တောင်ကြီးမြို့ တပ်ပိုင်နယ်မြေအတွင်း ဈေးနှင့်ယာဥ်ရပ်နားစခန်းများကို ဖယ်ပေးခိုင်း

တောင်ကြီးမြို့ တပ်ပိုင်နယ်မြေအတွင်း ဈေးနှင့်ယာဥ်ရပ်နားစခန်းများကို ဖယ်ပေးခိုင်း

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ 212 တပ်ပိုင် ရဲဘော်ဈေး (212စျေး)မှ ဆိုင်ခန်းများနှင့် တပ်ရင်းတပ်ဖွဲ့ တပ်ပိုင်မြေဖြစ်သည့် မောချယ်ရီ ယာဥ်ရပ်နားစခန်းကို ဖယ်ရှားပေးရန် စစ်တပ်မှ အတင်းအကြပ် လာရောက်စေခိုင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့က တောင်ကြီးမြို့ကို Stay at Home ပယ်ဖျက်ခဲ့တာဖြစ်ပြီး ၂၆ ရက်နေ့တွင် စည်ပင်ဌာနနှင့် ဌာနဆိုင်ရာ တချို့မှ တာဝန်ရှိသူများက ရဲဘော်ဈေးကို လာရောက်ကြည့်ရှုပြီး ပိတ်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

“Stay at Home ဖြေပြီး နောက်တစ်ရက်မှာ တာဝန်ရှိသူတွေက ဈေးကို လာကြည့်တယ်၊ ပြီးတော့ ဈေးကိုပြန်ပိတ် ရမယ်ဆိုပြီးတော့ ညွှန်ကြားသွားတယ်၊ (၂၇/၂၈)ရက်အတွင်း ဆိုင်ခန်းတွေကို ရှင်းထားဖို့လည်း ပြောတယ်၊ မလုပ်ရင်တော့ သူတို့အထက်ကညွှန်ကြားတဲ့အတိုင်း လုပ်ရမယ်ဆိုပြီးပြောသွားတာ” ဟု ရဲဘော်ဈေးမှ ဈေးသည်တစ်ဦးက ပြောသည်။

ယင်းဌာနဆိုင်ရာလူကြီးများ ပြန်သွားသည့်နောက်တွင် ဈေးအဝင်ပေါက်ဝနှင့် ဈေးအနီးပတ်ဝန်းကျင်မှ နေရာတချို့တွင် စစ်ကောင်စီတပ်သားများက လာရောက်နေရာယူထားကြောင်းလည်း သိရသည်။

“ဘာကြောင့်ပိတ်ခိုင်းလဲဆိုတော့လည်းမပြောဘူး၊ ပြီးတော့ ဆိုင်ခန်းတွေရွှေ့ပြောင်းဖို့ဆိုတာ မလွယ်ဘူး၊ နေရာ အသစ်လည်း ရှာရအုံးမယ်၊ ပစ္စည်းတွေ သယ်ဖို့ရွှေ့ဖို့လည်း အချိန်ယူရအုံးမယ်၊ သူတို့ပြောတဲ့ ကာလအတွင်း ပြီးအောင် လုပ်ဖို့တော့ မလွယ်တဲ့ကိစ္စပဲ၊ တကယ်မလုပ်ရင်လည်း ကြောက်ရတယ်၊ အခုတောင် စစ်သားတွေက ဈေးပေါက်ဝမှာစောင့်နေတာ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ထို့အတူပင် တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းရှိ တပ်ရင်းတပ်ဖွဲ့များ၏ နယ်မြေအတွင်း တည်ရှိနေသည့် မောချယ်ရီ ယာဥ်ရပ်နားစခန်း ဆိုင်ခန်းများကိုလည်း ဖယ်ရှားရန် ညွှန်ကြားစေခိုင်းမှုများရှိနေသဖြင့် ကားဂိတ်နှင့် ဆိုင်ခန်းပိုင်ရှင်များက သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အသနားခံစာများ အသီးသီးတင်ပြထားကြောင်းလည်း သိရသည်။

ထိုနေရာကို လွန်ခဲ့သည့် ၂၀၁၉ ခုနစ်တွင်လည်း ဖယ်ရှားပေးရန် တစ်ကြိမ် လာရောက်ပြောဆိုခဲ့သည်။

 “ခုက နောက်တစ်ကြိမ်ပေါ့၊ ဒါပေမယ့် ခုလို ချက်ချင်းကြီး ပြောင်းရွှေ့ဖို့ လာပြောတော့ ကျနော်တို့ ဘယ်နေရာကို သွားနေရမလဲ၊ သူတို့ (စစ်တပ်)က သွားစေချင်တယ်ဆိုရင်တောင် အရင်ဆုံးနေရာချပေးထားသင့်တယ်” ဟု မောချယ်ရီ ယာဥ်ရပ်နားစခန်းအတွင်း ကားဂိတ်ဖွင့်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

မောချယ်ရီ ယာဥ်ရပ်နားစခန်းအတွင်း မှီတင်းနေထိုင်ကြသူအများစုသည် အခြေခံလူတန်းစား နေ့စား မိသားစုများ ဖြစ်ပြီး၊ ပြောင်းရွှေ့ရန်ခက်ခဲ့သောကြောင့် ဆက်လက် နေထိုင်ခွင့်ပြုပါရန်နှင့် မဖြစ်မနေ ပြောင်းရွှေ့ရမည်ဆိုပါက သင့်တော်သည့် နေရာတစ်ခု ပြန်လည်နေရာချပေးပြီး အချိန်ကာလတစ်ခု စောင့်ဆိုင်းပေးပါရန် ဆိုင်ခန်းရှင်များက တောင်းဆိုခဲ့သည်။

November 6, 2024
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်လန်မြို့ကို ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်)၊ နေ့လယ်ပိုင်းက ကိုးကန့်တပ်...
ပင်လောင်းမြို့ မီးရှို့ခံရသည့် နေအိမ် ပုံဟောင်း
November 6, 2024
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိကျေးရွားသည် တိုက်ပွဲများဖြစ်ပွားပြီး...
အင်းလေးဒေသအတွင်း လေပြင်းတိုက် နေအိမ်ပျက်စီးပုံများ
November 6, 2024
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးမှုဒဏ်...
November 5, 2024
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများပြင်းထန်နေပြီး...