စစ်ကောင်စီ၏ အရံအင်အားအဖြစ် စစ်ပြန်စစ်မှုထမ်းဟောင်းများ ပြန်လည်စုစည်းရာတွင် တပ်မတော်မှ ပြစ်မှု ပြစ်ဒဏ် ကျခံပြီးထွက်လာသူများ မပါဝင်ဟု ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်မှုထမ်းဟောင်း တစ်ဦးက ပြော သည်။
လက်ရှိတွင် မြို့နယ်အလိုက်ရှိ နေကြသည့် အရံအင်အား စစ်မှုထမ်းအဖွဲ့တွင် ပါဝင်မည်သူများ တစ်ရက် ကျပ် ၈၀၀၀ နှုန်းချ ထားပေးပြီး သေနတ်အရှည်များ တပ်ဆင်ပေးထားကာ အရာရှိအဆင့်အချို့ကို သေနတ်အတိုများ တပ်ဆင် ပေး ထားသည်ဟု ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်မှုထမ်းဟောင်း တစ်ဦးက ပြောသည်။
”အဓိက လူကြီးတွေ စိတ်ချရတဲ့သူအချင်းချင်း ပေါင်းလုပ်စေချင်တဲ့ သဘောမျိုး ဆိုတော့ ပြစ်ဒဏ်နဲ့ ထွက်လာသူကို မခိုင်းတော့တာ“ ဟု ထိုစစ်မှုထမ်းဟောင်း ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့များကို မြန်မာပြည်အနှံ့ တပ်ဖြန့်ထားနေရပြီး ထိခိုက် ကျဆုံးနှင့် တပ်ပြေး အရေအတွက် များပြားနေသဖြင့် စစ်ပြန်စစ်မှု ထမ်းဟောင်းများကို ပြန်လည် ခေါ်ယူ နေခြင်းဖြစ်သည်။
လက်ရှိတွင် တပ်မှ ဗိုလ်မှူးအဆင့်အချို့သည်ပင် သိန်း ၅၀ ပေးပြီး တပ်ထဲမှ ထွက်သည်များလည်းရှိနေသည်ဟု ဆိုကြသည်။
ထို့အပြင် စစ်သားများ CDM လုပ်သွားမည်ကိုလည်း အထက်အရာရှိ လူကြီးပိုင်းများက စိုးရိမ်နေပုံရက ရှမ်း ပြည်နယ်တောင်ပိုင်းမှ စစ်မှုထမ်းဟောင်းက ဆက်ပြောသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စစ်မှုထမ်းဟောင်းတစ်ဦးကလည်း “မြစ်ကြီးနားကရော၊ ဒီဗန်းမော်ကရော စစ် မှုထမ်းဟောင်းတွေကို ခေါ်တွေ့တယ်။ တချို့ တွေက သွားကြတယ်။ ဦးလေးကတော့ မသွားဘူး။ ဦးလေးတို့က အသက်ကြီးပြီ အေးဆေးနေချင်တယ်။ ခေါ်တုန်းက သွားတဲ့သူငယ်ချင်းတွေကတော့ ကျောင်းဖွင့်တဲ့ အချိန် ကျောင်းရှေ့တွေမှာ အစောင့်ပုံစံမျိုးတွေ ပြန်စောင့်နေတာလည်း တွေ့တယ်။ စစ်ထွက်ဆိုရင် ရပ်ကွက်ထဲမှာ မျက်နှာငယ်။ သွားရင်ပိုဆိုးတာပေါ့။ တချို့ကလည်း ပြန်သွားလုပ်ကြတာပါ့” ဟု ပြောသည်။
စစ်အာဏာမသိမ်းခင်က ရှေ့တန်းတိုက်ခိုက်ရေး တာဝန် ၆ လ နောက်တန်းပြန်ရောက်လျှင် ရာထူး တာဝန် အဆင့်အလိုက် စွမ်းရည်မြှင့်သင်တန်းများ ၆ လ တက်ကြရသည်။
သို့သော် ယခုကာလတွင် အာဏာမသိမ်းခင်ကတည်းက ရှေ့တန်းရောက်နေသည့် ခြေလျင် တပ်ရင်း အချို့သည် နောက်တန်းစခန်းသို့ ယခုအချိန်ထိ မပြန်ရသေးပဲ တစ်နှစ်ကျော်အကြာထိ ရှေ့တန်းတွင် ရှိနေသူများလည်း ရှိသည်ဟု တပ်မတော် မိသားစုဝင်တစ်ဦးက ပြောသည်။
စစ်မှုထမ်းဟောင်းအဖွဲ့တွင် အရာရှိပေါင်း ၁၀၅၃၈ဦး၊ အခြားအဆင့် ၁၀၃၀၇၉ ဦးကျော်၊ မှီခိုသူ အရံအဖွဲ့ဝင် ၁၄၄၁၀၇ ဦးခန့်ရှိကြောင်း မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၏ ၂၀၁၇ ခုနှစ် စာရင်းများအရသိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ မြို့နယ်ရှိသည့်အနက် မြို့နယ် ၃၀၉ မြို့နယ်တွင် စစ်မှု ထမ်းဟောင်းအဖွဲ့များ ဖွဲ့စည်းထားကြောင်းသိရသည်။