လက်ရှိဒေါ်လာစျေးကျဆင်းလာသော်လည်း ကုန်စည်စျေးနှုန်းမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များကဆိုသည်။
ပြီးခဲ့သည့်လက အမေရိကန်ဒေါ်လာ ၂၃၀၀ ဝန်းကျင်ခန့် စံချိန်တင်မြင့်တက်ခဲ့သော်လည်း နိုဝင်ဘာ ၉ ရက်နေ့တွင် ဗဟိုဘဏ်မှသတ်မှတ်ထားသည့် အမေရိကန်တစ်ဒေါ်လာဈေးနှုန်းမှာ ၁၇၇၅ ကျပ်ဖြစ်လာသည်။
ဒေါ်လာစျေးကျဆင်းသော်လည်း ကုန်စျေးနှုန်းများကျဆင်းရန် အချိန်အတိုင်းအတာတစ်ခုထိလိုအပ်သည်ဟု ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးကပြောသည်။
“ဒေါ်လာစျေးက ကျရိပ်ဖက်သန်းနေပေမယ့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးစရိတ်တွေက စျေးမကျသေးဘူး။ Export ပစ္စည်းတွေအနေနဲ့တော့ ဈေးကဝုန်းခနဲ့ထိုးကျလာမှာ မဟုတ်သေးဘူး။ ကုန်ဈေးနှုန်းတွေပြန်ကျဖို့ အချိန်အတိုင်းအတာတစ်ခုတော့ စောင့်ရဦးမယ့်အနေအထားရှိတယ်။ ဘာလို့ဆို ဒေါ်လာဈေးတက်တုန်းက ကုန်ပစ္စည်းတွေဝယ်ထားလိုက်ရတော့ အခုအချိန်မှာ အဲဒီကုန်ပစ္စည်းလက်ကျန်တွေကိုပဲရောင်းနေရဦးမှာ”ဟု ဦးတင်အောင်ဦးက ဆိုသည်။
သို့သော် ဆန်အပါအဝင် ကုန်စိမ်းများနှင့် အခြားအခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းအကျဘက်ကိုရောက်လာပြီဖြစ်သော်လည်း စားသုံးဆီဈေးနှုန်းမှာ ဈေးနှုန်းမြင့်နေဆဲဖြစ်နေသည်ဟု စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ဒေါ်လာစျေးကျလာသော်လည်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ထင်သာမြင်သာအောင် စျေးနှုန်းကျဆင်းမှုမရှိသေးကြောင်း ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (REIC) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောသည်။
“အခုချိန်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ စီးပွားရေးမရေရာမှုတွေ ဖြစ်နေတဲ့အခါ လူတို့ရဲ့အရောင်းအဝယ်ပိုင်းကို ထင်သာမြင်သာအောင်မရှိသေးပေမယ့် စီးပွားရေးကျသွားတဲ့ ပြဿနာရှိနေတယ်။ ဒါကြောင့် စီးပွားရေးတစ်ခုလုံးဟာ ဒီနေ့အချိန်ထိ မရေမရာဖြစ်နေတဲ့အတွက် စျေးနှုန်းတွေဟာလည်း အချိန်ပိုင်းခဏအတွင်း ပြန်ကျသွားနိုင်ဖို့အလားအလာမရှိဘူး”ဟု ၎င်းကဆိုသည်။
တရုတ်၊ ဗီယက်နမ်နှင့် မလေး စသည့်ပြည်မဖက်မှ တင်သွင်းသည့် လူသုံးကုန်ပလက်စတစ်ပစ္စည်းများ၏ ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလာကြောင်း၊ ရန်ကုန်နှင့် မန္တလေးဘက်သို့ တင်ပို့သည့်ကုန်ပစ္စည်းများမှာ ဈေးနှုန်းကျဆင်းမှုမရှိသေးကြောင်း ရခိုင်ပြည်၊ စစ်တွေမြို့ရှိ ရွှေမြေပလတ်စတစ်ပစ္စည်းဆိုင်ပိုင်ရှင် ဦးအေးထွန်းကပြောသည်။
“ဒေါ်လာပေါက်ဈေးနှုန်းအတိုင်း ဝယ်လိုက်ရတဲ့ပစ္စည်းအချို့ကတော့ ဈေးနှုန်းနည်းနည်းကျသွားတယ်။ ကျတယ်ဆိုတာကလည်း ကျပ်ငါးရာတစ်ထောင်လောက်ပါပဲ။ အချို့ပစ္စည်းတွေဆို အခုချိန်ထိ လုံးဝဈေးပြန်မကျသေးဘူး”ဟု ၎င်းကရှင်းပြသည်။
ဒေါ်လာစျေးနှုန်းစံချိန်တင်မြင့်တက်လာခြင်းကြောင့် စက်သုံးဆီစျေး၊ ရွှေစျေး၊ လျှပ်စစ်သုံးကုန်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ ဆေးဝါးနှင့် သံထည်ပစ္စည်း၊ ပလက်စတစ်အိမ်သုံးပစ္စည်း၊ အခြေခံစားသုံးကုန်စည်ဈေးနှုန်း စသည်တို့မှာ တစ်ရှိန်ထိုးဈေးနှုန်းမြင့်တက်လာသောကြောင့် အခြေခံလူတန်းစားများမှာ အခက်အခဲများစွာ ရင်ဆိုင်နေရသည်။