ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးထားသူ အစိုးရဝန်ထမ်းသုံးဦးတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိရပြီး လက်ရှိ တတိယလှိုင်း ကိုဗစ်ကာလအတွင်း ပိုးကူးစက်ခံရသူမှာ ၉၀ ဦးထိ မြင့်တက်လာသဖြင့် လူထုအကြားစိုးရိမ်မှုများ တိုးပွားနေကြောင်း သိရသည်။
ဇွန်လ တတိယအပတ်အတွင်း ကိုဗစ်ပိုးကူးစက်ခံထားရသူ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် ဝန်ထမ်းသုံးဦးမှာ ကာကွယ်ဆေးထိုးထားသူများဖြစ်ကြသည်ဟု မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက ပြောကြားသည်။
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းတွင် ကိုဗစ်ပိုးတွေ့ရှိသူ ခုနစ်ဦးရှိကြောင်း သိရသည်။
ယနေ့ ဇွန် ၂၅ ရက်နေ့တွင် သံတွဲခရိုင်၊ ငပလီမြို့ ဂျိတ်တောကျေးရွာအုပ်စု ကျွဲသောက်ကုန်း (အလက) ကျောင်းမှ ကိုဗစ်ပိုးတွေ့ရှိခဲ့သူ ကျောင်းဆရာမ၏ မိသားစုဝင် နောက်ထပ် ၃ ဦးတွင် ယနေ့နံနက်က ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့သည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်ပိုင်က ပြောသည်။
“ကျွန်တော်တို့ အဲဒီဆရာမနဲ့ ထိတွေ့သူ ရောဂါကူးစက်နိုင်ခြေရှိသူ ကျောင်းဆရာ၊ ဆရာမတွေလည်းပါတယ်။ သူ့မိသားစုလည်းပါတယ်။ အယောက် ၂ဝ ကိုစစ်တယ်။ အဲဒီထဲက သုံးယောက် positive ထွက်တာ” ဟု ၎င်းကပြောသည်။
ငပလီမြို့ ဂျိတ်တောကျေးရွာအုပ်စု ကျွဲသောက်ကုန်း (အလက) ကျောင်းမှ ကျောင်းဆရာမတစ်ဦးတွင် ဇွန် ၂၄ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ယနေ့တွင် သူမ၏ မိသားစုသုံးဦးတွင် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။
၄င်းအပြင် ယမန်နေ့က မောင်တောမြို့၊ ရပ်ကွက် (၆) မှ အမျိုးသမီးတစ်ဦးမှာ အနံ့မရတော့သဖြင့် မောင်တောမြို့နယ်ဆေးရုံသို့ လာရောက်စစ်ဆေးရာတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံကပြောသည်။
ရခိုင်တွင် ဇွန် ၂၃ ရက်ကလည်း တစ်နေ့တည်း၌ မြို့နယ်သုံးခုတွင် ကိုဗစ်ပိုးတွေ့ရှိသူ ခြောက်ဦးရှိကြောင်း သိရသည်။
ထိုခြောက်ဦးအထဲတွင် ခရီးသွားမှတ်တမ်းမရှိဘဲ ဇွန် ၂၁ ရက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့် စစ်တွေမြို့၊ မင်းဂံအကွက် ၇ ရပ်ကွက်မှ အမျိုးသမီးနှင့်ထိတွေ့သည့် သူမ၏ မိသားစုဝင်သုံးဦးပါဝင်သည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် မေ ၁၂ ရက်မှ ဇွန် ၂၅ ရက်အထိ ကိုဗစ်ပိုးတွေ့ရှိသူ သံတွဲတွင် ခြောက်ဦး၊ မောင်တောတွင် ၇ ဦးနှင့် စစ်တွေတွင် ၇၇ ဦး စုစုပေါင်း အယောက် ၉ဝ ရှိပြီဖြစ်သည်။