သျှမ်းပြည်မြောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ အကြား တိုက်ပွဲများသည် နေ့စဥ်ရက်ဆက်ရှိနေကြောင်း သတင်းသိရသည်။
နိုဝင်လာလ ၂၈ ရက်နေ့ မနက် ၉ နာရီ အချိန်မှ နေ့လည် ၁၂ နာရီ ဝန်းကျင်အထိ မူဆယ်-မန္တလေး လမ်းမကြီးအနီး သိန္နီနှင့် ကွတ်ခိုင်အကြားတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် မြောက်ပိုင်းမဟာမိတ်တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“မနေ့က တိုက်ပွဲက နေ့တစ်ပိုင်းလောက် ဖြစ်သွားတယ်၊ မနက် ၉ နာရီကျော်ကျော်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့ တွေက လွိုင်ရွဲးနား လက်နက်ကြီး၊ လက်နက်ငယ်သံတွေနဲ့ ပစ်နေကြတာ၊ အသံတွေက ၁၂ နာရီကျော်မှ ငြိမ်သွားတာ” ဟု အမည်မဖော်လိုသည့် မန်ပိန်းဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ပွဲသည် စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကိုးကန့်တပ်မတော် MNDAA ပူးပေါင်းတပ်တို့ အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
“စစ်ကောင်စီတို့က မြောက်ပိုင်းမဟာမိတ် KIA MNDAA တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တယ်လို့ ကြားပါတယ်၊ သူတို့ရဲ့ ထိခိုက်ကျဆုံးမှုတော့ မသိရသေးဘူး၊ ရွာနဲ့လည်း နည်းနည်းဝေးတယ်” ဟုလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ထို့အပြင် ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာလည်း မူဆယ်ခရိုင် မုံးကိုးနှင့် ပန်ဆိုင်းဒေသအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ကိုးကန့်တပ်မတော် MNDAA တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
“အခုတလော တိုက်ပွဲတွေက ဖောင်းဆိုင်၊ မန့်ယန်၊ ဘန်မွှေး အဲ့ဘက်မှာ အဖြစ်များနေတယ်၊ သူတို့ အချင်းချင်း ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ သေနတ်ကျည်တွေကတော့ ရွာပတ်ဝန်းကျင်မှာ နေ့တိုင်းနီးနီးလာကျနေတယ်” ဟု ဖောင်းဆိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့က မုံးကိုးမြို့နယ် နမ့်ဟာရွာအနီးတွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးသံကို ခါတိုင်းနေ့များထက် ကြားနေရကြောင်းလည်း သတင်းသိရသည်။
အာဏာသိမ်း စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် MNDAA တို့သည် ပြီးခဲ့သည့် ဇူလိုင်လ ကတည်းက တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နှစ်ဦးနှစ်ဖက် စစ်ရေးတင်းမာမှုများလည်း ဆက်လက်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့၏ ချင်ချိုင့်ထန်တပ်စခန်းကို စစ်ကောင်စီတို့က တနေ့တည်းဖြင့် ၃ ကြိမ် ထိုးစစ်ဆင် တိုက်ခဲ့ကြောင်း ကိုးကန့်မီဒီယာက ဖော်ပြထားတာ တွေ့ရသည်။