အဝေးသင်တက္ကသိုလ်ကျောင်းသားများကို ဇူလိုင်လတွင် ကျောင်းအပ်လက်ခံရန် စစ်ကောင်စီစီစဉ်

အဝေးသင်တက္ကသိုလ်ကျောင်းသားများကို ဇူလိုင်လတွင် ကျောင်းအပ်လက်ခံရန် စစ်ကောင်စီစီစဉ်
by -
စိုင်းထွန်းစံ (MNA)

၂၀၂၁ ပညာသင်နှစ် အဝေးသင်တက္ကသိုလ်အသီးသီးမှ ကျောင်းသားများကို ဇူလိုင်လလယ်ခန့်မှစတင်၍ ကျောင်းအပ်ခြင်း၊ ကျောင်းပြောင်းခြင်း၊ မေဂျာပြောင်းလဲခြင်းနှင့် စာစဉ်ထုတ်ယူခြင်းများ ပြန်လည်လက်ခံမည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်အဝေးသင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက “လောလောဆယ်တော့ ကျောင်းအပ်ဖို့ပဲ ညွှန်ကြားထားတယ်။ အခြားကျောင်းတက်ရက်တွေတော့ တိတိကျကျ ဘာမှမပြောလာသေးဘူး။ ရောဂါအခြေအနေတွေလည်း ရှိသေးတယ်ဆိုတော့” ဟု ပြောသည်။

ယခင်ကျောင်းမပိတ်ခင် ကျောင်းအပ်နှံထားသူများသည် ပြန်လည်အပ်ရန်မလိုကြောင်းနှင့် စာစဉ်ဖြေဆိုပြီးသူများနေဖြင့် ယခင်စာစဉ်များကိုသာ အမှတ်ပေးသွားမည်ကြောင်း မော်လမြိုင်အဝေးသင်ဌာနခွဲမှ သိရသည်။

သိပ္ပံဘာသာရပ် (ပထမအသုတ်) ကို သင်တန်းကာလ၏ စနေနှင့် တနင်္ဂနွေရက်များတွင် တက်ရောက်စေပြီး အောက်တိုဘာလ ပထမအပတ်နှင့် ဒုတိယအပတ်တွင် စာမေးပွဲကာလဖြစ်ပြီး ဝိဇ္ဇာတွဲ (ဒုတိယအသုတ်) ကို အောက်တိုဘာလ တတိယအပတ်တွင် အနီးကပ် ၁၀ ရက်တက်ရောက်ရမည်ဖြစ်၍ စာမေးပွဲကာလကို နိုဝင်ဘာလ ပထမအပတ်တွင် ဖြေဆိုရမှာဖြစ်ကြောင်း အဝေးသင်ဌာနအသီးသီး၏ လျာထားထုတ်ပြန်ချက်များအရ သိရသည်။

အလားတူ ဝိဇ္ဇာတွဲ့ (တတိယအသုတ်) ကိုလည်း နိုဝင်ဘာလ ဒုတိယအပတ်နှင့် တတိယအပတ်တွင် အနီးကပ်တက်ရောက်ရမည်ဖြစ်၍ စတုတ္တအပတ်တွင် စာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်းလည်း သိရသည်။

မော်လမြိုင်အဝေးသင်တက္ကသိုလ် တတိယနှစ်ကျောင်းသားတစ်ဦးက “သိပ္ပံတွဲကနေစပြီးတော့ စဖွင့်သွားမယ်လို့တော့ကြားတယ်။ ကျောင်းတက်မတက်ဆိုတာက ကိုယ့်ရဲဆန္ဒနဲ့ကိုယ်ပေါ့နော်။ day သမားတွေတောင် တက်မဲ့သူမရှိဘူးဆိုတော့ အဝေးသင်လည်း နည်းမယ်ထင်တယ်” ဟု ပြော သည်။

ပညာရေးဝန်ကြီးဌာန အဆင့်မြင်ပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်ရှိ နောက်ဆုံးနှစ်ကျောင်းသားများ ကျောင်းတက်ရန် မေ ၅ ရက်တွင် ပြန်လည်ဖွင့်လိုက်သော်လည်း ကျောင်းသား၊ ကျောင်းသူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သာ တက်ရောက်ကြ ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ စတင်တွေ့ရှိခြင်းကြောင့် မော်လမြိုင်တက္ကသိုလ်တွင် ကျင်းပလျှက်ရှိသော ပထမနှစ်ဝက် စာမေးပွဲအားလုံးနှင့် အဝေးသင်သင်တန်း၏ ကိစ္စရပ်များအားလုံးကို ၂၀၂၀ ခုနှစ် မတ် ၂၄ ရက်က စတင်ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

လက်ရှိ ကိုဗစ်တတိယလှိုင်း တစ်ကျော့ပြန်ကူးစက်မှုတွင်လည်း မော်လမြိုင်က္ကသိုလ်အတွင်း ကျောင်းသားကျောင်းသူများ၊ ဝန်ထမ်းများအပါဝင် စုစုပေါင်း တစ်ရာကျော် ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း မော်လမြိုင်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...