သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း နှစ်လနီးပါး ရောက်ရှိနေသည့် စစ်ဘေးရှောင်များ နေရပ်သို့ မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။
မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုအတွင်း ကုန်းလျန်းကျေးရွာက ဒေသခံများသည် ကျေးရွာအတွင်း စစ်ရေးတင်းမာမှုရှိနေသောကြောင့် နေရပ်သို့ မပြန်နိုင်သေးကြောင်း စစ်ရှောင်များက ပြောဆိုသည်။
“စစ်ရှောင်တွေ (၃၀၀)လောက် ကျန်သေးတယ်။ အများစုက ထော်လဂျီ (လေးလုံးထိုး)ပေါ် နေကြတယ်။ တချို့လဲ ရွာထဲက ဒေသခံတွေရဲ့ ဂိုဒေါင်မှာ နေကြတယ်။ ဆောင်းရောက်ပြီဆိုတော့ အနွေးထည်တွေ လာလှူကြတာ” ဟု စစ်ရှောင်များကို လာရောက်ကူညီပေးသူ အမျိုးသား တစ်ဦးက ပြောသည်။
ရိတ်သိမ်းရာသီဖြစ်သည့်အတွက် စစ်ရှောင်များသည် နေ့စားအချိန်ပိုင်း အလုပ်သွားရောက်လုပ်ကိုင် စားသောက်နေကြရကြောင်း သိရှိရသည်။
“ကောက်စိုက်ရိတ်သိမ်းချိန်ဖြစ်တဲ့အတွက် ကျမတို့လည်း အလုပ်တွေ သွားလုပ်ကြတယ်။ ၂ ဘက် စစ်ရေးတင်းမာမှုရှိနေသေးတဲ့အတွက် ကျမတို့ မပြန်ရဲသေးဘူး။ ဘယ်ချိန် တိုက်ပွဲ ပြန်ဖြစ်မယ်ဆိုတာ ကျမတို့လဲ မသိတော့ မပြန်ရဲကြသေးဘူး” ဟု စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောသည်။
စစ်ဘေးရှောင်များကို သွားရောက်ကူညီပေးမည့် မည်သည့်အဖွဲ့အစည်းကိုမဆို စစ်ရှောင်ကော်မတီ မှတဆင့် ဆက်သွယ်ပြီး သွားရောက်လှူဒါန်းပေးရန် တိုက်တွန်းထားကြောင်း သိရှိရသည်။
“ကျနော်တို့နဲ့ မဆက်သွယ်ပဲ စစ်ရှောင်တွေဆီ တိုက်ရိုက်သွားလှူဒါန်းရင် တချို့စစ်ရှောင်တွေက ပစည်းတွေ မလက်ခံလိုက်ရဘူး။ တစ်ချို့ စစ်ရှောင်ကျတော့လဲ ၂ ကြိမ် ၃ ကြိမ်လောက် ပစ္စည်းသွားလက်ခံတာတွေရှိတယ်။ အဲ့ကြောင့် ကော်မတီတွေနဲ့ အရင်ဆက်သွယ်ပြီးမှ သွားလှူဒါန်းရင် ပိုပြီးတော့ စစ်ရှောင်တွေ အတွက်လဲ ကောင်းတယ်” ဟု စစ်ရှောင်ကော်မတီဝင် တစ်ဦးက ပြောသည်။
စက်တင်ဘာ (၁၄)ရက်က စတင်ပြီး မိုင်းကိုင်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲကြောင့် စစ်ရှောင်များ ထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိချိန်ထိ စစ်ရှောင် (၃၀၀)ခန့် ရှိထားကြောင်း သိရှိရသည်။