စစ်ကိုင်းတိုင်း ကလေးမြို့ ဆိပ်ကမ်းသာတံတားနီးတွင် အသက် (၁၈) နှစ်အောက် လူငယ်သုံးဦးနှင့် ဦးလေးဖြစ်သူကို ယနေ့ (ဇွန် ၂၅ ရက်) မနက် (၈) နာရီဝန်းကျင်က စစ်ကောင်စီက နေအိမ်အတွင်းထိ ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း ကလေးမြို့ဒေသခံတစ်ဦးမှ သိရသည်။
"လေးယောက်လာဖမ်းတုန်းက ကလေးတွေက အိပ်နေသေးတယ်။ သုံးယောက်က အသက်မပြည့်သေးဘူး။ ကလေးတွေက တစ်ယောက်ကပဲ ၂၀ ကျော်ရှိတယ်။ ကျန်တဲ့ကလေးတွေက အသက်မပြည့်သေးဘူး။ ဟိုတလောက (၂၀) ရက်နေ့ ဖမ်းထားတဲ့ လူငယ်သုံးဦးလေ။ ကလေးဝလမ်းမပေါ်ထားတဲ့သူတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ကြားတယ်။ ဘာကြောင့်ဖမ်းထားတာလဲတော့ အတိအကျမသိသေးဘူး" ဟု ကလေးမြို့ဒေသခံတစ်ဦးကပြောသည်။
ယနေ့မနက် ဖမ်းဆီးခံရသည့်သူများမှာ Thang Biak lien အသက် ၁၇ နှစ်၊ Mang kim khuol အသက် ၁၆ နှစ်၊ Thang Gin Hang အသက် ၁၄ နှစ်နှင့် ဦးလေးဖြစ်သူ Suan Lam khai အသက် ၂၇ နှစ်တို့ ဖြစ်ကြသည်။
ဇွန် (၂၀) ရက် နံနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်က အဖမ်းခံရသည့် မောင်ကျော်မင်းခန့်မောင်သည်လည်း ယနေ့ချိန်ထိ သတင်းတစ်စုံတရာ မကြားသိရသဖြင့် အလွန်စိုးရိမ်နေကြောင်း မိဘဖြစ်သူများက ပြောသည်။
"အခုချိန်ထိ သူနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဘာမှမကြားရဘူး။ သူ့ကို ဘယ်မှာရှိမှန်းလည်းမသိဘူး။ ကျန်းမာရေးကအစ ဘာတစ်ခုမှမသိရဘူး။ ရဲတွေဘက်ကလည်း ဘာမှ အကြောင်းမကြားထားသေးဘူး။ ကျွန်တော်တို့ ထမင်းတွေဘာတွေပို့ဖို့ တောင်းဆိုပေမဲ့လည်း သူတို့က ခွင့်မပြုဘူး" ဟု မောင်ကျော်မင်းခန့်မောင်၏ ဖခင်ကပြောသည်။
Published
Friday, June 25, 2021
ကလေးမြို့တွင် အသက်မပြည့်သေးသည့် လူငယ်သုံးဦးနှင့် ဦးလေးဖြစ်သူကို စစ်ကောင်စီက နေအိမ်အတွင်းထိ ၀င်ဖမ်း