မြန်မာ – တရုတ် နယ်စပ် တရုတ်ပြည် သျှမ်းလူမျိုးအများစုနေထိုင်သည့် ရွှေလီမြို့နယ် နောင်တောင်းကျေးရွာအုပ်စု ကုန်နေကျေးရွာ အုပ်ချုပ်ရေးမှူကို တရုတ်ပြည်သူ့စစ်က ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၆ ရက်တွင် တရုတ်နိုင်ငံ ကုန်နေ ကျေးရွာ အုပ်ချုပ်ရေးမှူး စိုင်းအိုက်အုန်းဖေ အသက် (၃၀) သည် လယ်သို့သွားစဉ် တရုတ်နယ်ခြံစောင့် ပြည်သူ့စစ်များက စိုင်းအိုက်အုန်းဖေကို ရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
“သူ လယ်သွားလာတာ။ လမ်းအပြန်မှာ တရုတ်ပြည်သူ့စစ်တွေနဲ့တွေ့တော့ သူ့ကို ဝိုင်းရိုက်ကြတာ။ ဒဏ်ရာတော်တော်ပြင်းထန်တယ်။ လူ ၂၈ ယောက်လောက်က တစ်ယောက်ထဲကို ဝိုင်းရိုက်ကြတာလေ။ အခုဆို သူ့ကို ဆေးရုံပို့ထားရတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ ကျေးရွာအုပ်ချုပ်ရေးမှူး ရိုက်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး တရုတ်ဘက်မှ တာဝန်ယူဖြေရှင်းပေးခဲ့ခြင်း မရှိသောကြောင့် ဒေသခံပြည်သူများက နိုဝင်ဘာ ၂၈ ရက်နေ့တွင် တရုတ်ပြည်သူ့စစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြ ကြောင်း သိရသည်။
“ကျနော်တို့ အုပ်ချုပ်ရေးမှူးက လယ်သွားတာလည်း အိမ်နဲ့သိပ်မဝေးဘူး။ သူ ဒီလိုရိုက်ခံရတော့ ကျနော်တို့လည်း မကျေနပ်လို့ မနေ့က တရုတ်ပြည်သူ့စစ်ကို ဆန္ဒထွက်ပြခဲ့ကြတာ။ ပြီးတော့ သူတို့ရဲ့ ခြံစည်းရိုးတွေလည်း သွားဖျက်ဆီးခဲ့တယ်။ သူတို့ ဒီလိုရိုက်ပြီးတော့ ဘာမှ တာဝန်ပြန်မယူဘူးလေ။ ဒီတိုင်းပဲ ပြန်ပစ်ထားခဲ့တာ” ဟု ရွှေလီမြစ်ဝှမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဒေသခံများ ဆန္ဒထွက်ပြခဲ့သောကြောင့် တရုတ်နိုင်ငံ သက်ဆိုင်ရာလူကြီးများက ဆွေးနွေးခဲ့ပြီး ကုန်နေ ကျေးရွာအုပ်ချုပ်ရေးမှူးကို ရိုက်နှက်ခဲ့သည့် ပြည်သူ့စစ် ၂၈ ဦးကို အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကုန်နေ ကျေးရွာအုပ်ချုပ်ရေးမှူးအတွက်လည်း ဆေးကုသစရိတ် တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
“သူတို့တော့ အုပ်ချုပ်ရေးမှူးကို ရိုက်ခဲ့တဲ့သူတွေကို အရေးယူသွားမယ်လို့ပြောတယ်။ ပြီးတော့ အုပ်ချုပ်ရေးမှူးရဲ့ ကုသစရိတ်ကိုလည်း သူတို့ တာဝန်ယူပေးမယ်တဲ့။ အုပ်ချုပ်ရေးမှူးကို ရိုက်ခဲ့တဲ့သူတွေကိုတော့ ရဲတွေက ခေါ်သွားပြီ” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။
ရွှေလီမြစ်ဝှမ်းတလျောက်တွင် သျှမ်းတိုင်းရင်းသားများ အများစု နေထိုင်ရှာဖွေစားသောက်ကြသည့် ဒေသဖြစ်သည်။
ရွှေလီမြစ်ဝှမ်းတလျောက်တွင် ကိုဗစ် ၁၉ ကြောင့် အာဏာပိုင် တရုတ်ဘက်က လော့ဒေါင်းချထားပြီး ဒေသခံ ပြည်သူများ စားဝတ်နေရေးအတွက် ခက်ခဲမှုများစွာရှိလာကြောင်း သိရသည်။