အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ Covid-19 Task Force (CTF) မှာပါဝင်တဲ့ ကရင်နီကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ခွန်းဖိလစ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
ကန္တာရဝတီတိုင်း(မ်) ။ ။ CTF မှာ ကရင်နီကျန်းမာရေးဌာနအနေနဲ့ ဘယ်လိုပူးပေါင်း ပါဝင်ဖြစ်တာလဲ။
ခွန်းဖိလစ် ။ ။ ကျတော်တို့က ၂၀၁၀ လောက်ကတည်းက နယ်စပ်ဒေသမှတိုင်းရင်းသားအနေနဲ့ စုဖွဲ့ထားတဲ့ HCCG ပေါ့နော။ အဓိက ရည်ရွယ်ချက်က ကျန်းမာရေးလုပ်ဆောင်ဖို့ လူထုကျန်းမာရေးလုပ်ငန်း လုပ်ဆောင်ဖို့ ဖြစ်ပေမယ့်လို့ နောက်ပိုင်းမှာ မူအရ အနာဂတ်မှာဖြစ်ပေါ်လာမယ့် ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံတော်၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်မှာ ဖက်ဒရယ်စနစ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် ဖက်ဒရယ်ကျန်းမာရေးစနစ် ပုံစံမျိုးပေါ့။ ဗဟိုထိန်းချုပ်မှုကင်းတဲ့ ဖက်ဒရယ်ပုံသဏ္ဍာန်ဆောင်တဲ့ ကျန်းမာရေးစနစ်တွေ ပေါ်လာလို့က ကြိုးစားလာခဲ့ကြတယ်။ ပြောရမယ်ဆိုရင် အပိုင်း ၂ ပိုင်းပေါ့နော လုပ်ငန်းပိုင်းဆိုင်ရာ လူထုအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့အပိုင်း၊ ဖြစ်ပေါ်လာမယ့် အနာဂတ်မှာ ဖက်ဒရယ်ပြည်ထောင်စုမှာ မူဝါဒဆိုင်ရာ ရှိထိုက်တဲ့အချက်တွေ စုဆောင်းပြီး ကြိုတင်ရေးဆွဲထားတဲ့အပိုင်း ၂ခုနဲ့ ဒီလို စုစည်းခဲ့ကြတယ်။ စစ်ကောင်စီတက်လာတဲ့အခါကျတော့ ပြည်တွင်းထဲက ပြည်သူ့အစိုးရလို့ ပြောရမှာပေါ့။ ၂၀၂၀ရွေးကောက်ပွဲမှာ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ် အများအပြားဖမ်းဆီးခံရတယ်။ နိုင်ငံတော်အတိုင်ပင်ခံ အပါအဝင် သမ္မတ အားလုံးပေါ့။ ဒီနောက်ပိုင်းမှာ ပြည်ပကို တိမ်းရှောင်လာတဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ ကျတော်တို့နဲ့ နယ်စပ်ဒေသမှာရှိတဲ့ အဖွဲ့တွေနဲ့ ကျတော်တို့ နယ်စပ်ဒေသမှာ စုမိကြတာပေါ့။ ကျတော်တို့မှာ ရှိပြီးသား EHC အရင်တုန်းက Ethnic Health Committee ဆိုတာရှိပြီးသားအဖွဲ့တွေနဲ့ ဒေါက်တာဇော်ဝေစိုးဦးဆောင်တဲ့ Ministry of Health အဖွဲ့နဲ့ဆွေးနွေးကြတာပေါ့။ မူအရသော်လည်းကောင်း၊ ဖြစ်ပေါ်လာမယ့် ဖက်ဒရယ်ပြည်ထောင်စုမှာ တိုင်းရင်းသားဒေသတွေရဲ့ အခန်းကဏ္ဍဟာအရေးကြီးတယ်။ ကျန်းမာရေးဝန်ဆောင်မှုမှာလည်း ကိုယ်ထူကိုယ်ထ ရှိပြီးသားစနစ်ကို ရှေ့ဆက်လုပ်သွားမယ်ဆိုတဲ့ အပိုင်းကိုဆွေးနွေးကြတယ်။ သူတို့လည်း နားလည်တယ်။ ဖြစ်ထိုက်တဲ့အနေနဲ့ အခုကတည်းက စုဖွဲ့ပြီးတော့ မူအရသော်လည်းကောင်း၊ လုပ်ငန်းစဉ်အရသော်လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်ပြီး ဆွေးနွေးပြီးတော့ ပူးပေါင်းပါဝင်ခဲ့ခြင်း ဖြစ်ပါတယ်။
ကန္တာရဝတီတိုင်း(မ်) ။ ။ ကရင်နီကျန်းမာရေးဌာနသော်လည်းကောင်း၊ CHDN သော်လည်းကောင်း စစ်ဘေးရှောင် ပြည်သူလူထုအတွက် ကိုဗစ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်ထားတာရှိလဲ။
ခွန်းဖိလစ် ။ ။ ကိုဗစ်နဲ့ပတ်သက်လာလို့ရှိရင် ပထမလှိုင်၊ ဒုတိယလှိုင်းက NLD ပြည်သူ့အစိုးရလက်ထက်မှာကတည်းက အတိုင်းအတာတစ်ခုထိလုပ်ရတယ်။ ဥပမာ- Check Point လုပ်ပြီးစစ်ဆေးတာမျိုး လူနာတွေ့ရှိခဲ့ရင် သူ့ရဲ့ Tracking လိုက်ဖို့အတွက် Tracking Record လုပ်ထားတာမျိုးလုပ်နိုင်တယ်။ ပညာပေးတဲ့အပိုင်းတွေ Mask တပ်ဖို့ ၊ လက်ဆေးဖို့ ကမ်ပိန်းတွေများကြီး လုပ်နိုင်ခဲ့တယ်၊ ဒါပေမယ့် သိတဲ့အတိုင်း ဒီနှစ်မှာတော့ စစ်တွေဖြစ်လာတော့ ရွာသားတွေလည်းထွက်ပြေးကြတယ်။ ကျတော်တို့ ဝန်ထမ်းတွေလည်း ပြေးကြရှောင်ကြဆိုတော့ ဒီနောက်ပိုင်းမှာ ကာကွယ်မှုအပိုင်းမှာ လုပ်ကိုင်ရတာ ခက်ခဲတယ်။ ဘာလို့လဲဆိုရင် အသက်လုပြေးနေရတဲ့ အချိန်မှာ ဂိတ်ထိုင်တာ ဘယ်သူမှမလုပ်နိုင်ကြတဲ့ကိစ္စ အခက်အခဲတော့ အများကြီးရှိတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အဖွဲ့လိုက်ပညာပေးတာရှိတယ်။ Prevention အနေနဲ့ Mask ဝေတဲ့ ကမ်ပိန်းတွေဆက်လုပ်နေတာ ရှိတယ်။ အထူးသဖြင့် စစ်မဖြစ်တဲ့နေရာ ရွာသားတွေမပြေးတဲ့နေရာတော့ ဂိတ်တချို့ ဆက်ထိုင်တာရှိတယ်။ ရှေ့ဆက်ပြီး NUG အစိုးရနဲ့ ပူးပေါင်းညှိနှိုင်းပြီး ကျတော်တို့ပြည်နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ နည်းပညာနဲ့ အထောက်အကူသာ ရနိုင်မယ်ဆိုလို့ရှိရင် CHDN အနေနဲ့ဖြစ်ဖြစ် ကရင်နီကျန်းမာရေးဌာနပဲဖြစ်ဖြစ် ကျတော်တို့ဒေသအတွင်းမှာရှိတဲ့ ပြည်သူလူထုတွေ ကာကွယ်ဆေးအမြန်ဆုံး ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားဖို့ အစီအစဉ်ရှိတယ်လို့ အဲ့လောက်ပဲပြောချင်ပါတယ်။
ကန္တာရဝတီတိုင်း(မ်) ။ ။ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေမှာ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်တာနဲ့ စာရင်းကောက်ယူမှုတွေ ရှိလား။
ခွန်းဖိလစ် ။ ။ ရှိပါတယ် ။ ကရင်နီကျန်းမာရေးဌာနအနေနဲ့ကတော့ အမြဲတမ်း အဆက်အသွယ်ရှိတယ်။ ပြည်တွင်းထဲက ကျန်းမာရေးအဖွဲ့အစည်းကော နယ်စပ်က ကျန်းမာရေးအဖွဲ့အစည်းနဲ့ကော ရှိပါတယ်။ အစုအဖွဲ့များများနဲ့ စစ်ဘေးရှောင်တဲ့ IDPs တွေပေါ့နော။ စာရင်းတွေ ကျတော်တို့ဆီမှာရှိပါတယ်။
ကန္တာရဝတီတိုင်း(မ်) ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထိန်းချုပ်တဲ့နယ်မြေတွေက ဘယ်နေရာတွေလဲ။
ခွန်းဖိလစ် ။ ။ အဓိကရှိမယ်ဆိုလို့ရှိရင် ကေအဲန်ပီပီရှိမယ်။ ကလလတရှိမယ်။ ကယန်းပြည်သစ်ရှိမယ်။ အဓိကကတော့ ဒီသုံးဖွဲ့ရှိမယ်။ ထိန်းချုပ်တဲ့နယ်မြေ အတိအကျတော့မဟုတ်ပေမယ့် အခြေပြုတာရှိမယ်။ အဲ့ဒီနေရာက ကယားပြည်နယ်က ၇ မြို့နယ်အပါအဝင် ရှမ်းပြည်နယ်က ဖယ်ခုံမြိုနယ် တောင်ပိုင်းနဲ့ အနောက်ဖက်က ကရင်ပြည်နယ်သံတောင်ကြီး၊ မြောက်ဖက်လည်းပါတယ် ၉ မြို့နယ်လောက်ဖြစ်သွားမယ်ပေါ့။
ကန္တာရဝတီတိုင်း(မ်) ။ ။ NUG အစိုးရက ကြေညာထားတဲ့ မြန်မာလူဦးရေရဲ့ ၂၀% ကို ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ဖို့ လျာထားတယ်ဆိုတော့ ကရင်နီပြည်မှာကော ဆရာတို့ကျန်းမာရေးအဖွဲ့အနေနဲ့ စာရင်းကောက်ယူထားတဲ့ လူဦးရေ ဘယ်လောက်ရှိလဲ။
ခွန်းဖိလစ် ။ ။ ၁သိန်း၆သောင်းဆိုတာက ကာဗာလုပ်ထားတဲ့လူဦးရေအားလုံးဖြစ်တယ်။ ကလေးမွေးစလည်းပါတယ်။ တကယ်တမ်း ကာကွယ်ဆေးမှာက ၁၈နှစ် အထက်ပဲဆိုလို့ရှိရင်တော့ ကျတော်တို့ စာရင်းလုပ်ထားတာရှိပါတယ်။ ၇သောင်း၊ ၈သောင်းလောက်ပဲရှိမယ်။ ၁၉နှစ် အထက်ပေါ့နော။ ကာကွယ်ဆေးထိုးနိုင်တာ အဲ့လောက်ပဲရှိမယ်။ တစ်သိန်း၆သောင်းလောက် ပြောပေမယ့် အဲ့ထဲက တစ်ဝက်နီးပါးလောက်ပဲ ကာကွယ်ဆေးကို ထိုးနိုင်မှာပဲဖြစ်တယ်။ ကျန်တဲ့ဟာက ဆေးရဲ့ကန့်သတ်ချက်အရက အားလုံးထိုးလို့မဖြစ်ဘူး။ အဲဒီစာရင်းတွေကလည်း ကျတော်တို့ဆီမှာရှိပြီးသားပါ။ ကျတော်တို့ စာရင်းတွေကောက်ယူပြီးသား စုဆောင်းမှုတွေ လုပ်နေတယ်။ အဲဒါတွေ အတွက်ပေါ့။
ကန္တာရဝတီတိုင်း(မ်) ။ ။ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ကျေးရွာ ရပ်ကွက်တွေမှာ ကိုဗစ်ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ချိတ်ဆက်ဆောင်ရွက်မှု အခြေအနေဘယ်လိုရှိလဲ။
ခွန်းဖိလစ် ။ ။ အရင်တုန်းက ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွေလုပ်တာ ရွာသားတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဝန်ထမ်းတွေပဲသွားထားရင် အဆင်မပြေဘူး။ တစ်ခါတစ်လေကျ လုံခြုံရေးအရ စဉ်းစားတဲ့အခါ ရွာသားတွေနဲ့ညှိနှိုင်းတယ်။ ရွာသားတွေပူးပေါင်းပါဝင်ပြီး ဂိတ်တွေစောင့်ကူတာမျိုး၊ လိုအပ်တဲ့ Mask တို့၊ လက်သန့်ဆေးရည်တို့ ပေးတာရှိတယ်။ ပြီးတော့ CsO၊ NGOs တို့နဲ့လည်း အခါအားလျော်စွာ ပူးပေါင်းတာရှိတယ်။ Save the Children တို့ IRC တို့ကနေပြီး ကျတော်တို့ကို ကာကွယ်ရေးနဲ့ ပတ်သက်ပြီး လှူဒါန်းတဲ့ဟာကို တဆင့် လူထုကြားမှဝေမျှတာတွေ ပညာပေးတာတွေ အမြဲတမ်းရှိပါတယ်။
ကန္တာရဝတီတိုင်း(မ်) ။ ။ ကြားခံ တတိယအဖွဲ့အစည်း (Third Party) အနေနဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးပေးမယ့်အပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုမြင်လဲ။
ခွန်းဖိလစ် ။ ။ စစ်ကောင်စီကတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး မလုပ်နိုင်ဘူး။ မလုပ်တတ်ဘူးဆိုတာက လက်ရှိ မြန်မာပြည်မှာ ရောဂါကူးစက်နှုန်းနဲ့ သေဆုံးတဲ့နှုန်း ဖြစ်ပုံအရကြည့်ရင် သိသာပါတယ်။ Third Party အနေနဲ့ တခြား Unicef တို့လို UN အဖွဲ့အစည်းအောက်က လုပ်တာက ပိုစည်းစနစ်ကျ ပိုထိရောက်ပြီး လူထုအပေါ်မှာ အကျိုးပိုရှိလိမ့်မယ်။ အဲ့ကိစ္စနဲ့ပတ်သက်လို့ ငြင်းစရာမရှိပါဘူး။ Third Party လုပ်မယ်ဆိုပြီးတော့ သူ့လူနဲ့သူခွဲပြီးတော့ ဝင်လာတာမဟုတ်ဘဲနဲ့ ဥပမာ- ကျတော်တို့က ဖြစ်စေချင်တာ ပြည်တွင်းမှာရှိပြီးသား လုပ်သားအင်အား ဥပမာ- EHO မှာလည်း ကျန်းမာရေးဝန်ထမ်းတွေ အများကြီးရှိတယ် အဲ့လိုမျိုး။ လိုအပ်တဲ့နည်းပညာ ထောက်ပံ့ပေးပြီးတော့ သင်တန်းတွေလုပ်ပြီး သူ့ဒေသသူထိုးတာမျိုး ဖြစ်ပါလိမ့်မယ်။ အစုလိုက်အဖွဲ့လိုက် အားလုံးလာထိုးတာမျိုးတော့ ကျတော့်တို့အနေနဲ့ အဲ့လိုမျိုး နားမလည်ထားဘူး။ UNက Third Party အနေနဲ့ အားလုံး စီမံခန့်ခွဲမှု လုပ်မယ်ဆိုတာမှန်ပေမယ့် ဒေသမှာရှိတဲ့ EHO တွေနဲ့ CSOs တွေကို ပူးပေါင်းပြီးတော့မှ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ နားလည်တယ်။
ကန္တာရဝတီတိုင်း(မ်) ။ ။ ကိုဗစ်ကာကွယ်ဆေးရရှိတဲ့အချိန်ကျရင် ဘယ်လိုသူတွေကို ဦးစားပေးထိုးနှံသွားမလဲ။
ခွန်းဖိလစ် ။ ။ ကျတော်တို့က အရင်ဆုံး Priority ချရမယ်။ ဦးစားပေးအနေနဲ့ တွက်ချက်ရမယ်။ အဲ့လိုတွက်ချက်တဲ့နေရာမှာ လူနာတွေကို အမြဲတမ်းကူညီနေမယ့် ပထမဆုံးကျတော့်အနေနဲ့ ကျန်းမာရေးလုပ်သားတွေနဲ့ လူမှုရေးလုပ်သားတွေ ပြီးတော့မှ အသက်ကြီးပြီးတော့ ရောဂါအခံ သွေးတိုးတို့၊ ဆီးချိုအခံရှိတဲ့သူတွေ အဲ့လိုပါမယ်။ ဒါပေမယ့် ဒါကလည်း ကျတော်က စဉ်းစားပြီးပြောတာ လူတိုင်းက ခုပုံမှန် နိုင်ငံ တော်တော်များများက Priority ချ အဲ့လိုစဉ်းစားချက်နဲ့ပဲ တကယ်တမ်းကျ အချိန်နဲ့ ကိုက်ညီအောင်တော့ ဒေသအတွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ကျတော်တို့ CsO ပဲဖြစ်ဖြစ်၊ EAOပဲဖြစ်ဖြစ် နည်းနည်းပါးပါး ကျတော်တို့ ပြန်ညှိနှိုင်းရမယ်ထင်တယ်။ အများသဘောတူညီချက်နဲ့လုပ်လို့ရှိရင် အရှုပ်အရှင်းပိုကင်းမှာပေါ့။ သို့မဟုတ် ကျတော်တို့က တစ်ဖက်သတ်ပဲ လုပ်လိုက်လို့ရှိရင် သူကျတော့ရတယ်၊ ငါကျမရဘူးဆိုတဲ့ မျိုးက အမြဲတမ်းကြုံနေရတယ်။ ဒီပြဿနာတွေက သေချာ တတ်နိုင်သလောက် ညှိနှိုင်းပြီးတော့မှ Priority ချပြီးတော့မှ ဆက်လုပ်သွားမယ်လို့ အဲ့လိုပဲစဉ်းစားထားတယ်။
ကန္တာရဝတီတိုင်း(မ်) ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းသော်လည်းကောင်း၊ NUG အစိုးရသော်လည်းကောင်း ကရင်နီပြည်နယ်လူထုကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုပူးပေါင်းဆောင်ရွက်သွားဖို့ရှိလဲ။
ခွန်းဖိလစ် ။ ။ ပုံမှန်ကတော့ တိုင်းရင်းသားဒေသမှာ အခြေခံကျန်းမာရေးစောင့်ရှောက်ဖို့အပြင် ကာကွယ်ဆေးကိစ္စရပ်တွေက အမြဲတမ်း အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုရင် အထူးသဖြင့် အရင်အစိုးရတွေက ပြောခဲ့တယ်။ Head to Read တို့ veral Heard to read တို့ဆိုတာက တကယ်တမ်းတော့ တိုင်းရင်းသားတွေ သွားလာနိုင်တဲ့နေရာ တိုင်းရင်းသား အဖွဲ့အစည်းတွေ လုပ်နိုင်တဲ့နေရာဆိုတော့ တစ်ခါတလေကျတော့ ကျတော်တို့ဒေသမှာရှိတဲ့ဟာ လူထုတွေအားလုံးကာကွယ်ဆေးနဲ့ အခြေခံစောင့်ရှောက်မှုတွေ သာတူညီမျှရရှိဖို့ဆိုတာ ကြိုးစားသွားရမှာဖြစ်တယ်။ အဲ့လိုရဖို့အတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေ INGO တွေ NUG အစိုးရအနေနဲ့ တိုင်းရင်းသားဒေသရဲ့အခြေအနေကို နားလည်လက်ခံမယ်ဆိုတဲ့စိတ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။
ကန္တာရဝတီတိုင်း(မ်) ။ ။ လူထုတွေကို ကိုဗစ်ကျန်းမာရေးအသိပညာပေး ဘယ်လိုတိုက်တွန်းချင်လဲ။
ခွန်းဖိလစ် ။ ။ ဒီအချိန်မှာတော့ လူတိုင်းခက်ခဲကြတယ်လေ။ စစ်ဒဏ်ကြောင့်ပြေးရတာက တစ်ဖက်၊ ရောဂါကိုကြောက်ရတာကတစ်ဖက် ခက်ခဲတဲ့ ဒီချိန်မှာ။ ဒါပေမယ့် အကောင်းဆုံးကတော့ ကြိုတင်ကာကွယ်ရမယ့်နည်းလမ်းတွေက အရင်ကတည်းက ပိုစတာ တော်တော်များများ ထုတ်ထားပြီးသား Mask တပ်ပါ၊ လက်ဆေးပါ လူစုလူဝေးရှောင်ပါတို့ အခြားနေရာ ခရီးသွားလာမပြုဖို့ ၊ အဲ့အတိုင်းပဲ ဆက်ပြီးလိုက်နာကြဖို့ တစ်ဖက်ကလည်း ဒီချိန်မှာစစ်ရေးက ပြီးသွားပြီလားလည်း ရောဂါဘေးကတစ်ဖက် အိမ်ပြန်နေစရာလည်းမရှိ ကုန်ဈေးနှုန်းတွေလည်း တအားတက်တာတို့ ဒီချိန်မှာ ကျတော်တို့အားလုံးအပါအဝင် လူထုကလည်း ဒီအခက်အခဲကို ကျော်လွှားနိုင်အောင် ကြိုးစားရမှာပဲ။ ကျတော်တို့ ကရင်နီလူမျိုးတွေဆိုတာက လူများစုလည်းမဟုတ်ဘူးလေ။ လူနည်းစုပဲဖြစ်ခါကျတော့ ကျန်းမာရေးကို ဂရုစိုက်သင့်တယ်။ ကျန်းမာရေးဌာန၊ အခြားသော INGOတွေ ထုတ်ပြန်ထားတဲ့ ကိုဗစ်နဲ့ ပတ်သက်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်ရမယ့်အချက်တွေ အဲဒါတွေကို လိုက်နာကြဖို့ ကျတော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။
ကန္တာရဝတီတိုင်း(မ်) ။ ။ ကျေးဇူးတင်ပါတယ်။