ချင်းမိုင်မြို့ အထင်ကရစျေးကြီးများဖြစ်သည့် ကတ်မိန်းမိုင်စျေးအတွင်း ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေပြီး စျေးယာယီပိတ်လိုက်ရသဖြင့် ထိုစျေးတွင်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်အခဲကြုံနေရကြောင်း သတင်းသိရသည်။
ထို ကက်မိန်းမိုင် (စျေးကြီး) အတွင်းတွင် သျှမ်းရွှေ့ပြောင်းအလုပ်သမားအများစု မှီတင်းလုပ်ကိုင် စားသောက်နေရသည့်နေရာဖြစ်ပြီး လက်ရှိ ထိုစျေးအတွင်း ကိုဗစ်-၁၉ မြင့်တက်မှုကြောင့် စျေးကို (၁၄) ရက်ပိတ်ဆိုင်းထားကာ ရွှေ့ပြောင်းအလုပ်သမားများအတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း နေ့စားလုပ်ကိုင်နေသည့် စိုင်းပန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“တကယ်လို့ ဒီစျေးသာ ရက်အကြာကြီးပိတ်မယ်ဆိုရင် ကျနော်တို့က ငတ်မှာသေချာတယ်ဗျ၊ ကျနော်တို့က လက်လုပ်လက်စားသမားတွေပဲ၊ ဒီစျေးကိုမှီခိုပြီး ကျနော့်လို တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘဝတူ ရွှေ့ပြောင်းလုပ်သားတွေလည်းများတယ်၊ အခုလို စျေးပိတ်တော့ အလုပ်အကိုင်လည်းမရှိတော့ ဝင်ငွေလည်းမရှိဘူးလေ၊ ပြီးတော့ ရောဂါလည်း စစ်ရမယ်၊ ကွာရန်တင်းလည်း ၁၄ ရက်ဝင်ရမယ်” ဟု မြန်မာနိုင်ငံသား ရွှေပြောင်းလုပ်သား စိုင်းပန်က ပြောသည်။
လက်ရှိတွင် အဆိုပါ ကတ်မိန်းမိုင် ကုန်စိမ်းစျေးကို မှီခိုအားထားပြီး အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများထဲမှ တချို့သည် သူဌေး လုပ်ငန်းရှင်များထံမှ ထောက်ပံ့ပေးငွေများဖြင့် ရပ်တည်နိုင်သော်လည်း တချို့သောလုပ်သားများက မည်သည့်ကူညီထောက်ပံ့မှုမှ မရကြောင်းလည်း စိုင်းပန်က ဆက်ပြောသည်။
“ကျနော်တို့က အခန်းအောင်းပြီးနေနေရတယ်၊ ကျန်းမာရေးဘက်ကလည်း ဒီကတ်မိန်းမိုင်ဘက်က လူတွေကို နေ့တိုင်း ကိုဗစ်-၁၉ လာစစ်တယ်၊ မနေ့က တစ်နေ့တည်းမှာပဲ ၆၉ ဦးတွေ့တယ်၊ အခုဆို စားဖို့သောက်ဖို့လည်း ခက်နေပြီ၊ ဝယ်ခြမ်းဖို့သွားရင်လည်း ကတ်မိန်းမိုင်ဘက်မှာ နေတဲ့သူလို့ သူများသိရင် မရောင်းပေးချင်တော့ဘူး၊ ဒီဘက်မှာ ပိုးတွေ့များတော့ သူများလည်း ကြောက်ကြတယ်” ဟု စိုင်းပန်က ပြောသည်။
အဆိုပါ ပိတ်သိမ်းသည့် ချင်းမိုင်မြို့တွင်း စျေးများတွင် ကုန်ထမ်းခြင်း၊ လှည်းတွန်းခြင်း၊ ဟင်းသီးဟင်းရွက်များ ရောင်းချခြင်း၊ ဆိုင်ခန်းစောင့်ဝန်ထမ်းအဖြစ် လုပ်ကိုင်ခြင်းနှင့် ကြုံရာကျပမ်းအလုပ် လုပ်ကိုင်နေသူ အများစုမှာ သျှမ်းလူမျိုးများဖြစ်ကြသည်။
စျေးသည်များနှင့် လာရောက်ဝယ်ယူသူများထံမှ ကိုဗစ်–၁၉ ရောဂါပိုး ကူးစက်ခံရသူများပြားနေသဖြင့် စျေးများကို အနီရောင်အဆင့်အဖြစ် သတ်မှတ်ပြီး ချင်းမိုင်မြို့ အုပ်ချုပ်ရေးဆိုင်ရာဌာနမှ အောက်တိုဘာလ ၈ ရက်နေ့မှစတင်ကာ ရက်ပေါင်း ၁၄ ရက်ကြာ ပိတ်သိမ်းရန် ကြေညာခဲ့ကြောင်း သိရသည်။
“ခုတော့ စျေးတွေကို အနီရောင် အဆင့် သတ်မှတ်ပြီး ပိတ်ထားပါပြီ၊ ဖြစ်နိုင်ရင် ဒီဘက်ကို ဘယ်သူမှ မလာစေရဘူး၊ လာတာနဲ့ ကွာရန်တင်းဝင်ရမယ်၊ လုပ်သားတွေအနေနဲ့တော့ တကယ်ကို ခက်ခဲပါတယ်၊ ဝင်ငွေကမရှိ ခုတော့ ရှိစုမဲ့စုလေးနဲ့ စားသောက်နေရတယ်“ ဟု စျေးအတွင်း ကုန်ထမ်းသည့် စိုင်းနွဲ့ (အမည်လွှဲ) က ပြောသည်။
ချင်းမိုင်မြို့ ကျန်းမာရေးဌာနကနေ ထုတ်ပြန်ချက်အရ ယမန်နေ့တစ်ရက်တည်းတွင် ချင်းမိုင်မြို့အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ (၃၁၄) ဦး စစ်ဆေးတွေ့ရှိရပြီး စုစုပေါင်း ကိုဗစ်–၁၉ ကူးစက်ခံရသူ (၁၁၇၅၀) ဦးနှင့် သေဆုံးသည့် ကိုဗစ်–၁၉ အတည်ပြုလူနာ (၄၃) ဦး ရှိနေကြောင်းလည်း သိရသည်။