပြီးမြင့်တက်နေလို့ ရေခဲတောင်တွေ အရည်ပျော်ကျတာ၊ ကမ်းရိုးတန်းဒေသတွေ ရေနစ်မြှုပ်နိုင်တာ၊ ရေကြီးရေလျှံတာ၊ မီးတောင်ပေါက်ကွဲတာ၊ တောမီးလောင်တာ၊ အပူပိုင်းမုန်တိုင်းတွေ ပိုဖြစ်လာတာတွေ့နေရပြီး ပျက်စီးဆုံးရှုံးမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကျိုးဆက်အဖြစ် ရာသီဥတုပြောင်းလဲမှုကိုပါ တွေ့ကြုံနေရတာဖြစ်ပြီး အခုလိုဖြစ်ရတာဟာ လူသားတွေရဲ့ ပယောဂကြောင့်ပါဝင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်၊ နိုဝင်ဘာလတုန်းက ဗြိတိန်နိုင်ငံ၊ စကော့တလန်နယ်၊ ဂလက်စကိုမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် ပက်သက်တဲ့ညီလာခံကို နိုင်ငံပေါင်း ၂၀၀ကျော်က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြလေရဲ့။ အဲဒီညီလာခံမှာ တညီတညွှတ်တည်း သဘောတူခဲ့တဲ့ အချက်တစ်ချက်ကတော့ ကျောက်မီးသွေး အသုံးပြုပြီး စွမ်းအင်ထုတ်လုပ်မှုကို လျှော့ချဖို့ဆိုတဲ့ အချက်ပါပဲ။
ကျောက်မီးသွေးကို အသုံးပြုပြီး စွမ်းအင်ထုတ်လုပ်နေတဲ့ နိုင်ငံတွေက တခြားနည်းလမ်းတွေ ပြောင်းလဲအသုံးပြုဖို့ စဉ်းစားဆုံးဖြတ်လာကြပါပြီ။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေဖြစ်တဲ့ ရေအား၊ လေအား၊ ဆိုလာစွမ်းအင်တွေ အသုံးပြုတာဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့နည်းစေလို့ပါပဲ။ကျောက်မီးသွေးကနေ စွမ်းအင်ထုတ်လုပ်မှုက ဈေးသက်သာတယ်လို့ ထင်ရပေမယ့် ကျောက်မီးသွေးစက်ရုံတစ်ရုံ လည်ပတ်ဖို့ သုံးစွဲရတာတွေ အများကြီးရှိပါတယ်။ ရေသုံးစွဲရမှု လိုအပ်ချက်ရှိသလို စွန့်ပစ်ရေကို စနစ်တကျ မစွန့်ပစ်နိုင် ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုပါ ဖြစ်ပေါ်စေပါတယ်။ဒါ့အပြင် ကျောက်မီးသွေးလောင်စာ မီးရှို့မှုကနေ ထွက်ပေါ်လာတဲ့ ဓာတ်ငွေ့တွေလည်း အများအပြားရှိနေပါတယ်။
အများဆုံးထွက်တဲ့ ဓာတ်ငွေ့က ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ဖြစ်ပြီး အဲဒီဓာတ်ငွေ့ဟာ ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်ပေါ်စေတဲ့ ဓာတ်ငွေ့ထဲမှာ ပါဝင်နေပါတယ်။ဒါ့အပြင် ဆာလဖာဒိုင်အောက်ဆိုဒ်၊ နိုင်ထရိုဂျင်၊ ကာဗွန်မိုနောက်ဆိုဒ်၊ လေလွင့်အမှုန်၊ အာဆင်းနစ်၊ ကက်ဒ်မီယံ....စတဲ့ ဓာတ်ငွေ့တွေပါ ထွက်ရှိနိုင်တာပါ။ ဆာလဖာဒိုင်အောက်ဆိုဒ်ပါတဲ့ လေကို ရှူမိရင် လည်ချောင်း၊ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းရောဂါတွေ ဖြစ်ပေါ်နိုင်ပါတယ်။ နိုက်ထရိုဂျင် ဓာတ်ငွေ့ပါတဲ့လေကို ရှူမိရင် အသက်ရှူကြပ်တာ ခေါင်းကိုက်တာကနေ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို ထိခိုက်တာထိ ဖြစ်နိုင်ပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်ပါတဲ့ လေကို ရှူမိရင် အသက်ရှူမဝတာ၊ အသက်ရှူကြပ်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ လေလွင့်အမှုန်တွေပါတဲ့လေကို ရှူမိပြီး အဲဒီအမှုန်တွေက လူသားတွေရဲ့ အဆုတ်ထဲကို ရောက်သွားတဲ့အခါ အဆုတ်ကင်ဆာရောဂါတွေပါ ဖြစ်ပေါ်နိုင်ပါတယ်။
ကမ္ဘာပေါ်မှာ ကျောက်မီးသွေးကို အသုံးပြုပြီး စွမ်းအင်ထုတ်လုပ်တဲ့နိုင်ငံတွေထဲမှာ အများဆုံးငါးနိုင်ငံကတော့ တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယနိုင်ငံ၊ ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံ တို့ပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ကျောက်မီးသွေးတူးဖော်တဲ့ ကျောက်မီးသွေးမိုင်းတွေ ပြိုကျလို့ အလုပ်သမား သေဆုံးမှုတွေ မကြာခဏ ဖြစ်နေရဆဲပါ။ ဒါကြောင့် တရုတ်နိုင်ငံဟာ ကျောက်မီးသွေးအသုံးပြု စွမ်းအင်ထုတ်လုပ်တဲ့ စက်ရုံတွေ လျှော့ချပစ်ဖို့ ကြိုးစားလာနေပါပြီ။ အမေရိကန်ပြည်ထောင်စုမှာဆိုရင်လည်း တစ်နိုင်ငံလုံးစာ ကျောက်မီးသွေးအသုံးပြု စွမ်းအင်ထုတ်လုပ်တဲ့ စက်ရုံတွေကနေ ထွက်လာတဲ့ မာကျူရီ(ပြဒါးငွေ့) ပမာဏဟာ တစ်နှစ်မှာ (၄၈) တန်ထိ ရှိပါတယ်။ ပြဒါးငွေ့တွေဟာ မြစ်ချောင်းတွေ ပင်လယ်တွေထဲကို ရောက်ရှိသွားရင် ရေနေသတ္တဝါတွေကို ပြဒါးအဆိပ်သင့်မှုဖြစ်ပေါ်စေပါတယ်။ပြဒါးအဆိပ်သင့်တဲ့ ငါးတွေ၊ ပုဇွန်တွေကို စားမိရင် လူသားတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ အထူးသဖြင့် အာရုံကြောထိခိုက်မှုကို ဖြစ်ပေါ်စေရုံသာမက မှတ်ဉာဏ်အားနည်းတာ၊ အိပ်မပျော်တာ၊ အမြင်အာရုံ ချို့တဲ့တာ အထိ ဖြစ်ပေါ်စေလို့ပါပဲ။
အိန္ဒိယနိုင်ငံဟာ ကျောက်မီးသွေးအသုံးပြုမှု များပြားတဲ့နိုင်ငံ ဖြစ်သလို တစ်ဖက်ကလည်း လေထုညစ်ညမ်းမှုတွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေ ရှိနေဆဲပါ။ ကျောက်မီးသွေးပေါ် မှီခိုရမှု များပြားတဲ့အတွက် ကမ္ဘာပေါ်မှာ ရုပ်ကြွင်းလောင်စာ တတိယအများဆုံး ထုတ်လွှတ်တဲ့နိုင်ငံစာရင်းထဲ ပါဝင်နေပါတယ်။အိန္ဒိယရဲ့ ကျောက်မီးသွေးအသုံးပြုမှုနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားသန်းချီရှိပါတယ်။လူဦးရေ ၁.၃ ဘီလီယံ အထက်ရှိတဲ့ နိုင်ငံဖြစ်တဲ့အတွက် စွမ်းအင်လိုအပ်ချက်ကလည်း မြင့်တက်နေဆဲ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ ကျေးလက်ဒေသ အချို့မှာ ချက်ပြုတ်ရေးအတွက် ကျောက်မီးသွေးကို သုံးနေရတာလဲ ရှိပါတယ်။ နေရောင်ခြည်အသုံးပြုရတဲ့ ဆိုလာစွမ်းအင်ဆီသွားဖို့ ရည်မှန်းချက်ရှိနေတာကတော့ ကောင်းမွန်တယ်လို့ ဆိုရမှာပါ။
စက်မှုအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံဟာလည်း ကျောက်မီးသွေးအသုံးပြုတဲ့ စက်ရုံတွေ ရှိနေတဲ့အတွက်ကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လုပ်မှုများတဲ့ နိုင်ငံထဲ ပါဝင်နေပါတယ်။ပါရီသဘောတူညီချက်အရ (၂၀၃၀)မတိုင်ခင် ကာဗွန်ထုတ်လုပ်မှုကို (၂၆) ရာခိုင်နှုန်း လျှော့ချမယ်လို့ ဂျပန်နိုင်ငံက ကတိပြုထားပါတယ်။ ဂျာမနီနိုင်ငံကလည်း ကျောက်မီးသွေးအသုံးပြု စွမ်းအင်ထုတ်လုပ်မှုကို (၂၀၃၈)ခုနှစ်မှာ ရပ်တန့်ဖို့ ဆုံးဖြတ်ထားပါတယ်။Clean Coal Technology လို့ခေါ်တဲ့ သန့်ရှင်းတဲ့ကျောက်မီးသွေးနည်းပညာကို စက်မှုအင်အားကြီးနိုင်ငံတွေမှာတောင် ပြည့်ပြည့်ဝဝ အသုံးမပြုနိုင်သေးပါဘူး။
မြန်မာနိုင်ငံမှာ ကျောက်မီးသွေးအသုံးပြုတဲ့ စွမ်းအင်ထုတ်လုပ်မှုထက် ပြန်ပြည့်မြဲစွမ်းအင်တွေ ဖြစ်တဲ့ ရေ၊ ဆိုလာစွမ်းအင်တွေ အသုံးပြု ထုတ်လုပ်တာ ပိုကောင်းမွန်မယ်လို့ ပြောနိုင်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရယ်တွေနဲ့ တွေ့ကြုံနေရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေတဲ့အတွက် အထူးဂရုပြုပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပါ လုပ်ဆောင်သွားရမှာပါ။ရေအားလျှပ်စစ် ထုတ်လုပ်ရာမှာလည်း သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် အလေးထားရမှာဖြစ်သလို ကျောက်မီးသွေးအသုံးပြုမှု လျှော့ချနိုင်လျှင် အကောင်းဆုံးဖြစ်ပါကြောင်း။ ။
သွေး(စစ်ကိုင်း) ရေးသားသည်။