ဂရုဏာဆေးခန်းမှ ဖမ်းဆီးခံရသူအားလုံး ပြန်လည်လွတ်မြောက်

ဂရုဏာဆေးခန်းမှ ဖမ်းဆီးခံရသူအားလုံး ပြန်လည်လွတ်မြောက်

လွိုင်ကော်မြို့ နောင်ယားရပ်ကွက်ရှိ ခရစ္စတူးဘုရင်ဘုရားကျောင်းဝန်းအတွင်း ဖွင့်လှစ်ထားတဲ့ ဂရုဏာဆေးခန်းကနေ ဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်း စုစုပေါင်း ၁၈ ဦးတို့ကို စစ်ကောင်စီတပ်က တစ်ရက်ကြာ ဖမ်းဆီးခေါ်ဆောင်ပြီးတဲ့နောက် နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဆေးခန်းတဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ ဟုတ်တယ် ဆရာဝန် လေးဦးနဲ့ သူနာပြုဆရာမကြီးတွေ အကုန်လုံး ပြန်လွှတ်လာပြီ ည ၆ နာရီကျော်ကျော်မှာအားလုံးပြန်ရောက်ကြတယ်။ သူတို့ကို မိခင်နဲ့ကလေးစောင့်ရှောက်ရေးဌာနမှာပဲ မနေ့ကတစ်နေကုန်လုံးရယ် ဒီရက်တစ်နေကုန်လုံးပေါ့ အဲမှာပဲရှိတယ် အဲ့မှာပဲ မေးမြန်းတာပေါ့။ ဘုန်းကြီးတော်တစ်ပါးနဲ့ စစ်စတာ ၂ ပါးကတော့ အဖော်အဖြစ်လိုက်သွားတာလေ။ ဆရာဝန်တွေ သူနာပြုတွေကို ဒီအတိုင်းလွှတ်လိုက်လို့မဖြစ်ဘူးလေ။ ကိုယ်တိုင်ကိုယ်ကျလိုက်သွားတာပေါ့” လို့ သူက ပြောပါတယ်။

ဘုရားကျောင်းဝင်းအတွင်းကို ရဲ၊ စစ်သား ပူးပေါင်းအင်အား နှစ်ရာဝန်းကျင်ခန့် ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပြီးနောက် ဆရာဝန် ၄ ဦး၊ သူနာပြု၊ စေတနာ့ဝန်ထမ်း စုစုပေါင်း ၁၈ ဦးကို စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်သွားခဲ့ပြီး ဆေးခန်းမှာရှိတဲ့ အတွင်းလူနာတွေကို ပြည်သူ့ဆေးရုံကြီးနဲ့ စစ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီးနောက် ဂရုဏာဆေးခန်းကိုလည်းပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

ကျောင်းတိုက်ဘုန်းတော်ကြီးနဲ့ သီလရှင်အကြီးပိုင်းတို့ အပြင် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ က စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ သွားရောက်ဆွေးနွေးခဲ့ရတယ်လို့ သိရပါတယ်။

လွိုင်ကော်ကတ်သလစ်သာသနာမှ ကြီးမှူးဖွင့်လှစ်ထားတဲ့ ဂရုဏာဆေးခန်းဟာ ၂၃ နှစ်ကြာ ဖွင့်လှစ်ခဲ့ပြီး ရဟန်း၊ သီလရှင်၊ သံဃာများအလွယ်တကူဆေးကုသမှုခံယူနိုင်ရန်၊ လူမျိုးဘာသာမရွေး ရပ်နီးရပ်ဝေးလူနာတွေကို ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရန် စတဲ့ ရည်ရွယ်ချက်နဲ့ သက်သာတဲ့ဈေးနှုန်းဝန်ဆောင်မှုနဲ့ လူနာတွေကို ကုသပေးနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဆေးခန်းခေတ္တပိတ်ထားရပြီး ငွေကြေးမတတ်နိုင်တဲ့ ဒေသခံအများစု အားကိုးရတဲ့ ဆေးခန်းဖြစ်တဲ့အတွက် ဆေးခန်းပြန်လည်ဖွင့်နိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

November 7, 2024
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းက ရွှေညောင်ကုန်းစစ်ရှောင်စခန်းမှာ...
November 7, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုဖြစ်ပြီးနောက်ပိုင်းကစလို့...
November 6, 2024
ကရင်နီပြည်မှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေအချင်းချင်းကြားမှာ ညီညွတ်မှုနဲ့ အနာဂတ် ဖက်ဒရယ်...
November 6, 2024
ဆောင်းတွင်းကာလရောက်ရှိလာပြီဖြစ်တာကြောင့် ကရင်နီပြည်က စစ်ဘေးရှောင်စခန်းအများစုမှာရှိနေတဲ့...