ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေတွင် ၄ ရက်အတွင်း ဒေသခံ ၁၁ ဦးကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲများနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးကာ နေအိမ် တစ်လုံးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ချိပ်ပိတ်လိုက်သည်။
နေအိမ်ပိုင်ရှင် အသက် ၆၀ ကျော် အမျိုး သမီးကြီး ၁ ဦး၊ ပါရမီ လူမှုကူညီရေး ပရဟိတအဖွဲ့က ဦးကျော်သူရှိန် နှင့် မိသားစုဝင် ၃ ဦး အပါအဝင် ဒေသခံ ၁၁ ဦးကို PDF များနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးက "အရပ်ဘက်သုံး အန်ဆာတုံးကား အဖြူတွေနဲ့ ၃ ကြိမ်တောင်လာ တာ။ ဘယ်ကိုဖမ်းခေါ်သွားသလဲ မသိရဘူး" ဟု ပြောသည်။
ပါရမီ လူမှူကူညီရေး ပရဟိတအဖွဲ့ဝင် ဦးကျော်သူရှိန်နှင့် ၎င်း၏ဇနီး ကျောင်းဆရာမ ဒေါ်ခင်မာလာ၊ သမီးဖြစ်သူ မဖြိုးဖြိုးသူတို့ကို နိုဝင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးကာ ရွာလယ်လမ်းမှ ဒေသခံ အမျိုးသမီး တစ်ဦး အပါ အဝင် ၇ ဦး ကို နိုဝင်ဘာလ ၂၀ ရက်နေ့က ဖမ်းဆီးခံရခြင်း ဖြစ်သည်။
အမှတ် ၂ ရပ်ကွက်က ချိပ်ပိတ်ခံရသည့် အိမ်ပိုင်ရှင် အသက် ၆၀ အရွယ် အမျိုးသမီးကိုမူ နိုဝင်ဘာလ ၂၁ ရက် နေ့က ဖမ်းဆီးသွားပြီး သူမ၏နေအိမ်ကိုလည်း ထိုနေ့တွင် စစ်ကောင်စီက ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်။
"ပါရဟိတလုပ်တဲ့ သူနဲ့ ကျောင်းဆရာမ မိသားစုက PDF ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာလို့ဆို ဆရာမက Non CDM ဆရာမလေ။ ကျန်သူတဲ့တွေလည်း ရမ်းသန်းဖမ်းသွားတာ" ဟု ပါရဟိတ အဖွဲ့ဝင်တစ်ဦး ကပြော သည်။
ချောင်းသာကမ်းခြေမြို့အတွင်းက ဖမ်းဆီးမှုများသည် ချောင်းသာ-ပုသိမ်ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့သည့် ဝန်ကြီးခရီးစဉ် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဖြစ်သည်။
ယင်းဖမ်းဆီးခံမှုဖြစ်ပွားပြီးနောက် ဒေသခံ ပြောက်ကျား အဖွဲ့ဖြစ်သည့် Beach Defance Force အဖွဲ့က "ဒလန် များအနေဖြင့် စစ်ကောင်စီ အလိုကျ ဆက်လုပ်နေပါက ပြင်းပြင်းထန်ထန် တိုက်ခိုက်မည်" ဟု သတိပေးချက် ထုတ်ပြန်ထားသည်။