PDF တွေဟာ ကုန်စျေးနှုန်းကြီးမြှင့်လာခြင်းနှင့်အတူ ... စားနပ်ရိက္ခာများ ရှားပါးလာခြင်းကြောင့် ၊ အလှူငွေများ ဆက်တိုက် လိုအပ်နေပြီး၊ စိတ်ဓာတ်များ ကျဆင်းနေသည့် အတွက် အများစုမှာ (ဒဏ်) မခံ နိုင်လို့ ထွက်ပြေးနေကြ ဆိုတဲ့သတင်းအမှား
“PDF တွေဟာ ကုန်စျေးနှုန်းကြီးမြှင့်လာခြင်းနှင့်အတူ ... စားနပ်ရိက္ခာများ ရှားပါးလာခြင်းကြောင့် ၊ အလှူငွေများ ဆက်တိုက် လိုအပ်နေပြီး၊ စိတ်ဓာတ်များ ကျဆင်းနေသည့် အတွက် အများစုမှာ (ဒဏ်) မခံ နိုင်လို့ ထွက်ပြေးနေကြတယ်လို့ သိရသည် မယုံရင် ဖတ်ကြည့်ကြပါ၊” ဒါတကယ့် လက်တွေ့မြေပြင် အနေအထားပါ၊ လို့ရေးတင်ထားတဲ့ သတင်းအမှားတစ်ပုဒ်ဟာ Facebook စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။
၎င်းသတင်းအမှားကို WE LOVE KHIT BONE KHA, ခေတ်ဘုန်းခ, USDP နှင့် တပ်မတော်-ချစ်သူများ Group မှာ Kyaw Kyaw ဆိုတဲ့ အကောင့်ပိုင်ရှင်က ရေးသားဖော်ပြထားတာဖြစ်ပြီးတော့ PDF တပ်သားရေးသားထားတဲ့ Screen Shot များတွဲကာ ဖော်ပြထားတာဖြစ်ပါတယ်။
Screen Shot မှာတော့ “ကုန်ဈေးနှုန်းမြန်တက်လာမှုကြောင့် ကြက်ဥ ၃လုံး ၅၀၀ ပေးဝယ်နေရတဲ့ ခေတ်မှာ စီးပွားရေးမရှိတဲ့ PDF တွေအနေနဲ့ စာနပ်ရိက္ခာအတွက် ငွေကြေးလိုအပ်ပါတယ် အလှုခံရမယ့်နေထားပါ။ လက်နက်တစ်စုံရဖို့ ကျောက်ကပ်ထုတ်ရောင်းရင်တောင် သေနတ်ဈေးကို တိုးမပေါက်ပါဘူး၊ ခင်ဗျားတို့ မြို့ပေါ်မှာ ဖုန်းလေကိုင်းပြီး တော်လှန်ရေးလို့ထိုင်ပြီး အော်နေရအောင်မလွယ်ကူလှပါဘူး၊ အစားသောက်အနေအထိုင်အဝတ်အစား အကုန်ခက်ခဲပါတယ်” စသဖြင့်ရေးသားထားတာဖြစ်ပါတယ်။
ဘယ်PDF အဖွဲ့ကို သတ်သတ်မှတ်မှတ် ရည်ညွှန်ပြောဆိုတာမျိုးမရှိပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး -ကလေး-PDF အဖွဲ့မှ တာဝန်ရှိသူက အခုလိုဖြေကြားခဲ့ပါတယ်။
“PDF- ကလေးအနေနဲ့ပြောရရင် ဘာစားနပ်ရိက္ခာမှ ပြတ်တောက်မှုမရှိဘူး၊ ရောက်တဲ့နေရာမှာ ရောက်တဲ့ဒေသကပြည်သူတွေက ထမင်းကျွေးထားတယ်၊ ကလေး-PDF တပ်သားတွေဘယ်တော့မှ ထမင်းမငတ်ပါဘူး။” လို့ ကလေး-PDF အဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။
“စိတ်ဓာတ်များ ကျဆင်းနေသည့် အတွက် အများစုမှာ (ဒဏ်) မခံ နိုင်လို့ ထွက်ပြေးနေကြတယ်” ဆိုတာနဲ့ပတ်သက်ပြီး ကလေး-PDF အဖွဲ့မှ တာဝန်ရှိသူက အခုလိုဆက်ပြောပါတယ်။
“ထွက်ပြေးဖို့နေနေသာသာဗျား… ကလေး-PDF အဖွဲ့ထဲကိုဝင်ချင်တဲ့ သူက မရေမတွက်နိုင်အောင်ကိုများနေတယ် ကျနော်တို့က ထိန်းထားရတဲ့အခြေနေတောင်ရှိတယ်၊ ဝင်လာချင် လို့ ဆက်သွယ်မေးမြန်းနေတဲ့သူတွေ နေ့စဉ်နဲ့အမျှရှိပါတယ်၊ သူတို့တွေကိုသင်တန်းပေးနိုင်ဖို့၊ နေရာထိုင်ခင်းချထားနိုင်ဖို့၊ တခြားလုံခြုံရေးအခြေအနေအရ ထိန်းထားရတဲ့အနေထားမှာရှိတယ်၊ ဒါ ကလေး-PDF အနေနဲ့ပြောတာပါ တပ်သားရေသောက်မြစ်က အရမ်းအားကောင်းနေတယ်၊ အဆက်မပြတ် ဝင်လာချင်တဲ့သူတွေချည်းပါပဲ၊ တခြားတိုင်းနဲ့ပြည်မှာရှိတဲ့ တိုင်းရင်းသာ PDF တွေလည်းအလားတူပဲနေမှာပါ”
WE LOVE KHIT BONE KHA, ခေတ်ဘုန်းခ, USDP နှင့် တပ်မတော်-ချစ်သူများ Group မှာ Kyaw Kyaw ဆိုတဲ့ အကောင့်ပိုင်ရှင်က ရေးသားဖော်ပြထားတဲ့ PDF နဲ့ပတ်သက်တဲ့သတင်းအမှားကိုတော့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာရေးတင်ခဲ့ပြီး Like & React ပြုလုပ်သူ ၁၁ဦးပဲရှိသေပေမယ့် ပြည်သူများအနေနဲ့ သတင်းအမှားတွေအစား ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနက သတင်းတွေကိုသာ ဖတ်ရှုသင့်ပါတယ်။
လူငယ်များသာမက အာဏာသိမ်းမှုကို လက်မခံတဲ့ပြည်သူများစွာဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်နေတဲ့အချိန်မှာ PDF နဲ့ပတ်သက်တဲ့ သတင်းအမှားများဟာလည်း ဆက်တိုက်ဆိုသလိုထွက်ပေါ်လာနေတာဖြစ်ပါတယ်။