မြန်မာနိုင်ငံထွက် မတ်ပဲ တန်ချိန် နှစ်သိန်းခွဲကို ၂၀၂၁ မှ ၂၀၂၆ ခုနှစ်အထိဝယ်ယူရန် အိန္ဒိယနိုင်ငံက စစ်ကောင်စီလက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာနနှင့် ဇွန်လ ၂၄ ရက်က စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကထွက်ရှိသော မတ်ပဲ တန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံ တန်ချိန် တစ်သိန်းကို နှစ်စဉ်ဝယ်ယူမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပဲ၊ နှမ်းကုန်သည်အသင်းမှ ဦးကျော်ခိုင်မြင့်က ပြောသည်။
ကုန်သွယ်ခွင့် လိုင်စင်မလိုဘဲ တင်သွင်းခွင့်ရမည်ဖြစ်ပြီး နှစ်စဉ် မတ်ပဲတန်ချိန် နှစ်သိန်းခွဲ တင်သွင်းခွင့်ရမည်ဖြစ်သောကြောင့် တောင်သူများ မတ်ပဲကို ပိုစိုက်ပျိုးကြရန် ၎င်းကပြောသည်။
“၂၄ ရက်နေ့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်ကို ငါးနှစ်တိတိပေါ့။ ၂၀၂၁ ကနေ ၂၀၂၆ ထိ တစ်နှစ်ကို မတ်ပဲ တန်ချိန် နှစ်သိန်းခွဲနဲ့ ပဲစင်းငုံ တန်ချိန် တစ်သိန်းကို MOU ထိုးတယ်။ ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ နှစ်စဉ် အိန္ဒိယကို တန်ချိန်နှစ်သိန်းခွဲ ပို့ခွင့်ရတာပေါ့” ဦးကျော်ခိုင်မြင့်က ပြောပါတယ်။
ယခင်က တောင်သူတွေအတွက် ဈေးကွက်ခိုင်မာမှု မရှိသော်လည်း ယခု MOU ကြောင့် မတ်ပဲဈေးကွက်ကတော့ ပြန်လည်ခိုင်မာလာမည်ဖြစ်ပြီး မတ်ပဲစိုက် တောင်သူတွေအနေဖြင့် စိုက်ဧကတိုးကာ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
လက်ရှိ မတ်ပဲဈေးနှုန်းသည် အတက်အကျ အနည်းငယ်ရှိနေပြီး မတ်ပဲ တန် ၆၀ ကို ၁၆၀၅၀၀ ကျပ်မှ ၁၇၀၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသော မတ်ပဲကို အိန္ဒိယက အဓိကဝယ်ယူနေခြင်းဖြစ်ပြီး ပါကစ္စတန်၊ နီပေါ၊ တောင်ကိုးရီးယား၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှားနှင့် ဂျပန်နိုင်ငံတို့ကလည်း ဝယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။