မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ဟိုက်ဂျက် ယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးသွားသည်ဟု သံဖြူဇရပ်ရှိ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များထံမှ သိရသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၇ နာရီဝန်းကျင် အချိန်ခန့်က သံဖြူဇရပ်ဘက်မှ ရေးဘက်သို့ မောင်းနှင်လာသည့် ဟိုက်ဂျက်ယာဥ်တစ်စီးသည် စွပ်ပလောင်ကျေးရွာလမ်းဝ အကွေ့အရောက်တွင် စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ပဲ တစ်ဖက်ယာဥ်ကြောမှ လာသည့်ယာဥ်ကြီးကို တိုက်မိကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သံဖြူဇရပ် နာရေးကူညီမှု အသင်းဝင် တစ်ဦးက "အမျိုးသမီးတစ်ဦးနဲ့ ခလေးတစ်ဦးကတော့ အခင်းဖြစ်ရာ နေ ရာမှာပဲ ဆုံးသွားတယ်။ ဒဏ်ရာရသူတွေထဲက အမျိုးသမီးတစ်ဦးက ဆေးရုံမှာ သေသွားတယ်။ စုစုပေါင်း သုံးဦး သေဆုံးသွားတယ်" ဟု ပြောသည်။
အဆိုပါ မော်တော်ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်တွင် ပါလာသည့် အမျိုးသမီးတစ်ဦးနှင့် ကလေး တစ်ဦး တို့ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားပြီး ဆေးရုံအရောက်တွင် နောက်ထပ်အမျိုးသမီးတစ်ဦး သေဆုံးသွား သည်ဟု သံဖြူဇရပ်နာရေးကူညီမှုအသင်းထံမှ သိရသည်။
ယာဥ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၆ ဦးရှိပြီး လူမှုကယ်ဆယ်ရေးအသင်းများ၏ အကူအညီဖြင့် သံဖြူဇရပ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းတို့ထဲမှ ဒဏ်ရာပြင်းထန်သူတစ်ဦးကို ယခုခါ မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်။
တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် မော်တော်ယာဥ်သည် ဘီလူးကျွန်း (ချောင်းဆုံ) မှ ဖြစ်ပြီး တနင်္သာရီတိုင်း ရေဖြူ မြို့နယ် ကံပေါက်သို့ မင်္ဂလာဆောင်သွားသည့် ယာဥ်ဖြစ်သည်ဟုလည်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများ က ပြောသည်။
အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်နှင့် ပတ်သက်ပြီး ယာဥ်မောင်းကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း ရေး-သံဖြူဇရပ်လမ်းမ နှစ်ကရင်လမ်းဝတွင် ယာဥ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ခရီးသည် ၇ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။