ပုသိမ်ရေကြောင်း ရဲတပ်ဖွဲ့စခန်းကို ဒေသခံ ပြောက်ကျား တပ်ဖွဲ့ခွဲတစ်ခုက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကျည်ဆန်ထိမှန်ထားသည့် ဆိုင်ကယ်မောင်းသူ တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားသည်ဟု ရပ်ကွက်နေ မျက်မြင်သက်သေများက ပြောသည်။
နိုဝင်ဘာ ၁၆ ရက်နေ့၊ ည ၇နာရီ ၄၀ မိနစ်ခန့်က ပထမဦးစွာ သေနတ်သံ နှစ်ချက်ကြားရပြီး ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ လမ်းနားလမ်းရှိ စစ်ကောင်စီလက် အောက်ခံ ပုသိမ်ရေကြောင်း ရဲစခန်းအတွင်း နှင့် မြစ်ထဲရှိ ရဲသင်္ဘောပေါ်က ပစ်သည့်သေနတ်သံ အချက် ၂၀ ကျော်ခန့် ကြားရကာ နောက်ပိုင်းတွင် ဆိုင်ကယ် တစ် စီးအနီး သွေးအိုင်ထဲတွင် လဲနေသူတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်ဟု ဆိုကြသည်။
"သေနတ်သံတွေ စကြားရတဲ့အချိန်တုန်ကတော့ မီးပျက်နေတဲ့အချိန် ၁၅ မိနစ်လောက်အကြာမှာ လမ်းမီးတွေ ပြန်လာတဲ့အချိန်မှာပဲ သွေးအိုင်ထဲမှာ လဲနေတဲ့ လူငယ်လေးကိုဖမ်းလိုက်တာ။ ဘယ်က ပစ်လို့မှန်တာလည်း တော့မသိဘူး" ဟု အဆိုပါ ရဲစခန်းအနီး နေထိုင်သူ တစ်ဦးက ပြောသည်။
အဖမ်းခံရသူ လူငယ်သည် အသက် ၂၀ ကျော် ဝန်းကျင်ရှိ အမှတ် ၈ ရပ်ကွက် တဂေါင်းဘုရားလမ်းနေ မောင် ဉာဏ် ဆိုသူဖြစ်ပြီး ပေါင်တွင်သေနတ် ဒဏ်ရာရထားသဖြင့် ဆေးကုသပေးနေရသည်ဟု အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။
ပုသိမ်ခရိုင် ပြောက်ကျား တပ်ဖွဲ့ ကမူ အဖွဲ့ဝင်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိပဲ လုံခြုံစိတ်ချရသည့် နေရာတွင် ရှိနေပြီဖြစ်ကြောင်း၊ သို့သော် အခင်းဖြစ်ပွားသည့် အနီးတွင် အပြစ်မဲ့ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး ထိခိုက်မှု ဖြစ်ပွားခဲ့သည့်အတွက် လွန်စွာ စိတ်မကောင်းရကြောင်း နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။
ထို့အပြင် အမှတ် ၄ ရပ်ကွက်အတွင်းက ရေကင်းစခန်းအင်အားစုများနှင့် PSTF အဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှု တွင် ရေက်းစခန်းအင်အားစုဘက်တွင် ထိခိုက်ကျဆုံးမှုများရှိခဲ့သည်ဟုလည်း ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ (ပုသိမ်ခရိုင်-PSTF) က ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားသည့် နိုဝင်ဘာ ၁၆ ရက်နေ့ညကလည်း ပုသိမ်မြို့ပေါ်ရှိ အမှတ် ၆၊ ၇၊ ၈ နှင့် အမှတ် ၂ ရပ်ကွက် တို့အား ပိတ်ဆို့ စစ်ဆေးပြီး အမှတ် ၈ ရပ်ကွက်မှ လင်မယား ၂ ဦး နှင့် အမှတ် ၂ ရပ်ကွက်မှ လူငယ် ၁၀ တို့ကို လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဒေသခံအချို့က ပြောသည်။
ပုသိမ်မြို့ခံ ဦးမောင်မောင် က "အခုနောက်ပိုင်း ရဲတွေ စစ်သားတွေက ရမ်းသမ်း စွပ်ပစ် စွပ်ဖမ်း လုပ်နေတဲ့ အချိန်၊ ဖြစ်နိုင်ရင် သူတို့နဲ့ ခပ်ခွာ ခွာနေကြတာအကောင်းဆုံးပဲ"ဟု ပြောသည်။
ပုသိမ်မြို့တွင်လည်း ဧရာဝတီတိုင်းအတွင်းရှိ အခြားမြို့များနည်းတူ စစ်ကောင်စီ၏ ဖမ်းဆီးမှု၊ ခြိမ်းခြောက်မှုများ၊ မြို့အတွင်း ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ ဖြစ်ပွားလျှက်ရှိပြီး နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီခန့် ဟော်တယ်/ခရီးသွားဝန်ကြီး နှင့် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ယာဉ်တန်းကို ပုသိမ်-ချောင်းသာ ကားလမ်း တောင် သာယာကုန်းကွေ့တွင် ဒေသခံ ပြောက်ကျားအဖွဲ့များက မိုင်းခွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။