နိုင်ငံရေးမတည်ငြိမ်သော်လည်း အရည်အသွေးမြင့်ရော်ဘာပြား ပြည်ပမှ ဝယ်ယူမှုမြင့်တက်

နိုင်ငံရေးမတည်ငြိမ်သော်လည်း အရည်အသွေးမြင့်ရော်ဘာပြား ပြည်ပမှ ဝယ်ယူမှုမြင့်တက်
by -
စိုင်းထွန်းစံ (MNA)

မွန်ပြည်နယ် ရော်ဘာဈေးကွက်အတွင်း အရည်အသွေးမြင့် ရော်ဘာပြား (အပါး) ကို ပြည်ပမှ ဝယ်ယူမှုများလာကြောင်း ပြည်နယ်ရော်ဘာလုပ်ငန်းရှင်များအသင်းမှ ဦးအောင်ရွှေက ပြောသည်။

ယခုလို နိုင်ငံရေးမတည်မငြိမ်ဖြစ်နေစဉ် မြန်မာနိုင်ငံမှ ရော်ဘာပြား (အပါး) ကို ဈေးကောင်းပေးကာ မှာယူမှုများလာသောကြောင့် တောင်သူများအတွက် အကျိုးရှိလာမည်ဟု ဆိုသည်။

"ကမ္ဘာ့ဝယ်လိုအားကြောင့် RSS 1 ဈေးကောင်းလာတော့ အရင် အထူပြားလုပ်တဲ့သူ တော်တော်များများက အပါးပဲ လုပ်လာကြတယ်လေ။ အပါးက နည်းနည်းဈေးကွက်ရှိလာတယ်။ အရင်ထဲက ကျွန်တော်တို့ ရော်ဘာအသင်းအနေနဲ့ စည်းရုံးတယ်။ အပါးလုပ်ပေးဖို့။ အခု စည်းရုံးစရာမလိုတော့ဘူး။ ဈေးကွက်က ပေါ်ပေါ်ထင်ထင်ဖြစ်လာတာပေါ့" ဟု ဦးအောင်ရွှေက ပြောသည်။

ရော်ဘာပြားအပါးကို တရုတ်နိုင်ငံက အဓိကဝယ်ယူခဲ့သော်လည်း ယခုအခါ အိန္ဒိယနှင့် စင်ကာပူနိုင်ငံကပါ ဝယ်ယူရန် ကမ်းလှမ်းလာကြောင်း၊ ထို့ကြောင့် လာမည့်နှစ်တွင် ပြည်ပကို ပိုမိုတင်ပို့ရောင်းချနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၄င်းက ဆက်ပြောသည်။

အဆင့်မြင့် ရော်ဘာပြား (အပါး) များများထုတ်နိုင်မှသာ ဈေးကွက်ဖြစ်ပေါ်လာမည်ဖြစ်သည့်အတွက် လုပ်ငန်းရှင်အပါအဝင် တောင်သူများအနေဖြင့် စက်ရုံငယ်များရင်းနှီးမြှုပ်နှံ၍ ရော်ဘာပြား (အပါး) ထုတ်လုပ်ကြဖို့ တိုက်တွန်းထားသည်ဟု ၄င်းကဆိုသည်။

သံဖြူဇရပ်မြို့နယ်မှ ရော်ဘာလုပ်ငန်းလုပ်ကိုင်သူ ကိုမောင်ခိုင်က "အရင်ကတော့ ကျွန်တော်တို့က အထူပဲလုပ်တာ။ မြန်တယ်လေ။ ဘာမှလုပ်စရာလည်းမလိုဘူး။ လှန်းရုံပဲလေ။ ဈေးကတော့ သိပ်မရဘူးပေါ့။ အခုတော့ သေချာသန့်စင်တယ်။ ခဲ၊ သဲ မပါအောင်စစ်တယ်။ အချိန်တော့အရမ်းမပေးရဘူး။ ဈေးကောင်းလည်းရတယ်" ဟု ပြောသည်။

ယခုနောက်ပိုင်းမှာ သန့်စင်ရော်ဘာပြားကို လုပ်ကိုင်လာသူများလာပြီး တစ်ချို့တောင်သူများက ၎င်းတို့လိုချင်သော ဈေးရရှိသည့်အချိန်မှသာ ထုတ်ရောင်းကြကြောင်း ၄င်းက ဆက်ပြောသည်။

လက်ရှိတွင် RSS 1 တစ်ပေါင် ၉၆၀ ကျပ်မှ ၁၀၀၀ ထိ ပေါက်ဈေးရှိနေပြီး Local တစ်ပေါင် ၈၀၀ ကျပ်ဝန်းကျင်ခန့် ပေါက်ဈေးရှိနေကြောင်း သိရသည်။

 

အကယ်၍ ပြည်ပဝယ်လိုအား မြင့်တက်လာပါက ရော်ဘာဈေးကွက် ပြန်လည်ကောင်းမွန်းလာမည်ဖြစ်ပြီး တောင်သူများလည်း အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း၊ ထို့ပြင် ရော်ဘာဈေးကွက် ပိုမိုခိုင်မာလာစေရန်အတွက် ပြည်နယ်အဆင့် အာဏာပိုင်အဖွဲ့အစည်း (သို့မဟုတ်) NGO ကဲ့သို့ အဖွဲ့အစည်းများမှလည်း ဝိုင်းဝန်းပံ့ပိုးပေးဖို့ တောင်းဆိုလိုကြောင်း ဦးအောင်ရွှေက ပြောသည်။

 

မြန်မာနိုင်ငံ ရာဘာထုတ်လုပ်မှု၏ ၄၉ ရာခိုင်နှုန်းသည် မွန်ပြည်နယ်မှ ထွက်ရှိလာခြင်းဖြစ်ပြီး တနှစ်လျှင် ရာဘာတန်ချိန် တစ်သိန်းကျော်ထုတ်လုပ်လျက်ရှိကာ တနိုင်ငံလုံး ရာဘာစိုက်ဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...