ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို အကြမ်းဖက်သမားများဟု သဘောမထားပဲ တပ်မတော်၏ အင်အားသစ် တွေအဖြစ် လစာပေးကာ ခန့်အပ်သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်တယ်ဆိုတဲ့ သတင်းအမှား တစ်ခုဟာ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ပြန့်နှံနေပါတယ်။
အဲ့ဒီ သတင်းအချက်အလက်တွေပါတဲ့ အရေးအသားကို နိုဝင်ဘာလ ၆ ရက်နေ့ နေ့လည် ၁၁ နာရီ ၄၃ မိနစ်မှာ Easter Lin ဆိုတဲ့ အကောင့်ပိုင်ရှင်ကနေ ရေးတင်ထားတာကို တွေ့ရပါတယ်။
Easter Lin ဆိုတဲ့ အကောင့်ပိုင်ရှင်က သတင်းအချက်အလက်တွေပါတဲ့ စာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံနဲ့ တကွ အောက်ပါအတိုင်း ရေးသားထားတာဖြစ်ပြီး သတင်းမှန်ပြန်ကြားရေး အဖွဲ့ဆီက ရရှိတဲ့ သတင်း ပုံစံမျိုးနဲ့ ရေးသားထားတာလည်း ဖြစ်ပါတယ်။
“PDF တပ်ဖွဲ့ဝင်တွေကို ပြည်သူက အကြမ်းဖမ်းသမားဟု စွပ်စွဲပြောကြားနေသော်လည်း မိမိ အနေဖြင့် ထိုသို့ သဘောမထားကြောင်း မိမိသမ္မတကြီး ဖြစ်လာပါက ၎င်းတို့ကို တပ်မတော်ကြီးရဲ့ အင်အားသစ်တွေအဖြစ် လစာပေး၍ ခန့်အပ်သွားမှာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောကြားလိုက်သည်” (Easter Lin မူရင်းအရေးအသားအတိုင်းဖြစ်သည် လို့ ရေးသားထားပြီး အဆုံးမှာ “#သတင်းမှန်ပြန်ကြားရေး” ဆိုပြီး အဆုံး သတ်ထားပါတယ်။
Easter Lin ရဲ့ ရေးသားမှုကို ဒီလင့်မှာ https://tinyurl.com/anjtuxwu တွေ့နိုင်ပါတယ်။
ဒီရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော် သတင်းမှန်ပြန်ကြား ရေး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဝက်ဆိုဒ်မှာ PDF တွေကို လစာပေးမယ်ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ရဲ့ ပြောဆိုမှုကို မတွေ့ရသလို သတင်းဌာနတွေကလည်း အဲ့ဒီ ပြောဆိုမှုကို ကိုကားပြီး သတင်း ရေး သားထားတာ မတွေ့ရ လို့ပဲဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီတပ်က PDF တွေနဲ့ တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ အကြောင်း ကို သတင်းဌာနတွေကနေ နေ့စဉ် ရေးသားတင်ပြနေတဲ့ သတင်းတွေကို ကြည့်ရင်တွေ့ရမှာဖြစ်ပါတယ်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ဝက်ဆိုဒ်လင့် https://www.cincds.gov.mm/
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောတဲ့ စကားထဲမှာ လူသိများတာတွေက ဆန်ကို လျော့စားပြီး နေထိုင်မှု ပုံစံပြောင်းဖို့၊ မြေအောက်ရထားလမ်းဖောက်မယ်၊ ငှက်ပျောပင်တွေ ရောင်းပေးမယ်၊ ဆီအိုးကြီးဖြစ်အောင် ကြိုးပမ်းကြ၊ တိုင်းရင်း ကိုဗစ်ကာကွယ်ဆေးဖော်မယ် စတဲ့ စကားတွေကို ပြောဆိုခဲ့တာတွေ့ရပြီး PDF တွေကို အကြမ်းဖက်သမားများဟု သဘောမထားပဲ တပ်မတော်၏ အင်အားသစ် တွေအဖြစ် လစာပေးကာ ခန့်အပ်သွား မယ်လို့ ပြောဆိုမှုကို မတွေ့ရပါဘူး။
ဆန်ကို လျှော့စားပြီး နေထိုင်မှု ပုံစံပြောင်းရန်ဆိုတဲ့ ပြောဆိုမှုကို ဒီလင့်မှာ https://bit.ly/3H5AlzB တွေ့နိုင်ပြီး အခြားပြောဆိုခဲ့တဲ့ အကြောင်းအရာတွေကိုတော့ ဧရာ၀တီ သတင်းဌာနက ရေးသားထားတဲ့ ဆောင်းပါးထဲမှာ တွေ့နိုင်ပါတယ်။ ဧရာ၀တီသတင်းဌာနရဲ့ ဆောင်းပါးလင့် https://bit.ly/3H549fE
Easter Lin ရဲ့ သတင်းစကားပါတဲ့ ရေးသားထားတဲ့ စာကို မေနှင်းဆီ ဆိုတဲ့အကောင့်ပိုင်ရှင်က လက်နက်ကိုင်အဖွဲ့ များ သတင်းစုံ (EAOs NEW) ဆိုတဲ့ Group မှာ မျှဝေထားသလို၊ Naw Dah ဆိုတဲ့ အကောင့်ပိုင်ရှင်ကလည်း လက်နက်ကိုင် အဖွဲ့များ သတင်းစုံ (EAOs NEW) နှင့် CRPH ထောက်ခံသူများဆိုတဲ့ Group ထဲမှာ မျှဝေထားပြီး အခြား သောသူတွေကလည်း ပြန်လည် မျှဝေထားတာကိုတွေ့ရ ပါတယ်။
မေနှင်းဆီက လက်နက်ကိုင် အဖွဲ့များ သတင်းစုံ (EAOs NEW) မှာ မျှဝေထားတဲ့ လင့် https://bit.ly/3kkMvLh
Naw Dah က CRPH ထောက်ခံသူများဆိုတဲ့ Group မှာ မျှဝေထားတဲ့ လင့် https://bit.ly/3qgkXdV
မေနှင်း ဆီ၊ Naw Dah နှင့် အခြားသောသူတွေရဲ့ ထပ်ဆင့် မျှဝေမှုကို Like၊ Comment၊ Shares လုပ်တဲ့သူတွေ တော်တော်များများရှိ နေတာကို တွေ့ရပါတယ်။
သတင်းအမှား ဖြန့်ဝေသူတွေဟာ စာဖတ်သူတွေရဲ့ အတွေးအခေါ် အမြင်ဝေဝါးသွားအောင် ပြုလုပ်လျက်ရှိပြီး အထူးသဖြင့် အခုအချိန်မှာဆိုရင် PDF ၊ CRPH ၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲသတင်းတွေ၊ စစ်ကောင်စီ ခေါင်း ဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတစ်မျိုးနဲ့ တစ်မျိုး အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေတာကို တွေ့ရပါတယ်။
ဒါကြောင့် လူမှုကွန်ရက်ပေါ်မှာ သတင်းဖတ်သူတွေအနေနဲ့ သတင်းတစ်ခုကို ဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် သတင်းအမှားလား/အမှန်လား ဆိုတာကို အတည်ပြုပေးနိုင်တဲ့ သတင်းဌာနတွေက တက်လာတဲ့ သတင်းတွေနဲ့ သေချာစီစစ်ပြီးမှသာ ပြန်လည် ဖြန့်ဝေပေးကြရန် တိုက်တွန်း လိုက်ရပါတယ်။