ကိုဗစ်ကြားက သဘင်သည်ဘဝ

ကိုဗစ်ကြားက သဘင်သည်ဘဝ

"မင်းသမီးလက်လိုပဲ နုနုရွရွလေး ကိုင်ဆိုပြီး ဥပမာပေးကြတဲ့ ကျွန်မတို့ မင်းသမီးတွေရဲ့လက်က အခု ရော်ဘာခြံထဲမှာ ရော်ဘာစေးတွေ ပေနေရပြီ"

တုန်ယင်နေသော အသံကို ဒီထက်ပို လှုပ်ခါမသွားရလေအောင် သတိနဲ့ထိန်းရင်း သူမက ပြောလိုက်သည်။

မွန်ပြည်နယ် ရေးမြို့နယ်တနေရာက ရော်ဘာခြံကျယ်ထဲ ရော်ဘာပင်တန်းကြားမှာ ဖြတ်သန်းလာသော လေနုအေးက သူမ ဆံပင်တွေကို တိုးဝှေ့တိုက်ခတ်သွား၏။

သူမကတော့ ဟိုယခင်နှစ်‌များက ပွဲကြည့်ပရိသတ်အပေါင်း ဟဒယနှလုံး ရွှင်ပြုံးကြည်မြစေဖွယ် သဘင့်စင်မြင့်ပေါ်ကနေ သီဆိုကပြ ဖျော်ဖြေခဲ့ဖူးသူ ဇာတ်မင်းသမီး (မ)ကေသွယ်စိုး ဖြစ်သည်။

‘ခေါင်း ခါး ခြေ လက်၊ ဤလေးချက်၊ မပျက်စေရ၊ သုခုမ’ ဟူ၍ သဘင်ပညာကို တန်ဖိုးထား ခုံမင်ခဲ့သူ မကေသွယ်စိုးသည် အသက် ၁၃ နှစ်မှစတင်ကာ အကပညာရပ်ကို ဝါသနာအလေ့ မွေ့လျော်ခဲ့သူလည်း ဖြစ်ပြီး သူမ အသက် ၁၇ နှစ်အရွယ်တွင် အကပညာကို ထဲထဲဝင်ဝင် လေ့လာသင်ယူကာ အနုပညာကြေးဖြင့် အသက်မွေးဝမ်းကျောင်းနိုင်သည့်တိုင် တတ်မြောက်ခဲ့သူ ဖြစ်သည်။

မွန်ပြည်နယ် ဇာတ်သဘင်လောကတွင် အရံမင်းသမီးအနေဖြင့် လှုပ်ရှားရှင်သန်ရင်း သူမ ချစ်ခင်တွယ်ဖက်ရာ အနုပညာကို ပိုမို တန်ဖိုးထားမိလာသည်။ ဝါသနာသာမက ယုံကြည်ချက်ပါ သူမ ထားရှိခဲ့သော ဇာတ်သဘင်ပညာရပ်မှာလည်း လေ့လာ၍မှ မကုန်ခမ်းနိုင်ပါလေ။ သူမ ထပ်တိုး လေ့လာသည်၊ ပိုမို သင်ယူသည်။

ကျော်ကြားထင်ပေါ်မှုထက် အနုသုခုမပညာရပ်ကို ပိုမို လေးစားတန်ဖိုးထားခဲ့သူ သူမက ပိုမို နက်ရှိုင်းစွာ လေ့လာသင်ယူနိုင်မည့် အခွင့်အလမ်းကို အစဉ်တစိုက် အကဲခတ်နေခဲ့သည်။ အရံမင်းသမီးဘဝကနေ မင်းသမီးတစ်လက်အဆင့်ထိ ကပြခွင့်ရမည့် ဇာတ်သဘင်အဖွဲ့ တစ်ခုပြီးတစ်ခု ပြောင်းရွှေ့လုပ်ကိုင်ရင်း အချိန်ကာလတို့ကို ဖြတ်သန်းရှင်သန်လာသည်။

သို့တစေ...

သူမအပါအဝင် သဘင်သည်တစ်ဦးချင်းသာမက အနုပညာသည်အားလုံးအတွက် အခက်တွေ့စေမည့် အခြေအနေတစ်ရပ်က ၂၀၂၀ နှစ်ဦးပိုင်းတွင် ထင်မှတ်မထားဘဲ ကျရောက်လာသည်။

ကိုဗစ် - ၁၉၊ ကပ်ရောဂါ။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကိုဗစ်လူနာကို ၂၀၂၀ မတ်လ ၂၃ ရက်ညတွင် စတင်တွေ့ရှိခဲ့သည်။ စည်းမျဉ်းစည်းကမ်းများ၊ ထုတ်ပြန်ချက်များ ထူထူထပ်ထပ် တွေရှိဖတ်ရှု ကြားသိလာရသလို အပြန်အလှန် သတိပေးစကားများ ခပ်စိပ်စိပ် ပြောဆိုဖြစ်လာကြသည်။

အလွမ်းရေးထက် ဝမ်းရေးခက်သည့် အနေအထားကြီးက အာရှ၊ ဥရောပ၊ အမေရိကမကျန် ကူးခတ်ရင်ဆိုင်လိုက်ရသည်။ က, သောလက်တို့ ရပ်တန့်ခဲ့ရသည်။ သီသောတေးတို့ ဆွံ့အခဲ့ရသည်။

ကိုဗစ် - ၁၉ ကပ်ရောဂါ ပထမလှိုင်း စတင်ဖြစ်ပွားချိန်ကတည်းက ဇာတ်သဘင်များ ပွဲသွင်း ကပြခွင့်ကို ရပ်နားထားလိုက်ရသည်။ လူစုလူဝေး မပြုလုပ်ရဆိုသော ကိုဗစ် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်များ ကျန်းမာရေးဦးစီးဌာနက ကန့်သတ်ထုတ်ပြန်ခဲ့သည်။

"အရင်က ဒီအချိန်ဆို မိတ်ကပ်လူး၊ အလှအပပြင်ပြီး မနက်မိုးလင်းအထိ ပွဲကနေရပြီ။ အခုတော့ မနက် အစောပိုင်း ရော်ဘာအစေးခြစ်သွားဖို့ ပြင်နေရတယ်"ဟု ဇာတ်မင်းသမီးတစ်ဖြစ်လဲ ရော်ဘာခြံအလုပ်သမ မကေသွယ်စိုးက ပြောသည်။

ပွင့်လင်းရာသီရောက်နေပြီဖြစ်သော်လည်း ပွဲကပြခွင့် ပါမစ် မရရှိခြင်း၊ ဇာတ်ဆရာများအနေဖြင့် ကြိုတင်ထုတ်ပေးရမည့် ငွေကြေးမရှိခြင်း စသည့် အခက်အခဲများ ကြုံတွေ့နေရသည်။

ရော်ဘာစေး မခြစ်နိုင်သည့် ရက်များတွင် ကွမ်းသီးညှပ်ခြင်း၊ ကွမ်းရွက်ညှပ်ခြင်း လုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်‌ရင်း ပရိယေသနအရေး ဖြေရှင်းရသည်။ ယခင် ပုံမှန်ကာလ ဇာတ်ပွဲများ ဆင်နွှဲကပြနိုင်ခဲ့ကြချိန်က မင်းသမီးတစ်လက်လျှင် ကာယကံရှင်၏ ထင်ပေါ်ကျော်ကြားမှု၊ လူကြိုက်များ အားပေးခံရမှုတို့အပေါ်မူတည်ပြီး စပေါ်ငွေ ကျပ် ဆယ်သိန်းမှ သိန်း ၅၀ ထိ ရရှိခဲ့ကြဖူးသည်။

လက်ရှိကား ယခင်နှင့် ခြားနားခဲ့ကြလေပြီ။

ပစ္စုပ္ပာန်အခြေအနေမှာ ရော်ဘာအစေးခြစ်၊ ကွမ်းသီးညှပ်၊ ကွမ်းရွက်ညှပ်သည့် လုပ်ငန်းက တစ်ရက်လျှင် လုပ်အားခ ကျပ် သုံးထောင်မှ လေးထောင်ကျပ်ထိမျှသာ ဝင်ငွေ ရှိနေသည်။ သယ်ယူပို့ဆောင်ရေး ခက်ခဲကျပ်တည်းနေချိန်မှာ ကုန်ဈေးနှုန်းသည်လည်း တရိပ်ရိပ် မြင့်တက်လာသည်။ ဝင်ငွေထွက်ငွေ မမျှတခြင်းက လူတန်းစားအသီးသီးကို ရိုက်ခတ်လာနေသည်။

"အစ်မ တစ်ယောက်တည်း မဟုတ်ဘူး။ ကျန်တဲ့ မင်းသမီး၊ မင်းသား၊ လူကြမ်းတွေ အကုန်ပဲ ကြုံရာအလုပ်တွေ လုပ်နေကြတာ။ ပိုက်ဆံ တတ်နိုင်တဲ့ မင်းသမီးတွေကျတော့ Online Shopping တို့၊ ဆိုင်‌အသေးတို့ ဖွင့်ပြီး ရောင်းနေကြတယ်"ဟု မကေသွယ်စိုးက ပြောသည်။

ရင်းနှီးမြှုပ်နှံနိုင်သည့် ငွေကြေးပမာဏ၊ လည်ပတ်နိုင်သည့် ငွေလုံးငွေရင်းတို့က နေ့စဉ် လူနေမှုဘဝထဲ စကားပြောလာသည်။ သဘင်ပညာရပ်ဆိုသည်က စဉ်ဆက်မပြတ် လေ့လာဆည်းပူးရမည့် ပညာရပ်တစ်ခုဖြစ်သော်လည်း ဝါသနာထက် စားဝတ်နေရေးက ပိုပြီး အရေးကြီးသည့် အခြေအနေ ဖြစ်နေခဲ့သည်။

ဘုရားပွဲများ၊ ကထိန်ပွဲများတွင် ဇာတ်ပွဲပြန်လည်ကပြခွင့် ရရန် နိုင်ငံတော်အစိုးရအနေဖြင့် သဘင်ပညာသည်များကို ကြည့်ရှုကူညီပေးစေလိုကြောင်း သူမက ဆန္ဒပြုသည်။

"ကိုယ်ကျွမ်းကျင် ဝါသနာပါတာက မင်းသမီး။ အခု လုပ်နေရတာက ရော်ဘာခြစ်တာ၊ ကွမ်းရွက်သင်တာ။ စားဝတ်နေရေးက ဝါသနာထက်ကို ပိုပြီး အရေးကြီးတော့ ထမင်းစားရဖို့အတွက် ကြုံသလို ဖြေရှင်းနေရတာပေါ့။ အဲဒီတော့ ပွဲပါမစ်တွေ ပြန်ချပေးစေချင်တယ်"ဟု ဆိုသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း ကိုဗစ် - ၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းကန့်သတ်ချက်များကို ကူးစက်ပြန့်ပွားမှု အတက်အကျအလိုက် အထိုက်အလျောက် ဖြေလျှော့ပေးခဲ့ခြင်းများ ရှိသော်လည်း ယခုအချိန်ထိ ဇာတ်သဘင် နှင့်ပတ်သက်၍ ဖြေလျှော့ပေးထားခြင်း မရှိသေးပေ။

ယုံကြည်လေးစား တန်ဖိုးထားရာ အနုပညာအရ ပရိသတ် ကြည်ဖြူစွာ ကျွေးသော ထမင်းကို သူမ လိပ်ပြာသန့်သန့် စားလိုလှပြီ။ ချစ်ခင်လေးစားရသည့် ပရိသတ်ရှေ့မှောက်ဝယ် မိမိ တတ်ကျွမ်းမွေ့လျော်ရာ သီဆိုကခုန်ခြင်းအနုပညာဖြင့် နံနက် အရုဏ်မကျင်းမီ ဖျော်ဖြေတင်ဆက်နိုင်သော ကာလတစ်ရပ်ကို သူမ တောင့်တလိုလားနေသည်။ ခုဆို မနက်ခင်း အရုဏ်မလာမီ ရော်ဘာတောဆီ အရောက်ချီရပြီ။

က,သောလက်ဝယ် ဓားတစ်လက်ရှိနေခဲ့ပြီ။

ရောင်စုံမီးများကို တွယ်မက်လွန်း၍ မဟုတ်၊ ယခုလို ရော်ဘာခြစ်ချိန် ဓာတ်မီးမှိန်မှိန်ကို အထင်သေး၍ မဟုတ်။ သူမ ချစ်ခင်တွယ်ဖက်ရာ အနုပညာဆီ သူမ အရောက်သွားချင်သည်။ သို့မဟုတ် အဲဒီ အခြေအနေတစ်ရပ် သူမတို့ သဘင်ပညာသည်တွေထံ ရောက်လာစေလိုသည်။

ပိုးပုရစ်တို့ စိုးစိုးဆစ်ဆစ် အော်မြည်နေကြသည့် ရော်ဘာခြံထဲက အမှောင်ထု သိပ်သည်းရာ ညမှာ မင်းသမီး ကေသွယ်စိုး ရင်ထဲ ဆိုင်းသံဗုံသံတွေ ခြိမ့်ခြိမ့်သဲနေလေတော့သည်။

တစ်နေ့ …။

တစ်ရက်…။

သို့သော် ဘယ်နေ့လဲတော့ မသိသေးချေ။

လှိုင်ထိုက်ထိုက်- ရေးသားသည်။

Most read this week

November 25, 2024
စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရုန်းကန်ရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ဆိုတာ...
November 18, 2024
မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး...
November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 5, 2024
အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေသည့် သောင်ရင်းမြစ်ကို ဖြတ်ပြီး ကုန်စည်အစီအရီတင်ဆောင်လာသော...