ကုန်စျေးနှုန်းမြင့်တက်နေ၍ ဒုက္ခသည်များကိုထောက်ပံ့နေသည့် ငွေပမာဏတိုးမြှင့်ပေးရန် WFP သုံးသပ်နေ

ကုန်စျေးနှုန်းမြင့်တက်နေ၍ ဒုက္ခသည်များကိုထောက်ပံ့နေသည့် ငွေပမာဏတိုးမြှင့်ပေးရန် WFP သုံးသပ်နေ

ရခိုင်ပြည်အတွင်း အခြေခံစားသောက်ကုန်စျေးနှုန်းများ မြင့်တက်နေသည့်အတွက် ဒုက္ခသည်များအားငွေထောက်ပံ့မှုပမာဏကို တိုးမြှင့်ပေးရန် သုံးသပ်နေကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ လက်ရှိဌာနေကိုယ်စားလှယ် Mr. Marcus Prior က DMG သို့ပြောသည်။

WFP အနေဖြင့် ရခိုင်ပြည်အတွင်းရှိ ဒုက္ခသည်များအတွက် ယခင်က ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့်စားနပ်ရိက္ခာများကိုထောက်ပံ့ခဲ့သော်လည်း ဒုက္ခသည်များနေထိုင်ရာဒေသအတွင်း စီးပွားရေးလုပ်ငန်းများ အကျိုးဖြစ်ထွန်းစေရန်အတွက် ၂၀၁၉ ခုနှစ်မှစ၍ စားနပ်ရိက္ခာအစား လူတစ်ဦးလျှင် ငွေ ၁၅၀၀၀ နှုန်းနှင့် ပြောင်းလဲထောက်ပံ့ခဲ့သည်။

WFP မှထောက်ပံ့ငွေကို ဒုက္ခသည်များအတွက် နေ့စဉ်ကုန်ကျစရိတ်ကိုကာမိအောင် ရည်ရွယ်ပြီးပေးခြင်းဖြစ်သည်ဟု WFP ၏ လက်ရှိဌာနေကိုယ်စားလှယ် Mr. Marcus Prior က DMG ၏သီးသန့်မေးမြန်းမှုကို အီးမေးလ်ကတစ်ဆင့်ဖြေကြားသည်။

“ရခိုင်ပြည်နယ်အတွင်းက နေရာတော်တော်များများမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာပြီးနောက် ကျွန်တော်တို့အနေနဲ့ အကျိုးခံစားသူတွေကိုပေးအပ်တဲ့ ငွေသားအထောက်အပံ့ပမာဏကို ပြန်လည်သုံးသပ်နေပါတယ်”ဟု Mr. Marcus Prior က ပြောသည်။

သို့သော် ဒုက္ခသည်များအတွက် ပုံမှန်ထောက်ပံ့ပေးနေသည့်ငွေပမာဏာထက် မည်မျှတိုးမြှင့်ထောက်ပံ့ပေးမည်၊ မည်သည့်ပုံစံမျိုး ထောက်ပံ့ပေးမည်ကို မသိရသေးပေ။

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါနှင့် စစ်တပ်ကအာဏာသိမ်းမှု၏ နောက်ဆက်တွဲအဖြစ် အခြေခံစားသောက်ကုန်များအပြင် အခြားသောပစ္စည်းများမှာ ယခင်ကထက်စျေးနှုန်းနှစ်ဆဝန်းကျင်အထိ မြင့်တက်လျက်ရှိနေသည်။

ယင်းသို့ ကုန်စျေးနှုန်းများမြင့်တက်မှုကြောင့် အခြေခံလူတန်းစားများအပြင် စစ်ဘေးရှောင်များမှာလည်း အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။

ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဒေါ်မစောယဉ်က “အခုက ကုန်စျေးနှုန်းတွေတက်တော့ ကျွန်မတို့ စားသောက်ရတာအဆင်မပြေဘူး။ အရင်က ဟင်းချိုမုန့်တစ်ပိဿာကို သုံးထောင်ကျော်လောက်ပဲရှိတာ အခုခုနှစ်ထောင်အထိတက်သွားပြီ။ WFP က ထောက်ပံ့တဲ့ငွေနဲ့လည်းမလောက်တော့ဘူး။ ငွေတစ်သောင်းခွဲကို စျေးဝယ်သုံးရင် သုံးရက်လောက်ပဲသုံးရတယ်”ဟု ပြောသည်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များမှာ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) စသည့်နိုင်ငံတကာအဖွဲ့အစည်းများမှထောက်ပံ့မှုကို အဓိကအားထားနေကြရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ပြည်နယ်စစ်ကောင်စီ၏ ခွင့်ပြုချက်မရှိသည့်အတွက် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)အနေဖြင့် ရခိုင်ပြည်အတွင်း စားနပ်ရိက္ခာထောက်ပံ့ကူညီမှုများကို ရပ်ဆိုင်းထားခဲ့ရသည်။

လက်ရှိတွင် ခွင့်ပြုချက်ပြန်လည်ရရှိခဲ့ပြီဖြစ်သဖြင့် ရခိုင်ပြည်နယ် (၁၀)မြို့နယ်က ဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် ငွေထောက်ပံ့မှုများကို ပြန်လည်လုပ်ဆောင်နေပြီဖြစ်သည်ဟု ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ လက်ရှိဌာနေကိုယ်စားလှယ် Mr. Marcus Prior ကပြောသည်။

“ကျွန်တော်တို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) အနေနဲ့ ဆိုင်းငံ့ထားခံခဲ့ရတဲ့ ခရီးသွားခွင့်ပြုချက်အားလုံးကိုရရှိပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ ရခိုင်ပြည်နယ် (၁၀)မြို့နယ်က နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ လူဦးရေပေါင်း ၃၃၀,၀၀၀ နဲ့ အခြားထိခိုက်လွယ်သူတွေအတွက် လစဉ်စားနပ်ရိက္ခာနဲ့ ငွေသားဖြန့်ဝေမှုတွေ ဆောင်ရွက်နေရာမှာ ကျန်ရှိနေသေးတာတွေကို အရေးပေါ်ဖြန့်ဝေနေပါပြီ” ၎င်းကပြောသည်။

WFP မှ ခရီးသွားလာခွင့် ခွင့်ပြုချက်မရရှိ၍ စားနပ်ရိက္ခာထောက်ပံ့ကူညီမှုများ နှောင့်နှေးကြန့်ကြာခဲ့သည့်ကာလအတွင်း ဒုက္ခသည်စခန်းများ၌ ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ရသည်။

ရခိုင်ပြည်အတွင်းတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်အထိရှိခဲ့ရာမှ လက်ရှိတိုက်ပွဲရပ်တန့်နေ၍နေရပ်ပြန်သူများရှိရာ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ရှစ်သောင်းကျော်ကျန်ရှိနေသေးကြောင်း သိရသည်။

Most read this week

စစ်တွေမြို့ရှိ ရွှေနှလုံးတော် ခရစ်ယာန်ဘုရားကျောင်း။  ဓာတ်ပုံ - Sacred Heart Church – Sittwe
November 7, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ခရစ်ယာန်ဘာသာဝင်များ ဘုရားကျောင်းသို့ သွားရောက်ကာ...
November 7, 2024
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အကြား ကုန်သွယ်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန်...
November 6, 2024
ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ဒိုင်ကြီးကျေးရွာကို နိုဝင်ဘာ ၅ ရက်၊ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီက...
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် အမ်းမြို့နယ်မှ စစ်ဘေးရှောင်များအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - Wai Hun Aung
November 5, 2024
တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်မှ စစ်ဘေးရှောင်...